မုံရွာခရိုင် ရွှေကျင်သံဃာများ စာတော်ပြန်ပွဲ ရပ်ဆိုင်းလိုက်ရ

မုံရွာခရိုင် ရွှေကျင်သံဃာများ စာတော်ပြန်ပွဲ ရပ်ဆိုင်းလိုက်ရ
by -
မဇ္စျိမ

နှစ်စဉ် နတ်တော် လဆန်းတွင် ကျင်းပလေ့ရှိသည့် သံဃာတော် ထောင်ချီ၍ ပါဝင်ဖြေဆိုသော မုံရွာခရိုင် ၈ မြို့နယ် ရွှေကျင် နိကာယ ဝိနည်း စာတော်ပြန်ပွဲကြီးကို မကျင်းပသေးဘဲ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပံတောင်း ကြေးနီစီမံကိန်း သပိတ်မှောက်သံဃာများအား အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းခဲ့မှုအပေါ် မုံရွာသံဃာတော်များ စိတ်မချမ်းမြေ့လျက် ရှိကြစဉ် ထိုသို့သော စာတော် ပြန်ပွဲကြီးအား လောလောဆယ် မကျင်းပသင့်သေး၍ ရပ်ဆိုင်းထားရခြင်းဖြစ်ကြောင်း မုံရွာမြို့ ရွှေကျင်ဓမ္မာရုံ ကျောင်းတိုက်၊ စာပြန်ပွဲ အလုပ်အမှုဆောင် ဆရာတော် ဥူးဉာနဂ္ဂ က မိန့်ဆိုသည်။

“လက်ပံတောင်း တောင်မှာ ဖြစ်တဲ့ကိစ္စမှာ မုံရွာသံဃာထုအနေနဲ့က သိပ်မကျေနပ်ကြဘူးလေ။ အဲလို မကျေနပ်ကြတော့ တခြားသံဃာတွေက ဆန္ဒပြတာတို့၊ ဘာတို့လုပ်နေတယ်။ စာတော်ပြန်ပွဲကြီးက ထောင်နဲ့ချီပြီး ကျင်းပတဲ့ သံဃာတော်ထုကြီးက ဒီထဲမှာ စာပြန်ပွဲကြီး လုပ်နေတယ်ဆိုတော့ ပါတ်ဝန်းကျင်က အမြင်စောင်းတာတို့ ဘာတို့ပေါ့လေ၊ ဒါတွေကို ထည့်စဉ်းစားစရာရှိတာပေါ့။ ဆန္ဒပြနေတဲ့အထဲမှာ စာတော်ပြန်မယ့် သံဃာတွေလည်း ပါနိုင်တာပေါ့၊  ရပ်နားရတဲ့ အထဲမှာ အဲဒီအကြောင်းအရာတွေလည်း ပါတာပေါ့” ဟု မဇ္စျိမကို မိန့်ကြားသည်။

၁၉၈၈ ခုနှစ် အရေးအခင်းကာလ၊ ငွေစက္ကူများ တရားမဝင်ကြေညာခြင်းနှင့် ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ကာလများကြောင့် စာတော်ပြန်ပွဲများအား ရပ်နားခဲ့ရဖူးကြောင်း ဆရာတော် က မိန့်သည်။

“၈၈ နောက်ပိုင်း ငွေကိစ္စ၊ ရွှေဝါရောင် ၂ဝဝ၇၊ အခု လက်ပံတောင်း ကိစ္စ လို့ ပြောရမှာပေါ့လေ ရပ်နားပါတယ်။ ၃၁ ကြိမ်အတွင်းမှာ” ဟု မိန့်ဆိုသည်။

တနင်္ဂနွေနေ့က မုံရွာမြို့၊ ရွှေကျင် ဓမ္မာရုံ၊ သန္နိပါတ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သော ဆရာ-ဒကာ စုံညီ အစည်းအဝေးမှ အခြေအနေအရပ်ရပ်အား သုံးသပ်၍ ၁၃၇၄ ခုနှစ်၊ ရပ်ဆိုင်းထားရန် ဆုံးဖြတ်ကြောင်း ဝိနည်းပြန်ဌာန အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တ အဂ္ဂသာရ (အဂ္ဂမဟာပဏ္ဍိတ) လက်မှတ်ရေးထိုး၍ ကျောင်းတိုက် အသီးသီး သို့ အကြောင်းကြားစာ ထုတ်ပြန်ပေးပို့ထားသည်။

မုံရွာခရိုင် ၈ မြို့နယ်လုံးဆိုင်ရာ စာတော်ပြန်ဆိုပွဲကြီးကို နတ်တော်လဆန်း ၂၊ ၃၊ ၄၊ ၅ ရက်နေ့ (ခရစ်သက္ကရာဇ် ဒီဇင်ဘာ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ရက်နေ့)များတွင် မုံရွာမြို့၊ အလယ်ရပ်၊ ဝိနယဗိမာန်တော်ကြီး၌ ကျင်းပလေ့ရှိသည်။ နှစ်စဉ် သံဃာတော်များ ဝိနည်း၊ ဝိနယ ရေး/ဖြေ စာမေးပွဲများ ကျင်းပကာ သံဃာတော် ထောင်နှင့်ချီ၍ မြို့တွင်းတွင် ဆွမ်းခံ ကြွချီလေ့ရှိသည်။

“တချို့ မီဒီယာတွေက လှမ်းမေးကြပါတယ်။ ဒီစာပြန်ပွဲကြီး ရပ်နားရတာက ဌာနဆိုင်ရာက ခိုင်းတာလား၊ သက်ဆိုင်ရာ က ရပ်နားခိုင်း တာလားပေါ့လေ။ အဲလိုတော့ မဟုတ်ပါဘူး။ ကျုပ်တို့ အခြေအနေ အရပ်ရပ် မြို့လူထုနဲ့ အခြားသံဃာ တွေနဲ့ သင့်မြတ်ဖို့ ဒီကိစ္စအတွက် ရည်ရွယ်ပြီးတော့ ကျုပ်တို့ ရပ်နားလိုက်တာပါ” ဟု ဥူးဉာနဂ္ဂ က မိန့်ကြားသည်။

Most read this week