ကျိုင်းတုံ သျှမ်းနှစ်သစ်ကူး ပွဲတော်အတွက် ကာတွန်းဟန်လေး ဦးဆောင်ပြင်ဆင်

ကျိုင်းတုံ သျှမ်းနှစ်သစ်ကူး ပွဲတော်အတွက် ကာတွန်းဟန်လေး ဦးဆောင်ပြင်ဆင်
by -
သျှမ်းသံတော်ဆင့်

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကျရောက်သော ၂၁၀၇ ခုနှစ် သျှမ်းနှစ်သစ်အား သံလွင်အရှေ့ခြမ်း ကျိုင်းတုံမြို့၌ သျှမ်းတမျိုးသားလုံး စုပေါင်းကျင်းပမည်ဖြစ်ရာ ပွဲတော်အပြင်အဆင်များအား ကာတွန်းဆရာဟန်လေးက ဦးဆောင်နေကြောင်း သိရသည်။

“ကျနော်တောင်ကြီးကနေ ကျိုင်းတုံကို ရောက်တာနည်းနည်း နောက်ကျသွားတယ်။ အပြင်အဆင်အတွက် အရမ်းလော ရဒါလေ။ ကျနော်တို့ စတိတ်စင် ၅ ခု လုပ်တယ်၊ ခေတ်သစ် ခေတ်ဟောင်းတေးသီချင်းအတွက်နဲ့ တခြား သံလွင်အရှေ့ခြမ်း ရိုးရာဆောတို့ ဆင်တို့  သီချင်းကြီးတွေအဓိက ဆိုတဲ့အထူး သီးသန့်  စင်ပေါ့။” - ဟု ကာတွန်းဆရာဟန်လေးက ပြောသည်။

ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ သျှမ်းနှစ်သစ်ကူး အထူးပွဲတော်ကို သုံးရက်ကြာကျင်းပ ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ပွဲတော်အပြင်အဆင်အတွက် ကာတွန်းဆရာဟန်လေးအပြင် ကာတွန်း၊ ပန်းချီ၊ ပန်းပု ပညာရှင် ဆရာဟတ်ဟိုင်း နှင့် ဆရာစိုင်း ထွန်းလှ တို့လည်းပါဝင်သည်။

ပွဲတော်ပြခန်း၌ ကျိုင်းတုံမြို့ သမိုင်းပြခန်း၊ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းမှ တိုင်းလျန် (သျှမ်းနီ) ယဉ်ကျေး မှုအဖွဲ့ အင်အား ၄၀ ခန့်လည်း ပြခန်းနှင့်တကွ လာရောက်ပြသပါဝင်ကြောင်း၊ ထို့အတူ ချင်းမိုင် သျှမ်းယဉ်ကျေးမှု အဖွဲ့ကလည်း ကိန္နရီ ၆ ကောင်၊ တောင်ကြီးသျှမ်းစာပေယဉ်ကျေးမှုမှ တိုးနယား ၆ ကောင် အပြင် ဖိတ်ကြားထားသော စာပေယဉ်ကျေးမှုအဖွဲ့များမှလည်း တမြို့နယ်လျင် တိုးနယား နှင့် ကိန္နရီ တစုံစီ လာရောက်ပူးပေါင်းမည်ဟုဆိုသည်။

အလားတူ ကျိုင်းတုံမြို့နယ်အတွင်းမှ တရွာလျင် တစုံစီ လာရောက်ပူးပေါင်းမည်ဖြစ်ရာ  ကိန္နရီ ကိန္နရာ တိုးနယား သုံးရာခန့်ဖြင့် ဖွင့်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး အဖွဲ့ဝင် စိုင်းဆိုင် ကပြောသည်။

“အခု စာပေဟောပြောပွဲအတွက် ပညာရှင်တွေ၊ ခေတ်သစ်ခေတ်ဟောင်း အဆိုတော်တွေ၊ ဆုချီးမြင့်ဖို့ ပင့်ဖိတ်ထားတဲ့ သံဃာတော် တွေ တော်တော်များများရောက်နေပြီ။ နက်ဖြန် မနက်ပိုင်းဖွင့်ပွဲ လုပ်တော့မှာလေ” - ဟု ဆိုသည်။

သျှမ်းနှစ်သစ်ကူးပွဲတော်သည် နှစ်စဉ်  မြန်မာလ နတ်တော်လဆန်း ၁ ရက်နေ့ ၌ အမြဲ ကျရောက်သည်။

၂၁၀၇ ခု သျှမ်းနှစ်သစ်ကူးပွဲတော်အား ကျိုင်းတုံမြို့တမျိုးသားလုံးစုပေါင်းပွဲအပြင် သျှမ်းပြည်နယ်မြို့နယ်အနှံ့၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်း တောကျွဲအင်း ၊တိုက်ကြီး မြို့နယ်၊ ပြည်ပတွင်မူ ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်း၊ ဘန်ကောက်၊ လွယ်ကော်ဝမ်း၊ လွယ်တိုင်းလျဲန်း၊ ကောင်းမုန့်မိန်း … ၊  ဂျပန်နိုင်ငံ၊ စင်္ကာပူ၊ မလေးရှားနိုင်ငံ တို့တွင်သာမက  အနောက်တိုင်းရှိ အင်္ဂလန်နှင့် USA တို့တွင်လည်း အသီးသီးကျင်းပရန်ပြင်ဆင်နေကြောင်း သိရသည်။

Most read this week