ဆန္ဒပြသူများကို မဖမ်းဆီးရန် ၈၈ က တောင်းဆို

ဆန္ဒပြသူများကို မဖမ်းဆီးရန် ၈၈ က တောင်းဆို
by -
မဇ္စျိမ

လက်ပံတောင်းတောင် စီမံကိန်း ကန့်ကွက် ဆန္ဒပြသူများကို ဖမ်းဆီးအရေးယူမှု မလုပ်ရန် ၈၈ မျိုးဆက် ကျောင်းသားများက ဒီဇင်ဘာ ၃ ရက်က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။

လက်ပံတောင်း သပိတ်စခန်းများအား ရဲများက အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းကို ရန်ကုန်မြို့တွင် ရှုတ်ချ ဆန္ဒပြသူများ ထဲမှ Generation Wave အဖွဲ့မှ ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့ကို တနင်္ဂနွေနေ့က လူမြင်ကွင်းတွင် ရဲများက ဖမ်းဆီး သွားကာ နိုင်ငံတော် ဆူပူအုံကြွအောင်လှု့ံဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုထားသည်။

ဆန္ဒပြသည့် ဒေါ်နော်အုန်းလှ၊ ကိုဝေဠုနှင့် ဒေါ်ရှမ်းမ အပါအဝင် လူခြောက်ဦးကိုလည်း နိုဝင်ဘာ ၂၆ ရက်က အစိုးရက ဖမ်းဆီးထိမ်းသိမ်းထားသေးသည်။

“အခုလို ဒီမိိုကရေစီနိုင်ငံတော်အဖြစ် အသွင်ကူးပြောင်းနေတဲ့ နိုင်ငံအနေနဲ့  နိုင်ငံသားတွေက သူတို့ရဲ့ ခံစားနေရတဲ့ ခံစားချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်တာက ဒီမိုကရေစီနိုင်ငံတိုင်းမှာ ကြံုတွေ့နေရတာပဲ။ ဒါတွေက မဆန်းပါဘူး နိုင်ငံသားတွေရဲ့ အခွင့်အရေးပါ” ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က တနင်္လာနေ့ သတင်းစာရှင်းလင်း ပွဲတွင် ပြောဆိုလိုက်သည်။ ဖမ်းဆီးထိန်းသိမ်းမှုများသည် “ဖြစ်လည်း မဖြစ််သင့်ပါဘူး”ဟုထပ်လောင်းပြောကြားသည်။

၈၈ ကျောင်းသားများ၏ အဆိုပါကြေညာချက်တွင် လက်ပံတောင်းတောင်အရေးတွင် ထိခိုက်ဒဏ်ရာရခဲ့သည့် ရဟန်း၊ ပြည်သူများအား ထိရောက်သော ဆေးဝါးကုသမှု ပေးရန်၊ သံဃာတော်များအား တောင်းပန်ရန်၊ စုံစမ်းရေး ကော်မရှင် မှ စုံစမ်းစစ်ဆေးနေစဉ် စီမံကိန်းလုပ်ငန်းများ ရပ်ဆိုင်းထားရန် ပါဝင်သည်။

လက်ပံတောင်းတောင်အရေး စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ၈၈ မျိုးဆက် ကျောင်းသားနှစ်ဦးဖြစ်သည့် ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့ကို သမ္မတထည့်သွင်းထားသော်လည်း ကာယကံရှင်တို့က ယင်းအဖွဲ့တွင် မပါဝင်လိုကြောင်း ငြင်းဆန် ခဲ့ကြသည်။

၎င်းတို့အနေဖြင့် ဒေသခံပြည်သူများ၊ တက်ကြွလှုပ်ရှားသူများ၏ သဘောထားဆန္ဒများကို လွတ်လပ်စွာ စုံစမ်းတင်ပြ ၍ ညှိနှိုင်းဖြေရှင်းရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၈၈ အဖွဲ့၏ ကြေညာချက်တွင်ပါရှိသည်။

သမ္မတရုံးကလည်း ၎င်းတို့ ၈၈ ကျောင်းသားများ အပြင် အခြားပုဂ္ဂိုလ်အချို့တို့ကို လျှော့ချကာ စုံစမ်းရေး ကော်မရှင်ကို တနင်္လာနေ့တွင်ပင် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ကြေညာသည်။

လက်ပန်းတောင်းတောင်ကြေးနီစံမံကိန်းရှိ သပိတ်စခန်းများကို ရဲများက နိုဝင်ဘာ ၂၉ ရက် နံနက် ၃ နာရီတွင် အကြမ်းဖက်နှိမ်နင်းခဲ့ခြင်းကြောင့် သံဃာတော် ၈၇ ပါးနှင့် ဒေသခံ ၅ ဦးမှာ ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရ သည်။