အကျဉ်းသား ၄၅၂ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု

အကျဉ်းသား ၄၅၂ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု
by -
မဇ္ဈိမ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အကျဉ်းသား ၄၅၂ ဦးအား ပြစ်မှုဆိုင် ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၄ဝ (၁) အရ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်မှစ၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးနဲ့ ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် နိုင်ငံတော်အား တဖက်တလမ်းမှ အထောက်အပံ့ ဖြစ်စေမည့် နိုင်ငံသားများ အဖြစ်သို့ ပြောင်းလဲ လာစေရန်နှင့် လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် ပြန်လည် လွတ်ပေးဖြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ၀က်ဆိုဒ်တွင် ဖော်ပြထားသည်။

ထို့အပြင် မိတ်ဆွေနိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံနိုင်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က) နှင့် အညီ အကျဉ်းထောင် အသီးသီးမှ ထိုက်သင့်သည့် အပြစ်ဒဏ် ကျခံပြီးသည့် အသက် အရွယ် ကြီးရင့်သူများနှင့် ကျန်းမာရေး ချို့တဲ့သူများအား လွတ်ပေးခြင်း ဖြစ်သည်။ ယမန်နေ့က လွတ်ပေးသူ များ အနက် နိုင်ငံခြားသား အကျဉ်းသားများပါ၀င်ပြီး ၎င်းတို့အား  ပြည်နင်ဒဏ်ပေးမည်ဖြစ်ကြောင်းဆက်လက် ဖော်ပြသည်။

“သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေအတွက် ဝမ်းသာကြိုဆိုရ မှာပါ။ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်စတဲ့ ဒုစရိုက်မှုတွေနဲ့ ထောင်ကျတဲ့ သူတွေကျတော့ အပြင်ပြန်ရောက်လည်း နဂို သူတို့လျှောက်တဲ့လမ်းဟောင်းကို အလွယ်ပြန်လျှောက်ကြတာ များတယ်။ အဲဒီလိုလူတွေ အပြင်ကိုပြန် ရောက် လာရင် လူထုအတွက် စိတ်မငြိမ်းချမ်းမှုတွေ ဖြစ်ကြရပါတယ်။ ဒုစရိုက်သမားတွေကို လွတ်ငြိမ်းချမ်း သာခွင့် ပေးတာမျိုးဆိုရင် အတော်စီစစ်သင့်ပါတယ်” ဟု အမည်မဖော်လိုသည့် ရှေ့နေတဦးက ပြောသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်မှာ ၅ ကြိမ်မြောက်ဖြစ်ပြီး နိုင်ငံတော်သမ္မတ အနေဖြင့် ယခင်က အကျဉ်းသား ၂၈,ဝဝဝ ခန့်အား လွတ်ငြိမ်းချမ်းသာခွင့် ၄ ကြိမ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။