မွန်တို့ ဘယ်က စလာသလဲဆိုတဲ့ မေးခွန်းကို မွန်အချို့တို့က “မွန်ဟာ မွန်ကပဲလာပါတယ်” မွန်ဆိုတာ တရုတ်က အိန္ဒိယက လာတယ်ဆို တာ လက်မခံနိုင်ဟု ဆိုကြပါသည်။
မွန်တို့ ဘယ်က စလာသလဲဆိုတဲ့ မေးခွန်းကို မွန်အချို့တို့က “မွန်ဟာ မွန်ကပဲလာပါတယ်” မွန်ဆိုတာ တရုတ်က အိန္ဒိယက လာတယ်ဆို တာ လက်မခံနိုင်ဟု ဆိုကြပါသည်။ ဤအဖြေသည် ယခုသိပ္ပံခေတ်တွင် ခေတ်မမှီသော အဖြေ ဖြစ်နေပေသည်။ ယခု သိပ္ပံခေတ်တွင် သမိုင်းကို အထောက်အထား ပြည့်စုံစွာဖြင့် ဖော်ပြမှ သာလျှင် လူအများက လက်ခံနိုင်ပါသည်။ အထောက်အထား မပြနိုင်သော သမိုင်းကို ယခုခေတ် လူတို့က လက်မခံလိုကြပေ။ ထို့ကြောင့် ကျွန်တော်တို့ မွန်လူမျိုးနှင့်တကွ အခြားသော လူမျိုးများ လက်ခံနိုင်သော အထောက်အထားနှင့် ပြည့်စုံသည့် မွန်နှင့် ပတ်သက်သော သမိုင်းကို တင်ပြရန် လိုအပ်ပေသည်။
လူမျိုး တစ်မျိုး စတင်လာပုံ ကိုလေ့လာရာ၌ သမိုင်းပညာရှင်များက သိပ္ပံနည်းကျသော ဘာသာဗေဒ ၊ မနုဿဗေဒ၊ စသည့် ပညာရပ်များဖြင့်လေ့လာကြလေသည်။ အထက်ပါ နည်းများဖြင့် ကမ္ဘာပေါ်ရှိ လူမျိုးများ စတင်ပေါ်ပေါက်လာပုံ၊ ပြောင်းရွေ့နေထိုင်ပုံ နှင့် အချို့ကွယ်ပျောက်သွားပုံ စသည့်သမိုင်းများကို ဖော်ထုတ်နိုင်လေသည်။ မွန်တို့၏ အစကိုရှာရာတွင် မောင်းဂွတ်လူမျိုးမှစတင် ဆင်းသက်လာသည်ဟု ဆိုရပေမည်။ မောင်ဂွတ်လူမျိုးမှ စလို့ လူမျိုး နှစ်စု ကွဲသွားပြန်လေသည်။ တစ်မျိုးကို “…..သြစရစ်…” ဟုခေါ်ပြီး ကျန်တစ်မျိုးကိုု “တိဗတ်တိုတရုတ် ဟုခေါ်ဆိုလေသည်။
လူမျိုးတစ်မျိုး ဒေသတစ်ခုတွင်နေထိုင်ရာမှ လူဦးရေ တိုးတက်လာပြီး စီးပွားရေး အရ ကျပ်တည်းလာသော အခါ မိမိတို့၏ အသကက်ရှင်နေရေးအတွက် ဒေသတစ်ခုမှအခြားဒေသ တစ်ခုသို့ပြောင်းရွေ့ လုပ်ကိုင် စားသောက်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ထိုနည်းတူ မောင်းဂွတ် လူမျိုးတိုသည်လည်း အသက်ရှင်ရေးအတွက် နေရာတစ်ခုမှာ အခြားတစ်ခုသို့ပြောင်းရွေ့ လုပ်ကိုင်စားသောက်ကြ လေသည်။ ဤသို့ ပြောင်းရွှေ့ရာမှ အချိန်ကာလ ကြာညောင်း လာသောအခါ နေထိုင်သော ဒေသတို့လည်း တစ်ခုနှင့် တစ်ခုမတူသောကြောင့် “သြစရစ်နှင့် တိဗက်တိုတရုတ်” ဟူ၍ ကွဲပြားသွားလေသည်။ သို့သော် ၎င်းတို့မှာ မောင်းဂွတ် အနွယ်ဝင်များပင် ဖြစ်တော့သည်။ သြစရစ်လူမျိုးတို့လည်း