ရခိုင်-ဘင်္ဂလာနယ်စပ်တွင် မြန်မာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်

ရခိုင်-ဘင်္ဂလာနယ်စပ်တွင် မြန်မာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်
by -
နိရဥ္စရာ

မြန်မာ- ဘင်္ဂလားဒေချ့် နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်းမှာ မြန်မာ စစ်တပ်နဲ့ အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုတို့ အကြား မနေ့ညနေက ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နယ်စပ်လုံခြံုရေး နစက နယ်မြေ (၁)  လို့ သတ်မှတ်ထားတဲ့ အောင်သပြေ အပိုင် ဗန္ဓုလ ကျေးရွာ အနီးမှာ ယမန်နေ့ညနေ ၈ နာရီခွဲကနေ ၁၁ နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ အောင်သပြေကျေးရွာ သားတဦးက နိရဥ္စရာကို အခုလို ပြောပြပါတယ်။

“ည ၈ နာရီကျော်မှာ ဘင်္ဂလာဒေချ့် နယ်မြေထဲက ဓါတ်မီးတွေနဲ့ လူတချို့ ၀င်ရောက်လာရာကနေ စတင် တိုက်ပွဲ ဖြစ်ပွားတယ်လို့ သိရပါတယ်။ ဗန္ဓုလနယ်မြေ နယ်စပ် မိုင်တိုင်အမှတ် (၅၂) (၅၃) အကြားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ညဉ့် ၁၁ နာရီထိ သေနတ်သံတွေ ကြားနေရပါတယ်။ လက်နက်ကြီးသံတွေလည်း ကြားရပါတယ်။”

မိုးချုပ်နေတဲ့ အချိန်ဖြစ်တဲ့ အတွက် ဘယ်အဖွဲ့အစည်းနဲ့ ဖြစ်ပွားတယ်ဆိုတာ အတိအကျ မသိရသေး သလို အထိအခိုက် ဘယ်လောက်ရှိတယ်ဆိုတာလည်း မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲ ဖြစ်ပွားပြီး သိပ်မကြာခင်မှာဘဲ အောင်သပြေရွာက ရှေ့တန်း စခန်းထိုင်နေတဲ့ ဗျူဟာမှူး ကိုယ်တိုင်  ကား ၃ စီးနဲ့ တိုက်ပွဲ ဖြစ်တဲ့ နယ်စပ်ကို လိုက်သွားခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နိုဝင်္ဘာလ ၆ ရက်နေ့က အခု တိုက်ပွဲ ဖြစ်ပွားရာ နယ်စပ်အနီးမှာ အစိုးရရဲ့ ဆောက်လုပ်ရေး (GE) တပ်သားတွေကို လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုက ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် GE တပ်သား တစ်ဦး ကျဆုံးပြီး သုံးဦး ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရပါတယ်။

အဲဒီနေ့က စပြီး နယ်စပ်မှာ မြန်မာအစိုးရ တပ်ရင်း (၆) ခုခန့် တိုုးချဲ့ချထားပြီး ဖမ်း ဆီး ခေါ်ဆောင်ခံထားရတဲ့ တပ်သားတွေကို လိုက်လံရှာဖွေနေတဲ့ အတွက် နယ်စပ်အခြေအနေဟာ တင်းမာနေခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသမှာ ရခိုင်နဲ့ တောင်ပေါ်သား ကျေးရွာ (၇) ရွာခန့်ရှိပြီး အဲဒီအထဲမှာ ဗန္ဓုလ၊ တပ်ချောင်း၊ အောင်သပြေ၊ ဒိန်းညိုစတဲ့ ရွာတွေပါ၀င်ပြီး အိမ်ခြေပေါင်း  ၅၀၀နီးပါးခန့်ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေတဲ့ အတွက် ဒေသခံတွေကတော့ စိုးရိမ်မူတွေ တိုးပွားနေပြီး သူတို့ရဲ့ အလုပ်တွေကိုလည်း သွားရောက် မလုပ်ကိုင်နိုင်ဘဲ ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။

Most read this week