ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရေး ဆန္ဒပြနေသည့် လယ်တီဆရာတော် ဘုရားကြီး သီတင်းသုံးခဲ့တော်မူခဲ့ရာ တောင်ပေါ် အမှတ် ၂ သပိတ်စခန်းတွင် ရိက္ခာ၊သောက်သုံးရေနှင့် ဆေးဝါး အခက်အခဲ ဖြစ်ပေါ်နေကြောင်း သပိတ်စခန်း တာဝန်ရှိသူတဦး က ပြောသည်။
“ကျနော်က လယ်တီဆရာတော်ဘုရားရဲ့ သိမ်တော်ပေါ်မှာပေါ့။ သပိတ်မှောက် အင်အားစုက ၂ဝဝ လောက် ရှိတယ်။ ရိက္ခာနဲ့ သောက်ရေ ကတော့ တော်တော်လိုတယ်။ ပြီးတော့ ဆေးဝါး။ တောင်ပေါ်မှာက ညပိုင်းဆို အေးတယ်။ နှာစေး၊ ချောင်းဆိုး အဖြစ်များနေပါတယ်။ ရာသီအကူးအပြောင်းမှာ တုတ်ကွေး ဖြစ်လာနိုင် ပါတယ်” ဟု ပြည်သူ့ အကျိုးဆောင် ကွန်ယက်မှ ကိုအောင်စိုး က မဇ္စျိမကို ပြောသည်။
laepatoungdemo1
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရေး ဆန္ဒပြနေသည့် အမှတ် ၂ သပိတ်စခန်းတွင် ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါး အခက်အခဲ ဖြစ်ပေါ် (ဓါတ်ပုံ - OpenSociety Monywa)
ရိက္ခာကို ကားဖြင့်သယ်ယူခွင့်ပြုရန် အာဏာပိုင်များကို တောင်းဆိုထားသော်လည်း ဆိုင်ကယ်ဖြင့်သာ အနည်းငယ်စီ သယ်ယူ ခွင့်ပြုကြောင်း ၎င်း က ဆက်ပြောသည်။
“တော်တော် ဒုက္ခရောက်ပါတယ်။ ကျနော်တို့ကတော့ တောင်ကြားလမ်းတွေမှာ လူနဲ့ သယ်ချင်သယ်မယ်။ တောင်တွေကျော်ပြီး ခက်ခက်ခဲခဲတော့ သယ်ရမှာပေါ့။ သူတို့ကတော့ အထက်က တားလို့ အထက်က ပိတ်လို့ လို့ ပြောပါတယ်” ဟု ဆိုသည်။
ထိုသပိတ်စခန်းမှ သပိတ်မှောက်သူများအား စိတ်ပျက် အားလျော့စေရန်နှင့် သပိတ်စခန်း ရွှေ့ပြောင်းသွားရန် အာဏာပိုင်များက ကြိုးစားနေပုံရကြောင်း သူက ဆက်ပြောသည်။
“ညဘက်ပိုင်းမှာ အာဏာပိုင်တွေက လာလာပြီး ဆင်းခိုင်းတာ ရှိတယ်။ လုံးဝ အောက် မဆင်းပါဘူး။ အသေခံပြီး ကာကွယ်သွားမှာပါ။ တောင် ၃၃ လုံးမှာ လုပ်နေတဲ့ လုပ်ငန်း မှန်သမျှကို အပေါ်သပိတ်စခန်းက ချက်ချင်း သွားတားနိုင်တဲ့အတွက် အောက်မှာ ဘယ်လောက်ပဲ ဆန္ဒပြပြ သူတို့က ဂရုမစိုက်ဘဲ အပေါ်မှာ ဆက်လုပ်တယ်။ အပေါ်မှာက စက်တွေ လည်တယ်၊ မိုင်းတွေခွဲတယ်။ ဒါကြောင့် အပေါ်မှာ သပိတ်စခန်း ဖွင့်လိုက်တာ” ဟု ဆိုသည်။
ဒုတိယ လယ်တီဆရာတော် ဘုရားကြီး သိမ်တော်ပေါ်ရှိ သပိတ်စခန်းမှ ဆန္ဒပြသူများက ကုမ္ပဏီ၏စက် ယန္တယားများ မောင်းနှင်မှုကို လိုုက်လံ တားမြစ်နေခဲ့ရာ “အခု မမောင်းတော့ပါဘူး။ သူတို့ ရပ်နားထားတာ လေးရက်ပဲ ရှိသေးတယ်” ဟု ဆက်လက် ပြောဆိုသည်။
၂ဝ၁၃ ခုနှစ် မတ်လ ကုန်ပိုင်းအထိ စီမံကိန်းအား ယာယီရပ်ဆိုင်းထားရန် သိရကြောင်းနှင့် ပြည်ထောင်စု အဆင့် ဝန်ကြီးများ ဆွေးနွေးပြီး ချိန်တွင် လွှတ်တော်မှ ထွက်ပေါ်လာမည့် အကောင်းဆုံး အဖြေကို မျှော်လင့်ထားကြောင်း ၎င်းက မဇ္စျိမကို ပြောသည်။
သပိတ်မှောက်သူများတွင် သံဃာတော်များ၊ ဒေသခံကျေးရွာသူ၊ ရွာသားများ၊ အကျိုးဆောင် ကွန််ယက်များ၊ လက်ပံတောင်းတောင် အကျိုးစီးပွားကာကွယ်ရေး ကော်မတီ၊ ဗကသ ကျောင်းသားများ ပါဝင်သည်။
မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက်နှင့် တရုတ် ဝမ်ပေါင် ကုမ္ပဏီတို့က ထိုကြေးနီ စီမံကိန်းအတွက် ဒေသခံ လယ်သမားများ၏ လယ်ယာမြေ ဧက ရ,၈ဝဝ ကျော် သိမ်းပိုက်လိုက်သဖြင့် လယ်သမားများ မကျေနပ်၍ ဇွန်လမှ စတင်ကာ ဆန္ဒပြပွဲများ၊ သပိတ််မှောက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
ကုမ္ပဏီက စီမံကိန်း ရပ်ဆိုင်းခြင်း မရှိသည့်အတွက် ဒေသခံများ ကျန်းမာရေး ထိခိုက်လာနိုင်ခြင်း၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးနိုင်ခြင်း၊ ဘာသာရေးအရ လယ်ဒီ ဆရာတော်ကြီး တရားကျင့်ခဲ့ရာသိမ်နေရာ လည်း ပျောက်ပျက်သွားနိုင်သလို သာသနာ့အမွေအနှစ်တခု ဖြိုချခံရမည့်အရေး ဒေသခံပြည်သူများက စိုးရိမ်လျက်ရှိသည်။