ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်း၊ မြိတ် ခရီးစဉ် ဟောပြောပွဲအတွက် နေရာ
ပြင်ဆင်မှု ပြုလုပ်စဉ် သောကြာနေ့ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်တွင် အသေးစား ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပြီး ကွင်းသန့်ရှင်းရေး လုပ်နေသည့် အမျိုးသမီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသ အုပ်ချုပ်ရေး အဖွဲ့ဝင်များ က အတည်ပြု ပြောကြားသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာ တရုတ်ဘုံကျောင်းအနီး ကွင်းပြင်တွင်
ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲ ပြုလုပ်မည် ဖြစ်ပြီး စင် ဆောက်လုပ်ရန်အတွက် ကွင်းသန့်ရှင်း လုပ်စဉ်ပေါက်ကွဲ ဒဏ်ရာ ရရှိခြင်း ဖြစ်သည်။
“ကွင်းသန့်ရှင်းရေး လုပ်တော့ မီးပုံလေးတွေ ပုံတယ်ခင်ဗျာ။ မီးပုံတွေ အမှိုက်တွေ ဝိုင်းထည့်ကြတာပေါ့ခင်ဗျာ။ မီးပုံ တပုံကနေပြီးတော့ ပေါက်ကွဲမှု ဖြစ်ပွားတယ်ခင်ဗျာ” ဟု ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘာဘူ က ပြောသည်။
ထိခိုက်ဒဏ်ရာ ရသူများမှာ ကံမော်ကျေးရွာမှ အသက် ၅၄ နှစ်အရွယ် ဒေါ်ဝင်းကြည်၊ အသက် ၄၄ နှစ်အရွယ်
ဒေါ်ကြည်သန်းနှင့် အသက် ၁၇ နှစ်အရွယ်များ ရှိကြသည့် မမိုးပွင့်ဖြူနှင့် မဇင်ဇင်အေး တို့ ဖြစ်ကြသည်။
ဒေါ်ကြည်သန်းမှာ တင်ပါးအောက် ပေါင် နှစ်ဘက်လုံးတွင်လည်းကောင်း၊ ဒေါ်ဝင်းကြည်မှာ မျက်လုံးအောက် ဝဲဘက် ပါးတွင်လည်းကောင်း ဒဏ်ရာများ ရရှိခဲ့ပြီး အမျိုးသမီးငယ် နှစ်ဦးမှာ ထိရှဒဏ်ရာ အနည်းငယ် ရရှိသွားသည်ဟုလည်း သူက ဆက်ပြောသည်။
ဒဏ်ရာရသူများကို ကံမော်တိုက်နယ် ဆေးရုံသို့ တင်ဆောင် ကုသပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ် မရှိသည့်အတွက် အားလုံး အိမ်သို့ ပြန်သွားကြပြီဟုလည်း သိရသည်။
ဒေသခံများကမူ ဗုံးပေါက်ကွဲမှု ဖြစ်သည်ဟု ဆိုသော်လည်း ဒေသရဲတပ်ဖွဲ့ကမူ မည်သူ့လက်ချက်နှင့် မည်သည့်
ပေါက်ကွဲမှုမျိုး ဖြစ်သည်ကို အတည်မပြုနိုင်ခြင်း မရှိသေးဟု ဆိုသည်။
“ကျောက်ခဲစ ထိတဲ့ သဘောလောက်ပါ။ ရဲတွေကတော့ လောလောဆယ် စစ်ဆေးနေပါတယ်။ ဘာမှ ကြီးကြီး ကျယ်ကျယ် ဒဏ်ရာရတာ မရှိပါဘူး” ဟု ရဲအရာရှိ တဦး က ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ် ရွေးကောက်ပွဲ ကာလတွင် ကျွန်းစုမြို့နယ် အတွင်းရှိ စခန်းသစ်၊ ကံမော်၊ ကျွန်းစု စသည့် ကျွန်းပေါ်ရှိ ကျေးရွာများသို့ သွားရောက်ရန် စီစဉ်ထား သော်လည်း စခန်းသစ်ကျွန်းသို့သာ သွားရောက်နိုင်ခဲ့ပြီး ကျန် ကျွန်းရွာများသို့ မသွားရောက်နိုင်သည့်အတွက် နောင်တွင် ကံမော်ကျေးရွာသို့ လာရောက်မည်ဟု ကတိပေးခဲ့သည့်အတိုင်း လာရောက်မည် ဖြစ်သည်ဟု မြိတ် NLD အဖွဲ့ဝင်များထံမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကော့သောင်းသို့ လေယာဉ်ဖြင့် ရောက်ရှိမည် ဖြစ်ပြီး ၎င်းမှတဆင့် မြိတ်သို့ ရောက်ရှိမည် ဖြစ်သည်ဟု သိရသည်။