ရေကြည်ရာ မြက်နုရာကိုရှာကြံ၍ စီးပွားရေးအတွက် နယ်မြေဒေသ တစ်ခုမှ အခြား တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ရာတွင် “သြစထရိုအေရှတစ်”နှင့်“သြစထရိုနီးရှင်း”ဟူ၍ လူနှစ်မျိုးပေါ်လာ ပြန်လေသည်။ ထိုနည်းတူစွာပင် တိဗက် တို့တရုတ်တွင်လည်း တိဗက်တိုမင်းနှင့် ထိုင်းတရုတ်ဟူ၍ လူမျိုးနှစ် မျိုးဖြစ်ပေါ်လာလေသည်။ သြစထရိုနီးရှင်း အမျိုးအနွယ်တို့သည် မြန်မာပြည်ယိုးဒယားပြည်နှင့်မလေးကျွန်း ဆွယ် ဘက်သို့ ဆင်းသက်သွား ရာတွင် နီဂရစ်တို လူမျိုး၊ ဆလုံလူမျိုး၊ မလေးရှားလူမျိုးအဖြစ်နေထိုင်သွားလေသည်။
သြစထရိုအေရှတစ် အနွယ်တို့သည် သြစထရိုနီးရှင်း အနွယ် ကဲ့သို့ပင်၊ အာရှတောင်ပိုင်းသို့ မဆင်းသက်ခင် တရုတ်ပြည်၊ ယန်စီကျန်မြစ်ဝှမ်းတွင် မွန်ခမာလူမျိုးအသွင်ဖြင့် တစ်စုတစ်ရုံးတည်း အခြေချ လုပ်ကိုင် စားသောက်ကြလေသည်။“ကျန်” ဟူသောဝေါဟာရသည် တရုတ်တို့၏ဝေါဟာမဟုတ်ဘဲ “ကြုင်”ဟူ သော မွန်ခမာဝေါဟာရအဖြစ် ယခုတိုင်ခေါ်ဝေါသုံးစွဲနေကြသည်ကို ထောက်၍ ယန်စီကျန်မြစ် ဝှမ်းသည်မွန် ခမာတို့၏ဒေသဟောင်း ဖြစ်သည်ဟုယူဆရလေသည်။ “ကြုင်” ဟူသောအဓိပ္ပာယ်ာမှှာ မွန်ဘာသာအရ “မြစ်” ဟူ၍ပင်ဖြစ်လေသည်။ တရုတ်ဘာသာအရ မြစ်ကို “ဟို” ဟူ၍ခေါ်လေသည်။ တရုတ်ပြည်မြောက်ပိုင်း ရှိမြစ်အမည်မှာ “ ဟိုအန်ဟို” ဟုတရုတ်ဘာသာအရဖြစ်ပြီး မြန်မာလို အဓိပ္ပာယ် မှာ မြစ်ဖြစ်လေသည်။ မွန်ခမာလူမျိုးတို့သည် ယန်စီကျန် မြစ်ဝှမ်းတွင် တစ်စုတစ်ရုံးတည် နေထိုင်ရာတွင် စိုက်ပျိုးရေးလုပ်ငန်း၌ စနစ်တကျလုပ်ကိုင်နိုင်းသော လူမျိုးဟုယူဆ ရလေသည်။ အဘယ်ကြောင့်ဆိုသော် ယန်စီကျန်မြစ်ဝှမ်းသည် အလွန်တရာမှကောင်းမွန်သောဒေသဖြစ်သောကြောင့်ပင်ဖြစ်သည်။
မွန်ခမာတို့သည် ယန်စီကျန်မြစ် ဝှမ်းတွင်မည်သို့ပင် လုပ်ကိုင်စားသောက်၍ ကောင်းစေကာမှုမြောက်ပိုင်းမှ လူမျိုးများ၏ ပြောင်းရွှေ့လာမှု ကြောင့်လည်းကောင်း ၊ မိမိလူမျိုးများ၏ လူဦးရေလည်း တိုးတက်များပြား လာသဖြင့် အကျပ် အတည်းတွေ့ရသောကြောင့်လည်းကောင်း တောင်းပိုင်းသို့ပြောင်းရွှေ့လာကြသည်ဟုယူ ဆရပေသည်။ ထိုသို့ပြောင်းရွှေ့လာရာတွင် အင်ဒိုချိုင်းနား ဘက်သို့ ဆင်းသက်လာသော အုပ်စုများသည် ဗီယက်နမ်ဒေသတွင် ဗီယက်နမ်လူမျိုူးအဖြစ်လည်းကောင်း၊ ကမ္ဘောဒီးယားဒေသတွင် ခမာလူမျိုး