SSPP/SSA လှုပ်ရှားနယ်မြေ မြို့နယ်လေးခုအား အစိုးရတပ် ထိုးစစ်ဆင်နေ

SSPP/SSA လှုပ်ရှားနယ်မြေ မြို့နယ်လေးခုအား အစိုးရတပ် ထိုးစစ်ဆင်နေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း မြို့နယ်လေးခုအတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/ SSA လက်အောက်ခံ စစ်ကြောင်း များနှင့် ယာယီတပ်စခန်းများအား အစိုးရတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သျှမ်းပြည်တပ်မတော်အသိုင်း အဝိုင်းကပြောသည်။

“ကျနော်တို့ ဌာနချုပ်အနီးအနားကလွဲလို့ ကျန်တဲ့နေရာတွေမှာ ကျနော်တို့ကို လိုက်တိုက်နေတယ်။ အခုလဲ သိန္နီ၊ ကျောက်မဲ၊ မိုးမိတ်၊ နမ္မတူ မြို့နယ် တွေထဲမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ကျနော်တို့စစ်ကြောင်းရဲ့ သတင်းကိုရတာနဲ့ အစိုးရတပ်က နောက်ယောက်ခံလိုက်တိုက်နေတာ” - ဟု ဗိုလ်မှူးကြီးစိုင်းထူး ကပြောသည်။

အဆိုပါ မြို့နယ်များအတွင်း လှုပ်ရှားနေသည့် SSPP/ SSA လက်အောက်ခံ တပ်မဟာ ၁၊ တပ်မဟာ ၁၅၃ နှင့် ၆၁၂ တို့အား ကျောက်မဲ အခြေစိုက် အစိုးရ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ ၁ လက်အောက်ခံ တပ်ရင်းများ၊ သိန္နီအခြေစိုက် စကခ ၁၆ လက်အောက် ခံတပ်ရင်းများအပါအဝင် အောင်လံ နှင့် မန္တလေးမှ တပ်ရင်း အချို့တို့က လိုက်လံတိုက်ခိုက်နေကြောင်း ဝမ့်ဟိုင်းဌာနချုပ် အရာရှိ အသိုင်း အဝိုင်းက ပြောသည်။

“ကျနော်တို့ကိုဘဲ တိုက်နေတာမဟုတ်ဘူး။ လူထုတွေကိုပါနှိပ်စက်နေတာ။ အစိုးရတပ်က အင်အားတိုးချချင် လို့ ရပ်ရွာဗုံးကွဲမှုကိုဖန်တီးတယ်၊ လူထု သေကျေဒဏ်ရာရတယ်။ ကျနော်တို့ရဲ့အမာခံလူဆိုပြီး ရပ်ရွာအုပ်ချုပ် ရေးမှူး တွေကို ဖမ်းဆီးရိုက်နှက်တယ်။ အပစ်ရပ်တယ်ဆိုတာ ဌာနချုပ်အနီးအနားဝန်းကျင်လောက်ပဲလို့ ပြောရမှာ။ တခြားနေရာမရပ်ဘူး။ သူတို့က ကျနော်တို့ဆီ ဦးတည်လာနေတာတွေ့ရင်လဲ ကျနော်တို့က တော့ ပစ်ခတ်ရတာဘဲ” - ဟု အမည်မဖေါ်လိုသူ တပ်မှူးတဦးက ပြောသည်။

ထို့အတူသျှမ်းပြည်မြောက်ပိုင်း မန်တုံ မြို့နယ်အတွင်းတွင်လည်း မြန်မာအစိုးရတပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ အနည်းဆုံးတပတ်လျင် နှစ်ကြိမ်ခန့် တိုက်ပွဲဖြစ်ပွားနေကြောင်း TNLA က ပြောသည်။

တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် အစိုးရနှင့်အပစ်ရပ်ရန် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် အလွတ်သဘော တွေ့ဆုံခဲ့ဖူးသည်။ သျှမ်းပြည်တိုးတက်ရေးပါတီကလည်း ၂၀၁၂ ဂျန္နဝါရီ ၂၈ ရက် နေ့က ပြည်ထောင်စုအဆင့်နှင့် အပစ်အခတ် ရပ်စဲထားသော်လည်း ထိုနေ့မှ ယနေ့အထိ တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်းဖြစ်ပွားခဲ့ကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက ပြောသည်။

Most read this week