၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း နိုဝင်ဘာလ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံမှ နှမ်းတန်ချိန် ၈၁,၀၀၀ ကျော်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ရာ ကိုရီးယား နိုင်ငံမှ အများဆုံး ဝယ်ယူခဲ့ကြောင်း စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရသည်။
“၈ လ အတွင်းမှာ နှမ်းတန်ချိန် ၈၁,၁၂၂ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကရော၊ နယ်စပ် ကုန်သွယ်ရေးကပါ တင်ပို့ရောင်းချခဲ့ပါတယ်” ဟု ယင်းဌာနမှ အကြီးတန်းအရာရှိ တဦးက ပြောသည်။
မြန်မာ့နှမ်းကို ကိုရီးယား၊ စင်္ကာပူ၊ ဂျပန်၊ မလေးရှား၊ ဗီယက်နမ်နှင့် တရုတ် စသည့် နိုင်ငံများက ဝယ်ယူ လျက်ရှိသည်။ ယင်းနိုင်ငံများအနက် ကိုရီးယားက အများဆုံး ဝယ်ယူသည်။
“နှမ်းလှော်မှုန့် အတော်များများကိုလည်း ကိုရီးယားံက ဝယ်ယူမှု ရှိနေပါတယ်။ ပင်လယ်ရေကြောင်းကနေ လစဉ် အနည်းဆုံး ၁၄ ပေ ကွန်တိန်နာနဲ့ အလုံး၂၀ လောက် တင်ပို့မှု ရှိနေပါတယ်” ဟု နှမ်းကုန်သည်ကြီး ဦးမြင့်ကြူ က ပြောသည်။
နိုဝင်ဘာလ၂၃ ရက်မှ ၂၇ ရက်နေ့အထိ နှမ်းနက် ၁,၄၆၁ တန်၊ နှမ်းဖြူ တန် ၅၀၀၊ နှမ်းညို ၈၄ တန်၊ နှမ်းနီ ၈၅ တန်ကျော် စုစုပေါင်း ၂,၀၉၉ တန်ကို နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့နိုင်ခဲ့ပြီး ပင်လယ်ရေကြောင်းမှ နှမ်းတန်ချိန် ၁,၁၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ဝန်ကြီးဌာနမှ တဆင့် သိရသည်။
နယ်စပ် ကုန်သွယ်ရေး စခန်းများမှ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနီ၊ နှမ်းနက် စသည့် နှမ်းရောင်စုံ တင်ပို့ရောင်းချသည်။
ရန်ကုန်မြို့၊ ဘုရင့်နောင် စျေးကွက်တွင် နှမ်းဖြူ ၁ တန်လျှင် ၁,၁၁၀,၈၆၄ ကျပ်နှင့် နှမ်းနက် ၁ တန်လျှင် ၁,၂၀၅,၃၃၀ ကျပ်စျေး ရှိကြောင်း သိရသည်။