ကောက်ပဲသီးနှံအစား ဘိန်းများစိုက်ပျိုးလာကြ

ကောက်ပဲသီးနှံအစား ဘိန်းများစိုက်ပျိုးလာကြ
by -
ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် အရှေ့ဘက် ကျေးရွာတွေက စိုက်ခင်းတွေနဲ့ တောင်ယာနေရာတွေမှာ အခုနှစ်အတွင်း ဘိန်းခင်းတွေ ၀င်ရောက်နေရာယူလာကို တွေ့ရပါတယ်။

တချိန်က ကုလားပဲ၊ ပန်းနှမ်း၊ နေကြာနဲ့ ပဲစိမ်းငုံတွေ စိုက်ပျိုးခဲ့ကြတဲ့ လွယ်ပေါ၊ နန်းဟီး၊ နောင်လှိုင်နဲ့ ကရင်ကျေးရွာအုပ်စု အတွင်းက လယ်ယာမြေ ဧက များစွာမှာ ထင်ထင် ပေါ်ပေါ် စိုက်ပျိုးလာကြတာပါ။

bain-news1

အရင်က တောကြိုတောင်ကြား ဒေသတချို့ဘက်မှာ ဘိန်းခင်းတွေ လျှို့ဝှက် စိုက်ပျိုးကြပေမယ့်အခုနှစ် အတွင်း စားဝတ်နေရေး အခက်အခဲတွေကြောင့် စိုက်ပျိုးလာကြ တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

“သူတို့ ပြောင်းစျေးမရှိတဲ့အတွက် သူတို့လုပ်တာ သူတို့ဝမ်းစာရေးအတွက် သုံးဖို့ငွေ မရှိဘူးလေ ပြောင်းစျေး အခုက တပိဿာ နှစ်ရာ၊ နှစ်ရာကျော်လောက်ဘဲ ရတယ်” လို့ ပြောပါတယ်။

ဖယ်ခုံမြို့နယ် အထွေထွေ အုပ်ချူပ်ရေး ဌာနက ဘိန်းစိုက်ပျိုးမှု မလုပ်ကြဖို့ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ အုပ်စုမှူးတွေထံ ၂၀၁၁ ဒီဇင်ဘာလ ၅ ရက်နေ့ တုန်းက သတိပေး အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရပါတယ်။

ဘိန်းစိုက်ပျိုးမှုကို သက်ဆိုင်ရာက ပိတ်ပင်ထားတဲ့ ကိစ္စအပေါ် ဘိန်းစိုက်ပျိုးရေး လုပ်ငန်းခွင်မှ အလုပ်သမားတဦးကတော့ “သူတို့ ရမ်းရင်လည်း လာရမ်းမှာပေါ့၊ မရမ်းရင်တော့ ကျနော်တို့အတွက် သာတာပေါ့ စစ်သားနဲ့ ရဲတော့ သူတို့ မလုပ်ခိုင်းဘူး၊ ဒါပေမယ့် သူတို့ (ဒေသခံတွေ) ခိုးလုပ်တယ်” လို့ ပြောပါတယ်။

ဘိန်းတွေကို အခုလို ပေါ်ပေါ်ထင်ထင်နဲ့ များစွာ စိုက်ပျိုးလာကြတဲ့ အတွက် ဘိန်းစိုက်တောင်သူတွေထံက တဧက ကျပ် ၅ သောင်းနှုန်း အခွန်ကောက်ခံပြီး ကရင်ကျေးရွာ အုပ်စုအတွင်း ကတ္တရာလမ်း ဖောက်လုပ်မှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကရင်ကျေးရွာအုပ်စု အတွင်းမှ ရွှေစမ်းကျေးရွာ သူကြီး ဦးပေသာက ၎င်းကျေးရွာ အရှေ့ဘက်ကမ်း တလျှောက်ကို စီမံကိန်းအရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ၂၀၁၃ ခုနှစ် အတွင်း ကတ္တရာလမ်း ခင်းပေးဖို့ အစီအစဉ် ရှိထားကြောင်းနဲ့ ရွှေစမ်းတရွာလုံးက ဘိန်းစိုက်ပျိုးခြင်း မပြုလုပ်ပါဆိုသည့် ဝန်ခံဂတိ လက်မှတ်ရေးထိုးထားပြီး ဖြစ်တာကြောင့် ဘိန်းခွန်ကောက်ခံပြီး လမ်းဖောက်လုပ်မည့် ကိစ္စအား လက်မခံကြောင်း ပြောဆိုသည်။

လာမယ့် ၂၀၁၇၊ ၂၀၁၉ ခုနှစ်တွေအထိ ဘိန်းစိုက်ပျိုးခွင့် ပြုမယ်လို့ ဒေသခံတွေကြား ကောလဟာလ သတင်းတွေ ထွက်နေပေမယ့် သီးခြား အတည်ပြုချက် မရရှိသေးပါ။

မြန်မာ တနိုင်ငံလုံး အတိုင်းတာအရ ဘိန်းထွက်ရှိမှုရဲ့ ၆၀ ရာခိုင်နှုန်း ဝန်းကျင်လောက်ဟာ ဖယ်ခုံမြို့နယ အတွင်းက ဖြစ်တယ်လို့လည်း သိရပါတယ်။

Most read this week