‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း’ ဆွေးနွေးပွဲ အလားအလာကောင်း

‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း’ ဆွေးနွေးပွဲ အလားအလာကောင်း
by -
သျှမ်းသံတော်ဆင့်

ရန်ကုန်၌ကျင်းပနေဆဲဖြစ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲအတွက် အားရကျေနပ်ဖွယ် ရှိကြောင်း သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ စိုင်းမောင်တင်က ပြောသည်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲတွင် ဓါတ်ပုံရိုက်ကြစဉ်

“ကျနော်တို့ မနေ့က ဆွေးနွေးပွဲမှာဆိုရင် အင်အား ၂၀၀ ကျော်ရှိတယ်။ ကျားဖြူပါတီ ကဘဲ ၃၀ ကျော်နေပြီလေ။ အကူရော တက်ရောက်နားထောင်သူရောပေါ့နော်။ ကျနော့် တသက်မှာ ဒီလိုဆွေးနွေးမှုမျိုး ဒီတခါဘဲတွေ့ဖူးတယ်။ တကယ်ကိုအားရကျေနပ်ဖွယ်ကောင်းပါတယ်။ သျှမ်း တိုင်းရင်းသား အ ချင်းချင်း ကြား ယုံကြည်မှု ခိုင်ခိုင်မာမာ မတည်ဆောက် နိုင်သေးသရွေ့ ကျန်ညီနောင်တိုင်းရင်း သားတွေနဲ့ ယုံကြည်မှုတည်ဆောက်နိုင်မှာ မဟုတ်ဘူးလေ။ ” ဟု ကျားဖြူပါတီ၏ လက်ထောက်အတွင်းရေးမှူး စိုင်းမောင်တင်က ပြောသည်။

ယမန်နေ့ကစတင်သော ဆွေးနွေးပွဲသို့  NDAA/ RCSS-SSA/ SSPP-SSA/ TNDP/SNDP/SNLD မှ ကိုယ်စားလှယ်များက အဖွဲ့မှပို့ပေးသော စာတမ်းများအသီးသီးဖတ်ပြီး ဥရောပ မြန်မာရုံးမှဒါရိုက်တာ စဝ်ဟန်ယောင်ဟွေ့၊ သျှမ်းစာပေ ဘာသာ ဗေဒ ပညာရှင် ဒေါက်တာစိုင်းဆန်ဖေတို့လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်သည်များကို ပြောကြားခဲ့ကြောင်း၊ အစိုးရဘက်မှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း နှင့် ဦးစိုးသိမ်း တို့ မှမိန့်ခွန်းပြောကြားခဲ့ကြကြောင်း အစည်းအဝေး တက် ရောက်သည့် ကျားဖြူပါတီအသိုင်း အဝိုင်းက ဆိုပါသည်။

“ညနေပိုင်းမှာ အုပ်စုလေးတွေခွဲပြီး ဝေါ့ခ်ရှော့ပ်လုပ်ကြတယ်။ ဆန္ဒတွေကောက်ယူကြတယ်။ တက်ရောက် သူတွေရဲ့ ဆန္ဒတွေအာ အားလုံးနီးပါး ထပ်တူကျနေတာကိုတွေ့ရတော့ အားရစရာကောင်းပါတယ်။ လှပတဲ့ သမိုင်းစာမျက်နှာသစ် လို့တောင်တင်စားချင်တယ်။ ဒီဆွေးနွေးပွဲမှာ ငြင်းကြခုံကြတာမရှိဘူး။ သမိုင်းက တောင်းဆိုလာတဲ့အတိုင်းဖြစ်လာပြီလို့ ကျနော်ပြောချင်ပါတယ်” ဟု ကျားဖြူပါတီ ဗဟိုကော်မတီဝင် စဝ်ဆိုင်မိန်းက ပြောသည်။  

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ငြိမ်းချမ်းရေးခန်းမ၌ Trust Building for Peace ‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း’ ဆွေးနွေးပွဲကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ယခုလ ၂၆ ရက် (ယနေ့) မှ ၂၈ ရက်အထိ ၃ ရက် ကျင်းပနေခြင်းဖြစ်သည်။

တက်ရောက်သူများမှာ သျှမ်းနိုင်ငံရေးပါတီတွေဖြစ်သော ကျားဖြူပါတီ SNDP ၊ ကျားခေါင်းပါတီ SNLD၊ သျှမ်းနီပါတီ TNDP ၊ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည့် RCSS/SSA ၊ SSPP/SSA နှင့်မိုင်းလား တပ်ဖွဲ့တို့မှ အဆင့်မြင့်ခေါင်းဆောင်များအပြင် မြန်မာနိုင်ငံ ပထမဆုံး သမ္မတ ညောင်ရွှေစော်ဘွားသား စဝ်ဟန်ယောင့်ဟွေ့၊ ရန်ကုန်သျှမ်းစာပေယဉ်ကျေး မှုကော်မတီမှ ဒေါက်တာစိုင်းဆန်အိုက်၊ မြန်မာ့သမိုင်း သုတေသန ဥက္ကဌ ဟောင်း ဆရာစိုင်းအောင်ထွန်း၊ နိုင်ငံကျော် တေးရေး ဆရာ ဒေါက်တာစိုင်းခမ်းလိတ် ၊ သျှမ်းအမျိုးသမီးအဖွဲ့ မှ နန်းချမ်တောင်း တို့အပါအဝင် ကိုယ်စားလှယ်ပေါင်း ၂၀၀  ကျော်တက်ရောက် သည်ဟု သိရသည်။