သျှမ်းပြည်မြောက်ပိုင်းရှိ ပလောင်လူထုများနေထိုင်ရာ မြို့နယ် ၆ ခုတွင် ရွှေသဘာဝ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ကျေးရွာ ၅၁ ရွာမှ ဒေသခံများ၏ မြေယာဧက နှစ်သောင်းကျော် သိမ်းဆည်းခံရသည်ဟု တအာင်း(ပလောင်) ကျောင်းသားနှင့် လူငယ်များအ စည်းအရုံး-TSYO က ပြောဆိုလိုက်သည်။
နမ့်ခမ်း၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ၊ မန်တုံနှင့် နောင်ချိုမြို့နယ်အတွင်း မြေယာသိမ်း ခံရမှုများနှင့် ပတ်သက်၍ “ပိုက်လိုင်းအိပ်မက်ဆိုး” အမည်ရှိ အစီရင်ခံစာတစောင်ကို ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် သတင်းရှင်းလင်းပွဲ ကျင်းပခဲ့သည်။
ယင်းအစီရင်ခံစာအား အင်္ဂလိပ်၊ မြန်မာ၊ ထိုင်း၊ တရုတ် လေးဘာသာဖြင့် ရေးသားထားသလို ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းဖောက်လုပ်နေသည့် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ စီမံကိန်း အပေါ် အခြေခံ၍ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၂ ခုနှစ်အထိ ကွင်းဆင်းမှတ်တမ်းပြုစုထားခြင်း ဖြစ်သည်။
TSYO ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တာဝန်ခံ မိုင်းအမ်းညိုး(Mai Amm Ngeal)က “ဒီအသိမ်းခံရတဲ့ မြေဧကတွေဟာ ယာယီသိမ်းနဲ့ အပြီးသိမ်းဖြစ်ပါတယ်။ မြေယာတွေ အများသိမ်းခံရတာကတော့ နမ္မတူမြို့နယ်ထဲက ရွာတွေဖြစ်ပါတယ်။ ရွာ ၂၃ ရွာ တွေ့ရှိရ တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အသိမ်းခံရသည့် မြေယာများသည် လက်ဖက်၊ ရာသီသီးနှံများစိုက်ပျိုးသော မြေဧကများ အပါအဝင် မထွန်ယက်သော မြေယာ များနှင့် လယ်ယာမြေယာများ ပါ၀င်ပြီး တိကျသည့် လျော်ကြေးများ သတ်မှတ်ထာခြင်း မရှိကြောင်း သိရသည်။
၎င်းအပြင် TSYO အစီရင်ခံစာအရ ရွှေသဘာဝဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်းကြောင့် သျှမ်းပြည်နယ်တွင် မြန်မာစစ်တပ် အင်အား တပ်ရင်း ၂၆ ခုအထိ တိုးချဲ့လာခဲ့ရာ ဒေသခံပြည်သူ ထောင်ပေါင်းများစွာ မြေယာသိမ်းဆည်းခံ ရသည့်အပြင် အဓမ္မ လုပ်အားပေးခိုင်းစေမှုများ ခံနေရဆဲ ဟုလည်း ဖော်ပြထားသည်။
“နိုင်ငံတကာ အသိုင်းအဝိုင်းများက မြန်မာအစိုးရကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖော်ဆောင်နေတယ်လို့ ယုံကြတယ်။ ဒါပေမယ့် လက်ရှိ သျှမ်းပြည်နယ်မြောက်ပိုင်း ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်းတလျှောက် တိုက်ပွဲတွေ ဆက်ဖြစ်နေတော့ ဒေသခံလူထုတွေ ရဲ့ အသက်ရှည်ရပ်တည်မှုဟာ စိုးရိမ်နေရတယ်”ဟု မိုင်းအမ်းညိုးက ဆက်လက် ပြောဆိုသည်။
လတ်တလောအချိန်တွင် သဘာဝဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်း၏ ၆၅ ရာခိုင်နှုန်း ပြီးစီးသွားပြီး စီမံကိန်းလုပ်ငန်းအား လုံး ပြီးစီးပါက လာမည့် နှစ်ပေါင်း ၃၀ အတွင်း ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၉ ဘီလီယံ အစိုးရက အကျိုးအမြတ်ရရှိမည်ဟု TSYO ၏ အစီရင်ခံစာတွင် ထည့်သွင်းထားသည်။
ရွှေသဘာဝဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်းကို တည်ဆောက်ရန် မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့က ၂၀၀၈ ခုနှစ်၌ သဘော တူညီမှုရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပိုက်လိုင်းကို မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုး တန်းမှ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေး တိုင်းနှင့် သျှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ စတင် သွယ်တန်းဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားအားလုံး ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် တန်းတူရေး အပါအဝင် ပလောင်အမျိုးသားတစ်ရပ်လုံး နှင့် လူငယ်များ၏ လူမှုအဆင့်အတန်း အခြေအနေ တိုးတက်စေရန် ရည်ရွယ်၍ TSYO ကို ၁၉၉၈ ခုနှစ်၊ ထိုင်း-မြန်မာနယ်စပ်တ နေရာတွင် ဖွဲ့စည်းခဲ့သည်။