နယူးစတားလိုက် ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသည့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ပြ အိမ်ယာမြေစီမံကိန်း လုပ်ငန်းများ အနက် လမ်းတည်ဆောက်ရေးအပိုင်းကို ဂရိတ်ဟော်ခမ်း ကုမ္ပဏီသို့ ယမန်နေ့ နံနက်ပိုင်းက အခမ်းအနားဖြင့် လွှဲပြောင်းလိုက်ကြောင်း သိရသည်။
၄င်းအခမ်းအနားသို့ ဖိတ်ကြားထားသည့် ဧည့်ပရိသတ် ၅၀၀ ခန့် တက်ရောက်ပြီး နယူးစတားလိုက်ကုမ္ပဏီမှ စီမံကိန်းနေရာများ လိုက်လံပြသခဲ့ကြောင်း ကိုယ်တိုင် အခမ်းအနားတက်ရောက်ခဲ့သူ မူစယ်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“လွှဲပြောင်းပွဲ အခမ်းအနားပေါ့နော် နယူးစတားလိုက် ကုမ္ပဏီ MD - ကျော်ကျော်ဝင်း ၊ လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းဖိုးအောင် ၊ ဂရိတ်ဟော်ခမ်း ကုမ္ပဏီ MD - စိုင်းအုန်းမြင့် ၊ ဂရိတ်ဟော်ခမ်း အင်ဂျင်နီယာ ဒုသမ္မတ ဒေါက်တာ စိုင်းမောက် ခမ်းရဲ့တူပေါ့နော် စိုင်းရီမွန်၊ သူတို့က မိန့်ခွန်းပေးတယ်၊ နောက် Power Point နဲ့ စီမံကိန်း ပရော့ဂျက်တွေ ရှင်းပြတယ် ” ဟု ၄င်းမြို့ခံက ပြောသည်။
စီမံကိန်းတည်ဆောက်ရန် အတွက် လယ်ဧက ၁၀၀ ကျော်နှင့် ဥယျာဉ်ခြံမြေ ၁၀၀ ကျော်ကို မူစယ်ဒေသခံများ ထံမှ နယူး စတားလိုက်က လျော်ကြေးပေး၍ သိမ်းယူခဲ့ခြင်းဖြစ်ပြီး မြေအကျယ်အဝန်း ဧက ၂၀၀ ကျော်ရှိကြောင်း သိရသည် ။
အဆိုပါ စီမံကိန်း မစတင်မီက မြေသိမ်းယူခံရသည့် ဒေသခံများကို တည်ဆောက်ရေးလုပ်ငန်းများတွင် ပါ၀င် ဆောင်ရွက် ခွင့်ပြုမည်ဟု နယူးစတားလိုက်ကုမ္ပဏီမှ ပြောကြားခဲ့သော်လည်း ယခုအခါ ဒေသခံများအား ပါ၀င်ခွင့် မပေးပဲ ဂရိတ် ဟော်ခမ်းကုမ္ပဏီသို့လွှဲပြောင်းလိုက်ခြင်း ဖြစ်ကြောင်း နောက်ထပ်ဒေသခံ တစ်ဦးက ပြောသည်။
“ဒီပရော့ဂျက် မစခင်က ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် မူစယ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားတွေ အားလုံး တက်တဲ့ အစည်းအဝေးမှာ မြေသိမ်းခံရတဲ့ဒေသခံတွေကို စီမံကိန်းမှာ ဆောင်ရွက်ခွင့်ပြုမယ်လို့ နယူးစတား လိုက်က ပြောထားတယ် ဒေသခံ တွေက မြေသယ်ကားတွေ ဘာတွေဝယ်ထားကြတယ်ဗျ အခု ဒေသခံတွေကို ပါခွင့်မပြုပဲ နောက်ကုမ္ပဏီတစ်ခုကို လွှဲလိုက်တယ်ဗျာ၊ ဒေသခံတွေဘက်က အရမ်းကိုနစ်နာတယ်” ဟု ပြောသည်။
လက်ရှိတွင် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နေထိုင်ရန် အိမ်တစ်လုံးကို နယူးစတားလိုက် ကုမ္ပဏီမှ ငွေကြေး အကုန်အကျခံကာ ဂရိတ်ဟော်ခမ်းကုမ္ပဏီမှ စိုင်းမောက်ခမ်း၏ တူတော်စပ်သူ အင်ဂျင်နီယာကိုယ် တိုင် တာဝန်ယူဆောက် လုပ်နေကြောင်း သိရသည်။