လက်ပံတောင်း လျော်ကြေးပြဿနာ အလွန်ရှုတ်ထွေးဟု တရုတ်သံအရာရှိ ပြော

လက်ပံတောင်း လျော်ကြေးပြဿနာ အလွန်ရှုတ်ထွေးဟု တရုတ်သံအရာရှိ ပြော
by -
မဇ္စျိမ

ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ဒေသခံများ၏ လျော်ကြေး တောင်းဆိုမှုများသည် အလွန်ရှုတ်ထွေးသော အခြေအနေတရပ်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံ သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုသည်။

မြန်မာ့ပြည်တွင်းပြဿနာဖြစ်၍ မစွက်ဖက်လိုသော်လည်း ဒေသခံများ တောင်းဆိုနေသည့် မြေယာ ပြဿနာအပြင် အခြားကိစ္စများလည်း ရှိကြောင်း မစ္စတာ ဂေါင်မင်ဘို Mr Gao Mingbo က ပြောသည်။

“ကျနော် သိရသလောက်တော့ မြေယာနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဖြစ်နေတယ်။ ဒီပြဿနာ တခုတည်းတော့ မဟုတ် ဘူး။ မြေယာကိစ္စနဲ့ ဆက်နွယ်နေတဲ့ တခြား ခက်ခဲတဲ့ ပြဿနာတွေလည်း ပါတယ်။ သိထားတာ... သမိုင်းကြောင်းက ပိုပြီးရှည်တယ်” ဟု မဇ္စျိမကို ပြောသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်သည့် သံရုံးကြေညာချက်တွင် “ရွှေ့ပြောင်းမှု လျော်ကြေးငွေ” ကို “နှစ်ဦးနှစ်ဖက်ဆွေးနွေးပြီး သတ်မှတ်ထားခဲ့သည်” ဟု ပါရှိပြီး ဒေသခံများ၏ ပြောဆိုချက်များနှင့် ကွဲလွဲမှုရှိ နေ၍ မဇ္စျိ်မက ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားသွားခြင်းဖြစ်သည်။

“တချို့ တောင်းဆိုမှုတွေက အတည်ပြုနိုင်ဖို့ ခက်ခဲပါတယ်။ လူတွေက အမျိုးမျိုးပြောနေကြတယ်။ တချို့က မြေယာ အသုံးချမှုအတွက် မကျေနပ်ချက်၊ တချို့က စိုက်ပျိုးသီနှံအတွက်၊ အချို့က ပြန်လည် နေရာချထား ပေးဖို့.... ဒါကြောင့် လျော်ကြေးကိစ္စကို ဘယ်လိုဖြေရှင်းမယ်ဆိုတာက ကျနော့်အတွက် ကျစ်ကျစ်လစ်လစ်နဲ့ ရှင်းပြပေးဖို့ ခဲယဉ်းပါတယ်” ဟု သံရုံး ပထမ အတွင်းဝန် မစ္စတာ ဂေါင် က ပြောသည်။

၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလက စီမံကိန်းအတွက် ဝက်မှေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို ချိတ်ပိတ်သွား ခဲ့ပြီး အိမ်ခြေ ၆ဝ ခန့် ပြောင်းရွှေ့ပေးခဲ့ရသည်။ ထို့ပြင် စီမံကိန်းအရ ဝက်မှေးရွာအပြင် ကျော်ရွာ၊ ဆယ်တည်း၊ တောင်သာနှင့် ဆီးတောရွာများလည်း ပြောင်းရွှေ့ပေးကြရမည် ဖြစ်သည်။

တရုတ်လူမျိုးပိုင် မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့ဦးပိုင်လီမိတက်တို့် ဖက်စပ်လုပ်ကိုင်သည့် အဆိုပါ ကြေးနီ စီမံကိန်းအတွက် တောင်သူများပိုင် မြေဧက ရ,၈ဝဝ ကျော်အား သိမ်းယူခဲ့ရာ အဓိပ္ပါယ် ရှင်းလင်းတိကျမှု မရှိသည့် လျော်ကြေးငွေ အချို့အား လယ်သမားထံ ပေးခဲ့ကြောင်းနှင့် သီးနှံ လျော်ကြေးအဖြစ် ၃ နှစ်စာ ကျပ်ငွေ ၅ သိန်း ၂ သောင်း ပေးခဲ့သော်လည်း လယ်မြေတန်ဖိုးကိုမူ မပေးခဲ့ကြောင်း လယ်အသိမ်းခံ တောင်သူများက စောဒက တက်နေကြသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဝမ်ပေါင်ကုမ္ပဏီက ၎င်းတို့သံရုံးသို့ ဆက်သွယ်လာကြောင်းနှင့် မြန်မာနိုင်ငံ၏ “လုပ်ထုံး လုပ်နည်း” များနှင့် “ဥပဒေ” ကို လိုက်နာသွားရန် ကြိုးစားနေကာ နိုင်ငံ အကြီးအကဲ တဦးဦးနှင့် အမြန်ဆုံး တွေ့ဆုံ နိုင်ရန် ကြိုးစားနေသည်ဟုလည်း ဆိုသည်။

“ကျနော်တို့ ယုံကြည်ထားတာက ရင်းနှီးမြှုပ်နှံမှုအတွက် ကြိုတင်တွက်ဆနိုင်တဲ့ ပတ်ဝန်းကျင်၊ ဒါက မြန်မာနိုင်ငံ အတွက် အစပိုင်းလုပ်ငန်းစဉ်မှာ လိုအပ်ပါတယ်။ နောက်ပိုင်းမှာ မြန်မာပြည်သူတွေအတွက် ရေရှည်အကျိုးစီးပွားကို တည်ဆောက်သလိုဖြစ်မယ်” ဟု မစ္စတာဂေါင် က ဆိုသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် နှစ်နိုင်ငံ အပြန်အလှန်အကျိုးရှိစေမည့် ကိစ္စများအတွက် ပူးပေါင်း ဆောင်ရွက်ခဲ့ သလို အပြောင်းအလဲမရှိသော မူဝါဒဖြင့် အပြန်အလှန် လေးစားရင်းနှီးလျက်ရှိကြောင်း သံရုံး ပြောခွင့်ရပုဂ္ဂိုလ်ကပြောဆိုခဲ့သည်။

Most read this week