လယ်ယာမြေ ဥပဒေအရ လယ်ကို ပေါင်နှံပြီး ချေးငှားနိုင်ဟု သမ္မတဆို

လယ်ယာမြေ ဥပဒေအရ လယ်ကို ပေါင်နှံပြီး ချေးငှားနိုင်ဟု သမ္မတဆို
by -
မဇ္ဈိမ

လယ်ယာမြေ ဥပဒေအရ လယ်ယာကို ပေါင်နှံပြီး ငွေချေးငှားမှု ပြုနိုင်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြောကြားလိုက်သည်။

နိုဝင်ဘာလ ၁၁ ရက်က မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ ရွှေတောင် သုတေသနခြံ၌ ဒေသေခံ တောင်သူ လယ်သမားများ
နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လယ်မြေကို တန်ဖိုးရှိအောင် ပြုပြင်လိုက်မည်ဆိုလျှင် ယင်းလယ်ကို ပေါင်နှံပြီး လယ်ယာမြေ ဥပဒေအရ ချေးငှား၍ ရပါတယ်။ မိမိတို့ လယ်မြေဟာ သိန်း ၃ဝ ခန့် တန်ဖိုးရှိမည်ဆိုပါက သိန်း ၃ဝ ကျော် မရနိုင်စရာ အကြောင်းမရှိပါဘူး။ အတိုးနှုန်း သက်သာစွာနဲ့ လယ်ယာကဏ္ဍတွင် လယ်ကို အပေါင်ခံပြီး ချေးငှားသွားနိုင်မှာ ဖြစ်တဲ့အတွက် လယ်ကွက် များကို တန်ဖိုးရှိအောင် ပြင်ရန် လိုအပ်ပါတယ်” ဟု သမ္မတ က ဆိုသည်။

လက်ရှိအစိုးရအနေဖြင့် စိုက်ပျိုးရေးကို ပိုမိုတိုးတတ်အောင် လုပ်ဆောင်ရင်း စက်မှုနိုင်ငံ ထူထောင်သွားမည် ဟုလည်းဆိုသည်။

“စိုက်ပျိုးရေးကို ပိုမိုတိုးတတ်အောင် ပြုလုပ်ရန် အဓိကကျသည့် ရေ၊ မြေ၊ ငွေကြေး အရင်းအနှီးနှင့် စျေးကွက် ရှိရန် လိုအပ်ပါတယ်။ စျေးကွက် ရရှိဖို့ တာဝန်ရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူတွေက လုပ်ဆောင်ပေးဖို့လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

စိုက်ပျိုးမြေကို လက်ရှိအနေအထားထက်ပို၍ တန်ဖိုးရှိစေရန် လုပ်ဆောင်ရန်လိုကြောင်း၊ အချို့ဆိုရင် စိုက်ပျိုး လယ်မြေများ မညီမညာနှင့် စိုက်ပျိုးနေခြင်း၊ လယ်ကွက်များ ပုံသဏ္ဍန်မှန်ကန်မှု မရှိခြင်းများကြောင့် အထွက်နှုန်းများလျော့နည်းခဲ့ကြောင်း၊ သို့ဖြစ်၍ မြေနှင့် ပတ်သက်ပြီး စနစ်တကျဖြစ်စေရန် လိုအပ်သည်ဟု ဆိုသည်။

“လယ်ကွင်းတွေ အတွင်းမှာ ကုန်ထုတ်လမ်းတွေ ဖောက်ပေးခြင်းဖြင့် တဆက်တည်း လမ်းဘေးတဖက်တချက်မှာ
ရေမြောင်းတွေ ဖြစ်သွားပြီး လယ်ကွင်းတွေထဲကို ရေသွင်းနိုင်တဲ့အထိ စီစဉ်ဆောင်ရွက်သွားဖို့ လိုပါတယ်” ဟု ဆန်စပါး စိုက်ပျိုးရေးပညာရှင် တဦးက ပြောကြားသည်။

အထူးသဖြင့် ဆည်ရေ ရသည့် လယ်များတွင် ကုန်ထုတ်လမ်းကြောင်းများ ဖောက်မှသာ ရိတ်သိမ်းပြီး စပါးကို ခြွေလှေ့ သည့် နေရာသို့ ပို့နိုင်မည်ဖြစ်သည်။ လယ်ယာကို အခြေပြုပြီး စီးပွားရေးလုပ်ငန်းတခု အနေဖြင့် တစိုက်မတ်မတ် လုပ်ဆောင်မည်ဆိုပါက တောင်သူ လယ်သမားများ၏ ဝင်ငွေမှာလည်း အလိုအလျောက် တိုးတတ်လာနိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။