ကန်ပက်လက်မြို့ပေါ်လျှပ်စစ်မီးမရ၊ ကျောင်းသားများ အခက်တွေ့

ကန်ပက်လက်မြို့ပေါ်လျှပ်စစ်မီးမရ၊ ကျောင်းသားများ အခက်တွေ့
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ပေါ်တွင် လျှပ်စစ်မီး မရသောကြောင့် ကျောင်းသားများ စာကြည့်ရာ တွင် အခက်အခဲများ တွေ့ရကြောင်း သိရသည်။

အစိုးရသစ် လက်ထက် ၂၀၁၂ ခုနှစ်နောက်ပိုင်း ယခင်ထက် လျှပ်စစ်မီး ပိုမို ရရှိခဲ့သော်လည်း မီးစက်ပျက်သည့် အကြောင်းပြချက်ဖြင့် သက်ဆိုင်ရာက လျှပ်စစ်မီး မပေးတော့ ခြင်းဖြစ်ကြောင်း ကျောင်းသား မိဘ တဦးက အခုလို ပြောဆိုသည်။

“တပတ် မှာ နှစ်ရက်ခြားပြီး တနေ့ သုံးနာရီခန့်သာ မီးရရှိတယ်၊ မီးစက်ပျက်တယ်ဆိုပြီး အကြောင်းပြ တယ်၊ ကျောင်းသား တွေ စာကြည့်ရာမှာ အင်မတန်ဒုက္ခရောက်တယ်၊ ရေနံဆီ မတတ်နိုင်သူတွေဆိုယင် ထင်းရှူးမီးနဲ့ပဲ စာကြည့်ကြတယ်” ဟု ကျောင်းသား မိဘ တဦးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ “မီးစက်ပျက်တာ မပျက်တာ ကို သက်ဆိုင်ရာက စစ်ဆေးသင့်တယ်၊ လူမှုအသင်း အဖွဲ့တွေအနေနဲ့ဖြစ်ဖြစ်၊ လူထု အနေနဲ့ ဖြစ်ဖြစ် မီးပုံမှန်ရရှိရေးကို အရေးဆိုသင့်တယ်၊” ဟု ဒေသခံ ချင်းလူငယ် ခေါင်းဆောင် တဦးက ပြောသည်။

ကန်ပက်လက်မြို့သည် ၀ိတိုရိယ တောင်ခြေတွင် တည်ရှိပြီး ၀ိတိုရိယတောင် နတ်မတောင် အမျိုးသား ဥယာဉ်ကို လေ့လာသည့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ ၀င်ထွက်သွားလာလေ့ရှိသည်။

ယခုနှစ်အတွင်း ချင်းပြည်နယ် မတူပီမြို့ပေါ်တွင် လျှပ်စစ်မီး ပုံမှန်မရရှိသောကြောင့် ဒေသခံများ လျှပ်စစ်မီး ပုံမှန်ရရှိ ရေး အတွက် နိုင်ငံတော် သမ္မတ ထံတောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။

စက်တင်ဘာလအတွင်း ချင်းပြည်နယ် ထန်တလန်မြို့အတွက် အစိုးရမှ ချပေးသည့် လျှပ်စစ် မီတာဘုတ် ၃၀ အား သက်ဆိုင်ရာ လျှပ်စစ်မှူးက ဖလမ်းမြို့ သို့ပို့ခိုင်းလိုက်သဖြင့် ထန်တလန်မြို့ပေါ်တွင် တပတ် အတွင်း ၄ ရက်ခန့်သာ လျှပ်စစ်မီး ရရှိပြီးကြောင်း မြို့ခံများက ပြောသည်။

Most read this week