လက်ပံတောင်း သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းသည် ပြည်သူလူထု အကျိုးစီးပွားအား လုံးဝ မျက်ကွယ်ပြုကာ တိုင်းတပါး အကျိုးစီးပွားနှင့် တပ်မတော်ပိုင် အကျိုးစီးပွားကိုသာ ကာကွယ်ခြင်းဖြစ်သည်ဟု ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC က ပြောဆိုလိုက်သည်။
unfcထို့ပြင် စုံစမ်းရေးကော်မရှင် ဖွဲ့စည်း၍ ဒေါ်အောင်ဆန်းစုကြည်အား တာဝန် ပေးအပ်လိုက်ခြင်းမှာလည်း အစိုးရ၏ မရိုးသားသော လုပ်ရပ်တခုဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ က အခုလို ပြောသည်။
“ဒါကို အစိုးရ အနေနဲ့ပဲ ကိုင်တွယ်ဖြေရှင်း သင့်ပါတယ်။ အခု ဒေါ်အောင်ဆန်း စုကြည်ကို ကော်မရှင် ဥက္ကဋ္ဌ ဦးဆောင် ခိုင်းပြီး ဒီကိစ္စကို ကိုင်တွယ်ခိုင်းတာက ဦးသိန်းစိန် အစိုးရက ခေါင်းရှောင်တဲ့သဘောနဲ့၊ နောက်တမျိုး ဥပမာပေး ပြော လို့ရတာက ဒေါ်အောင်ဆန်းစုကြည် အငှားလက်နဲ့ အစိုးရက မြွှေဖမ်းခိုင်းတာပါ။ အန္တရာယ် ရှိရင်တော့ ဒေါ်အောင်ဆန်း စုကြည် အပေါ်ကျမှာပေါ့။ ဒါက မရိုးသားတဲ့ လုပ်ရပ် တခုပါ” ဟု မဇ္စျိမကိုပြောသည်။
ဒီဇင်ဘာလ ၁ဝ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် UNFC ကြေညာချက်တွင် အစိုးရ အနေနှင့် ဖော်ပြပါ အကျိုးစီးပွား နှစ်ရပ်အပေါ် အကာအကွယ် ပေးကာ ယင်း အကျိုးစီးပွား နှစ်ရပ်အပေါ် ထိပါးလာခဲ့လျှင် လုံးဝ သည်းခံ ခွင့်လွှတ်မည် မဟုတ်ဘဲ အခြေခံလူတန်းစား အကျိုးစီးပွားကို လုံးဝ မျက်ကွယ်ပြုလိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ထို့အပြင် အစိုးရအနေနှင့် ပြတ်ပြတ်သားသား တာဝန်ယူ ဆောင်ရွက်ရမည့် ကိစ္စ၌ ဒေါ်အောင်ဆန်းစုကြည်ကို “ကြားခံ” လူအဖြစ် သဘောထားခြင်းသည် “နိုင်ငံရေး ဘော်လီဘော ပုတ်ခြင်း”သာ ဖြစ်သည်ဟုလည်း ကြေညာချက် က ဆိုသည်။
ဆန္ဒပြ ပြည်သူများနှင့် ရဟန်း သံဃာများအပေါ် အရေးယူ ကိုင်တွယ်ထားခြင်းမှာ အစိုးရမှ ကိုင်တွယ်ထားခြင်း ဖြစ်ပြီး ဦးသိန်းစိန် အစိုးရမှ လက်ပံတောင်း ဖြစ်စဉ်အား တာဝန်ယူ ဖြေရှင်းပေးရန် ခေါင်းမခံရဲခြင်းဖြစ်ကြောင်း နိုင်ဟံသာ က ပြောသည်။
“ဒါက သဘာဝ မကျပါဘူး၊ ဒါဟာ အစိုးရ အနေနဲ့ လှည့်ဖျားတဲ့ လုပ်ရပ် တခုပါ။ ကိုယ်လုပ်ခဲ့တဲ့ အလုပ်ကို ကိုယ်တာဝန် မယူရဲတာ၊ အစိုးရကနေ ခေါင်းရှောင်ပြီးတော့ အကျိုးအမြတ် ထုတ်ကာ ဒေါ်အောင်ဆန်းစုကြည်ကို သုံးလိုက်တာ” ဟု ဆိုသည်။
စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား လုံလောက်သော ဥပဒေ အကြံပေးအဖွဲ့ အပါအဝင် အထောက်အကူပြု အဖွဲ့ ထားရှိပေးရန်နှင့် ဦးသိန်းစိန် အစိုးရ၏ ‘ချော့တခါ ခြောက်တလှည့်’ နည်းပရိယာယ် လှည့်ကွက်များ၌ အငိုက်မမိစေရန် အပါအဝင် တောင်းဆိုချက် ၃ ခုကိုလည်း UNFC က ထုတ်ပြန်ထားသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားနှင့် ဒေသခံ ပြည်သူ လူထု အကျိုး စီးပွားကို အစိုးရမှ မှန်မှန်ကန်ကန် သုံးသပ်ပြီး သဘောထား ဆုံးဖြတ်ရန် လိုကြောင်းလည်း နိုင်ဟံသာ က ထောက်ပြပြောဆိုသည်။
“စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေအထားကို ကျနော်တို့ သုံးသပ်တာတော့ ဒါက အန္တရာယ် ကြီးမား လွန်းပါတယ်။ ဒါကိုလည်း ခံယူမှုရှိရှိ တာဝန်ယူရဲ တာကိုလည်း ကျနော်တို့အနေနဲ့ အများကြီး ချီးကျူး ပါတယ်။ တဖက်က ပြန်ကြည့်ရင် ဒီအစိုးရက တာဝန် မဲ့လွန်းပါတယ်။ ကိုယ့်လုပ်ရမယ့် အလုပ်ကို ကိုယ်မလုပ် ဘဲ သူများကို ခိုင်းတာက ဘယ်လိုမှ မသင့်တော်ပါဘူး” ဟု ဆိုသည်။
အစိုးရ အနေနှင့်လည်း နိုဝင်ဘာလ ၂၃ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းသည့် အရေးကြီး အဆိုအရ ကြေးနီမိုင်း စီမံကိန်း ဆက်လက် လုပ်ဆောင်ရန် သင့်မသင့် အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု ဆိုသည်။
ကော်မရှင် လိုအပ်ချက် ရှိပါကလည်း လုပ်ငန်းကျွမ်းကျင်သူများ၊ ပညာရှင်များကို နိုင်ငံတော် သမ္မတ စီစဉ်ပေးမှုဖြင့် တာဝန် ပေးအပ်နိုင်သည်ဟုလည်း ဆိုသည်။
စီမံကိန်းကြောင့် လူမှု ပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် ကောင်းကျိုးဆိုးကျိုး၊ ပြည်သူ လူထုနှင့် အနာဂါတ် မျိုးဆက်များအတွက် အကျိုး ရှိ/မရှိ၊ စိစစ်ရန် လိုအပ်သည်ဟု ကော်မရှင်မှ ယူဆသော အကြောင်းအရာများ ကို ကော်မရှင်မှ စီစစ် စုံစမ်းပြီး သမ္မတထံ အစီရင်ခံနိုင်ရန် ညွှန်ကြားထားကြောင်း ကော်မရှင် ဖွဲ့စည်းခြင်း အမိန့် ကြေငြာစာ၌ ဖော်ပြထားသည်။
ကော်မရှင်အနေဖြင့်မူ ရလဒ်ကောင်းတခု ပေါ်ထွက်လာစေရန်အတွက် “ကိုယ် ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာထဲ ကနေ ပြည်သူလူထုရဲ့အကျိုး ရှေးရှုပြီးတော့ အားလုံး ပူးပေါင်းဆောင်ရွက်သွားကြမှာပါ” ဟု ကော်မရှင် အဖွဲ့ဝင်ဒေါ်ခင်စန်းလှိုင် က မဇ္စျိမကို ပြောဆိုထားသည်။
ပြည်သူများ အနေနှင့်လည်း လက်ပံတောင်း ကြေးနီစီမံကိန်း တခုတည်းကို ကွက်မကြည့်ဘဲ တပြည်လုံး အတိုင်းအတာ ဆောင်သော စစ်မှန်သည့် ပြုပြင် ပြောင်းလဲရေးများဆီသို့ ဦးတည်သော လှုပ်ရှားမှုများကို ပိုမိုအာရုံ စိုက်ကြရန်ကို လည်း UNFC က တိုက်တွန်းထားသည်။
UNFC ကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အစိုးရအား လက်နက်ကိုင်တိုက်ပွဲဆင်နေသည့် တိုင်းရင်းသားအဖွဲ့ ၆ ဖွဲ့၊ မဟာမိတ် ၆ ဖွဲ့တို့ဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလက စတင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။