အဖြစ် လည်းကောင်း၊ ယိုးဒယား (ထိုင်း)နှင့်မြန်မာပြည်တောင်ပိုင်းတွင် မွန်လူမျိုးအဖြစ်လည်းကောင်း၊ မြန်မာပြည်မြောက်ပိုင်းတွင် ပလောင်၊လဝ၊ ရိယန် လူမျိုးများ အဖြစ်လည်းကောင်း၊ အိန္ဒိယပြည်သို့ ဗြဟ္မပုတ္တရ မြစ်အတိုင်း ဝင်ရောက်သွားသော မွန် ခမာတို့သည် ဒက္ခိဏကုန်းတွင် မုဏ္ဍလူမျိုးဖြစ် လည်းကောင်း ၊ဘင်္ဂလားနယ်တွင် ဆန်သာ(လ်)လူမျိုး အဖြစ် လည်းကောင်း အာသံနယ်တွင် ခါဆီလူမျိုး အဖြစ်လည်းကောင်း အခြေချနေထိုင်သည်ကိုတွေ့ရလေသည်။
အဆိုပါ မွန်ခမာနွယ်ဘွား လူမျိုးများသည် တစ်ချိန်က ဒေသတစ်ခုအတွင်း တစ်စုတစ်ရုံးတည် နေထိုင်ရသဖြင့် မိမိတို့ပြောသော စကားသည် တစ်မျိုုးတည်းပင်ဖြစ်သော်လည်း အခြားဒေသများတွင် သွားရောက် အခြေချ လုပ်ကိုင် စားသောက်ကြရသဖြင့် လည်းကောင်း၊ မိမိတို့နှင့် အနွယ်တူ အခြားအုပ်စုနှင့် အချိန်ကြာမြင့်စွာ ကွဲကွာပြီး နေရသဖြင့်လည်းကောင်း မိမိတို့ပြောဆိုသော မူရင်းဘာသာ စကားအပြင် အခြားသော ဝေါဟာရများကိုလည်း သုံးစွဲရသဖြင့် ဝေါဟာရ တိုးတက်များပြား လာပြီး ဝေါဟာရ အသစ်များတွင် မိမိတို့အနွယ်များနှင့် မတူသော ဝေါဟာရ အသစ်များကိုလည်း ထည့်သွင်း သုံးစွဲရလေသည်။ သို့သော်လည်း မိမိတို့မူရင်း မွန်ခမာ ဝေါဟာရမူကာ မပျောက်မပျက် သုံးစွဲလျက် ရှိသည်ကို တွေ့ရလေသည်။ ဤအခြေ အနေပေါ်တွင် မူတည်ပြီး ဘာသာဗေဒ ဆရာများက လူမျိုးများ ဆင်းသက် လာပုံကို ဖော်ထုတ်နိုင်း ခြင်းဖြစ်လေသည်။ ထို့ကြောင့် ဗီယက်နမ် ၊ခမာ ၊ မွန်၊ ပလောင်၊ လဝ၊ ရိယန်၊ မုဏ္ဍ၊ဆန်သာ(လ်)၊ ခါဆီ၊စသော် လူမျိုးများသည် မွန်ခမာအုပ်စုမှ ပေါက်ပွားလာသော အလွန်နီးစပ်သည့် ညီအကို မောင်နှမ များဟုဆိုရပေမည်။
ထိုနည်းတူစွာ တိဗက်တိုဘာမင်း အုပ်စု ပေါက်ပွားလာသော လူမျိုးများမှာ ပျူ၊ ကမ်းယံ၊ သက်၊ ချင်း၊ ဗမာ ၊ ကရင် လူမျိုးများဖြစ်သည်ဟု ဘာသာ ဗေဒဆရာများက ဆိုပါသည်။ နောက်ဆုံး ထိုင်းတရုတ် အုပ်စုမှ ပေါက်ပွားလာသော လူးမျိုးများမှာ ရုမ်း၊ ရုမ်းတရုတ်၊ ရုမ်းဗမာ များပင်ဖြစ်လေတော့သည်၊ ထို့ကြောင့် ယခု အခါအရှေ့အာရှတောင်ပိုင်းတွင် နေထိုင်ကြသောလူမျိုးမှာ မောင်းဂွတ် လူမျိုးမှ စ၍ ဆင်းသက်လာကြပြီး မိမိတို့ကြိုက်နှစ်သက်သော ဒေသတွင် အခြေချနေထိုင်ကြသော ဆွေမျိုး ပေါက်ဖော်များပင် ဖြစ်ကြောင်း သိသာ နိုင်လေသည်။