အဆိုတော် ခင်မောင်တိုး ကွယ်လွန်

အဆိုတော် ခင်မောင်တိုး ကွယ်လွန်
by -
မဇ္ဈိမ

ကိုယ်ပိုင်သံစဉ် တေးသီချင်းများဖြင့် ထင်ရှားသူ အဆိုတော် ခင်မောင်တိုး (အသက် ၆၂ နှစ်) သည် ကြာသပတေးနေ့က စင်ကာပူ စံတော်ချိန် နံနက် ၈ နာရီ မိနစ် ၂ဝ ခန့်တွင် အထွေထွေဆေးရုံကြီး၌ အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်သည်။

“ကျနော် ချာတိတ်ကတည်းက ကျနော်တို့ အိမ်ကို သူဝင်ထွက်နေတာ။ ကျနော့်အကို ကိုချစ်ကို (တေးရေး) ရဲ့ သူငယ်ချင်းပေါ့။ ကျနော့်ဆရာ ဆိုလည်း မမှားဘူး။ ကျနော် အခုအချိန်မှာ သူ့ကို အရမ်းနှမြော အရမ်းဝမ်းနည်းနေ တယ်” ဟု မဇ္ဈိလှိုင်း တေးဂီတအဖွဲ့တွင် လက်တွဲဖော်လည်းဖြစ်၊ တပည့်တဦးလည်း ဖြစ်သူ ကိုသားထွေး က ပြောသည်။

ဦးခင်မောင်တိုးသည် စင်ကာပူနိုင်ငံသို့ သွားရောက် ဆေးကုသမှု ခံယူစဉ် နိုဝင်ဘာ ၈ ရက်နေ့က ကွယ်လွန်ကြောင်း ကောလဟာလ သတင်းများ ထွက်ပေါ်ခဲ့ပြီး၊ မိသားစုများနှင့် မိတ်ဆွေများက ကျန်းမာရေး အခြေအနေ တိုးတက်မှု ရှိကြောင်း ထုတ်ပြန်ပြောဆိုခဲ့သေးသည်။

မဇ္ဈိလှိုင်း တေးဂီတအဖွဲ့၏ ပင်တိုင် အဆိုတော်တဦး ဖြစ်ပြီး ၁၉၈၄ ခုနှစ်တွင် ထွက်ရှိသည့် “မဟာဆန်သူ” ကိုယ်ပိုင်သံစဉ် တေးစီးရီးမှ ကျော်ကြားခဲ့ကာ နောက်ပိုင်းထုတ် တေးစီးရီးများအားလုံးတွင်လည်း အောင်မြင်မှု ရရှိခဲ့သူ ဖြစ်ပြီး ပရိသတ်များက ကိုတိုးကြီး ဟု ချစ်စနိုး ခေါ်ကြသည်။

စတီရီယိုခေတ်ဦး အဆိုတော်တဦး ဖြစ်ပြီး ၁၉၇၃ ခုနှစ်တွင် “ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်”၊ ၁၉၇၄ တွင် “ရင်ခုန်နေသော အိပ်မက်ငယ်” ကော်ပီသံစဉ် တေးစီးရီးများ သီဆိုပြီးနောက်ပိုင်း ၁၉၇၉ ထုတ် “အ ဉ္ဇလီအတွက် ဂီတ ဉ္ဇလီ” တေးစီးရီးမှစကာ ကိုယ်ပိုင်သံစဉ်များကိုသာ သီဆိုလာခဲ့သည်။

ဝိုင်းရဲ့ ဆည်းဆာ၊ စောင်းကြိုးရှိုက်သံနှင့် ဆယ်နှစ်တာတေးများ၊ မဟာဆန်သူ၊ မျက်သွယ်၊ ရောင်စဉ် ခုနစ်သွယ်၊ ဝေးခဲ့ပြီ ပန်းခရမ်းပြာ၊ လေးညှို့ရှင်၊ ပန်းချစ်သူ၊ ပန်တော်ဦး၊ မြစ်တစင်း ဖြစ်တည်မှု စသည့် တေးစီးရီး ၂ဝ ခန့်ကို သီဆို ထုတ်ဝေခဲ့သည်။

ဖခင် အရေးပိုင်မင်း ဦးခင်မောင်နှင့် မိခင် ဒေါ်ခင်လှ တို့မှ ၁၉၅ဝ ပြည့်နှစ် ဧပြီလ ၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့၌ မွေးဖွားသည့် ကိုခင်မောင်တိုးသည် မွေးချင်းသုံးယောက်အနက် အငယ်ဆုံးသား ဖြစ်သည်။

၁၉၆၆ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) သို့ တက်ရောက်သင်ကြားခဲ့သော်လည်း ဂီတတွင် အလွန်ဝါသနာထုံသည့်အတွက် ဆုံးခန်းတိုင် ပညာမသင်ကြားခဲ့ပေ။

