သမ္မတ ဦးသိန်းစိန် တက်ရောက်မည့် အိန္ဒိယ-အာဆီယံထိပ်သီး မတိုင်မီ တရက်အလိုတွင် နယူးဒေလီမြို့ရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများက ဆန္ဒပြပွဲတရပ်ကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ကြသည်။
ကချင်ပြည်နယ်တွင်း အစိုးရတပ် ထိုးစစ်များ ပြင်းထန်လာခြင်းနှင့် လက်ပံတောင်း ကြေးနီစီမံကိန်း သပိတ်စခန်းများ အား အကြမ်းဖက်ဖြိုခွင်းခြင်းများကို ထောက်ပြပြီး မြန်မာနိုင်ငံအတွင်း စိုးရိမ်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲဖြစ်သည်ဟု ဆန္ဒပြသူများက ဆိုသည်။
“ဦးသိန်းစိန်ဟာ သူ့ သမ္မတ သက်တမ်းအတွင်းမှာ ဒုတိယအBကိမ် လာတာဖြစ်တယ်။ ဦးသိန်းစိန် လက်ထက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ပွဲတွေ ပိုများလာနေတယ်။ မြန်မာအစိုးရက ၂ဝ၁၄ မှာ အာဆီယံမှာ သဘာပတိ ဝင်တော့မှာ။ အဲဒါကို ပြန်စဉ်းစားဖို့ အိန္ဒိယနဲ့ အာဆီယံကို တိုက်တွန်းတာပေါ့။ အိန္ဒိယနိုင်ငံနဲ့ အာဆီယံ ခေါင်းဆောင် တွေအတွက် အချိန်ကောင်းလို့ ကျနော် မြင်တယ်” ဟု ဒေလီ မြန်မာ့ရေးရာဌာန (BCD)မှ တာဝန်ခံ ကိုကင်မ် က ပြောဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် အိန္ဒိယမှ အကောင်အထည်ဖော်နေသော ကုလားတန် ဘက်စုံစီမံကိန်းနှင့် ပတ်သက်၍လည်း “အိန္ဒိယအနေနဲ့ ကုလားတန် ဘက်စုံစီမံကိန်း လုပ်တဲ့နေရာမှာ သဘာဝ ပါတ်ဝန်းကျင်၊ လူမှုရေး စစ်တမ်းတွေ လုပ်ရမယ်။ ပြည်သူလူထုရဲ့ ပါဝင်မှု ဘယ်လောက် ရှိတယ်ဆိုတာ ယူရမယ်လို့ အိန္ဒိယအစိုးရကို အကြံပြုတယ်။ အဲလိုမှမဟုတ်ရင် အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံသို့ လာရောက်ကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနေနှင့် ဆားလင်းကြီးမြို့နယ်၊ ကြေးနီစီမံ ကိန်းမှ သင်ခန်းစာများ ရယူသင့်ကြကြောင်းလည်း ရွှေဝါရောင် ကျောင်းတိုက်မှ ဦးပညာဇောတကမိန့်ကြား သည်။
“အိန္ဒိယအစိုးရ အပါအဝင် နိုင်ငံတကာက ရင်းနှီးမြုပ်နှံကြတယ်။ ပြည်သူတွေအတွက် မဟုတ်ဘဲနဲ့ လက်ဝါးကြီး အုပ်ပြီး စီးပွားရေးလုပ်နေတဲ့ ဦးပိုင်ကုမ္ပဏီလိုဟာမျိုးအတွက် ရင်းနှီးမြုပ်နှံမှုတွေ ရှိလာပြီဆိုတဲ့တွေဟာ အင်မတန် စဉ်းစားပြီး အလုပ်လုပ်ကြပါ။ လက်ပံတောင်းတောင် တက်တဲ့ ပြဿနာမျိုးတွေ၊ သင်ခန်းစာတွေ ရကောင်းရနိုင်ပါ တယ်။ သတိထားဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်” ဟု မိန့်ဆိုသည်။
အင်အား ရဝ ခန့် ပါဝင်သည့် ဆန္ဒပြသူများက မြို့လယ်ရှိ ဂျန်တားမန်တား အရပ်တွင် တနာရီကြာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ဆန္ဒပြသူများမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ကတည်းက ငါးရက်ကြာ ထိုင်သပိတ် ဆင်နွှဲနေကြခြင်းဖြစ်ပြီး အိန္ဒိယ-အာဆီယံ ထိပ်သီးအစည်းအဝေး ပြီးဆုံးမည့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်လည်း ချီတက်ဆန္ဒပြပွဲတရပ် ဆင်နွှဲသွား ဦးမည်ဟု သိရှိရသည်။
သမ္မတ ဦးသိန်းစိန်သည် ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလ အတွင်းကလည်း အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေး ခရီးအဖြစ်
လေးရက်ကြာ လာရောက်ခဲ့ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အိန္ဒိယမှ ဒေါ်လာ သန်း ၅ဝဝ တန် ချေးငွေ ရရှိခဲ့သည်။