ဦးခင်မောင်တိုးသည် လွန်ခဲ့သည့် မေလခန့်ကပင် ကျန်းမာရေး ယိုယွင်းခဲ့သည်ကို သတိထားမိကြောင်း မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့တွင် လွန်ခဲ့သည့် ၁၂ နှစ်က လက်တွဲလုပ်ဆောင်ခဲ့သည့် ကို E-ချို က ပြောသည်။

“လျှို့ဝှက်စွာ နေထိုင်ကျင့်ကြံတဲ့ အကျင့်လည်း နဂိုကတည်းက သူ့မှာ ရှိတယ်။ ဒီရောဂါကလည်း ကျနော်တို့ အသေအချာ မသိခဲ့တာ။ သူသွားပြီး ကုလို့ ကွယ်လွန်တဲ့ အချိန်မှ အာမေဍိတ် ဖြစ်ရတာ” ဟု ပြောသည်။

ဦးခင်မောင်တိုးသည် ၁၉၉၆ ခုနှစ်တွင် ဆရာကြီး ဂိုအင်ဂါ၏ ဝိပဿနာ တရားရိပ်သာသို့ စတင်ဝင်ရောက်ပြီး တရားပြဆရာအဖြစ် ဆရာကြီး၏ ရွေးချယ်ခြင်းကို ခံရသည်။ သို့သော်လည်း ဂီတနှင့် အနုပညာကို ငဲ့ပြီး တရားဓမ္မဘက်သို့ ခြေစုံပစ် မဝင်ခဲ့ကြောင်း ကို E-ချို က ပြောသည်။

“တရားနဲ့ ပတ်သက်ပြီးတော့ သူ့ သူငယ်ချင်းတွေကိုလည်း လမ်းပြပို့ဆောင်ပေးခဲ့တယ်။ ဂီတမိတ်ဆွေသာမက ဓမ္မမိတ်ဆွေ တယောက်အနေနဲ့လည်း ကိုခင်မောင်တိုးကို ကျနော်တို့ လေးစားရတယ်” ဟု သူက ပြောသည်။

“သူမှာ ဒေါသဆိုတာ ထွက်ခဲတယ်။ မိသားစု၊ ပတ်ဝန်းကျင်၊ သူငယ်ချင်းတွေအပေါ်မှာ မျှမျှတတနဲ့ ပေါင်းသင်းတယ်။ မျှဝေခံစားတတ်တယ်။ သူနဲ့ ပေါင်းသင်းရတာ စိတ်ချမ်းသာမှု ခံစားရပါတယ်” ဟု ကို E-ချို က ဆက်ပြောသည်။

ဦးခင်မောင်တိုးသည် သြဂုတ်လအတွင်းက ၈၈ မျိုးဆက်ကျောင်းသားများ ပြုလုပ်သည့် ဂီတဝဿန်ပွဲတွင် နောက်ဆုံး ဖျော်ဖြေခဲ့ပြီး အောက်တိုဘာလတွင် “ခွန်အားဖြည့် သမီးငယ်” တေးစီးရီးကို နောက်ဆုံး ထုတ်ဝေခဲ့သည်။

ကျန်ရစ်သည့် ရုပ်ကလာပ်ကို ကွယ်လွန်သည့် ကြာသပတေးနေ့ စင်ကာပူ စံတော်ချိန် ညနေ ၃ နာရီ ၄ဝ မိနစ်တွင် မွန်ဒိုင်းသုဿာန်၌ ဈာပနအခမ်းအနား ကျင်းပသည်ဟု စင်ကာပူရောက် မြန်မာများ၏ ဖေ့ဘွတ်ခ် စာမျက်နှာများတွင် ဖော်ပြကြသည်။

 ဦးခင်မောင်တိုး၏ ပရိသတ်တဦးက “ကျနော် အနှစ်သက်ဆုံး အဆိုတော် နှစ်ယောက် ရှိတယ်လေ။ စိုင်းထီးဆိုင်နဲ့ ခင်မောင်တိုးပေ့ါ။ စိုင်းထီးဆိုင်လည်း ဆုံးသွားခဲ့ပြီ။ အခု ကိုတိုးကြီးလည်း ဆုံးသွားပြီလို့ ကြားရတော့ နောက်ပိုင်း ဆိုရင် သူတို့ရဲ့ အသံတွေကို ကြားရတော့မှာ မဟုတ်ဖူးလေ။ သူတို့ရဲ့ ခံစားချက် တေးသီချင်းတွေနဲ့ အတူ ကျနော့်ရဲ့ ခံစားချက်တွေလည်း ပျောက်ဆုံးသွားသလို ခံစားရပါတယ်” ဟု ပြောသည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ဝေဝေခိုင်၊ သား မင်းမင်းလတ်၊ အောင်ပန်းဦးနှင့် သမီး ဝေနှင်းခိုင် တို့ ကျန်ရစ်သည်။

Most read this week