မွန်ပြည်သစ် ဖွဲ့စည်းပုံတွင် ကလေးစစ်သားဆိုင်ရာ နည်းဥပဒေများ ရေးဆွဲမည်

မွန်ပြည်သစ် ဖွဲ့စည်းပုံတွင် ကလေးစစ်သားဆိုင်ရာ နည်းဥပဒေများ ရေးဆွဲမည်
by -
မဇ္ဈိမ

ကလေး စစ်သား အသုံးမပြုရေးနှင့် ပတ်သက်သည့် အကျယ်တဝင့် နည်းဥပဒေများအား ပါတီဖွဲ့စည်းပုံ၌ ရေးဆွဲ ပြဋ္ဌာန်းသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း မွန်ပြည်သစ် ပါတီ MNSP မှ ထုတ်ဖော်ပြောကြားလိုက်သည်။

မြေမြှုပ်မိုင်းနှင့် ကလေးစစ်သား အသုံးမပြုရေး အကူအညီပေးနေသည့် Geneva Call မှ အဆင့်မြင့် အရာရှိ Mr. Chris Rush နှင့် မွန်ပြည်သစ်ပါတီတို့ နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ဆုံအပြီး ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အခု ကျနော်တို့ Geneva Call နဲ့ သဘောတူထားတဲ့ Code of Conduct (လုပ်ဆောင်မှု စံသတ်မှတ်ချက်)မှာ ဘယ်အချက်တွေဟာ ပါတီဖွဲ့စည်းပုံနဲ့ စစ်တပ်ဖွဲ့စည်းပုံထဲမှာ နည်းဥပဒေအဖြစ် ထည့်သွင်းရေးဆွဲဖို့ကို အဆင့်ဆင့် အစည်းအဝေးတွေ ကျင်းပပြီး သဘောတူမှု ရယူရမယ်။ အဲဒီနောက်မှ ပါတီညီလာခံမှာ အတည်ပြုဖို့ စီစဉ်ထားပါ တယ်” ဟု မွန်ပြည်သစ် ပါတီ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေးရုံး တာဝန်ခံ နိုင်ဟံသာ ဗိုန်ခိုင် က မဇ္စျိမကိုပြောသည်။

ကရင်နီ တိုးတက်ရေးပါတီ (KNPP) နှင့် မွန်ပြည်သစ်ပါတီ တို့သည် Geneva Call နှင့် အချက် ၁၆ ချက်ပါ စာချွန်လွှာအား သြဂုတ်လ ၃ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ကြပြီးဖြစ်သည်။

ကလေးစစ်သား အသုံးမပြုရေးနှင့် ပတ်သက်သည့် ကိစ္စရပ်ကို လုပ်ဆောင်သွားရန် မွန်ပြည်သစ်ပါတီဗဟို အလုပ်အမှုဆောင်များက အတည်ပြုထားပြီး ဖြစ်၍ ထိုနည်းဥပဒေများ ထည်းသွင်းရေးဆွဲ ပြီးစီးခြင်းနှင့် အတည်ပြုနိုင်ခြင်းတို့အား ၂ဝ၁၅ ပါတီ ညီလာခံအမီ ပြီးစီးနိုင်ဖွယ် ရှိကြောင်း နိုင်ဟံသာ ဗိုန်ခိုင် က ပြောသည်။

“ဘယ်လို အခြေအနေပဲ ရောက်ရောက် ဒီမြေမြှုပ် မိုင်းတွေ နောက်တခေါက် မြေကြီးထဲကို ပြန်မရောက်အောင် ကာကွယ် ရပါမယ်။ ကနေ့ အပစ်အခတ် ရပ်စဲရေး ရရှိထားပြီးတဲ့ ဒေသတွေမှာတော့ ရှိနေပြီးသား မြေမြှုပ် မိုင်းတွေဖော်ထုတ်ဖို့ကိစ္စကို အရေးတကြီး ကိုင်တွယ်ဖို့ လိုပါတယ်။ ဘယ်လိုကိုင်တွယ်ကြမလဲ ဆိုတာကတော့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ကျနော်တို့ အားပေးတာက အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ နှစ်ဖက် ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အခါမှာ ဒီကိစ္စကို တင်ပြဖို့ပါ” ဟု Geneva Call မှ Mr. Chris Rush က မဇ္စျိမကိုပြောသည်။

မြန်မာ တနိုင်ငံလုံး အတိုင်းအတာဖြင့် လက်နက်ကိုင်တပ်ဖွဲ့ အတော်များများက မြေမြှုပ် မိုင်းကို အသုံးပြုနေ ကြဆဲ ဖြစ်သည်ဟုလည်း Geneva Call မှ ခန့်မှန်းထားသည်။

ထို့ပြင် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များ နေရပ် ပြန်နိုင်ရေး အတွက် ကရင်ပြည်နယ် အတွင်းရှိ မြေမြှုပ် မိုင်းများ ဖော်ထုတ် ဖယ်ရှင်းပေးရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့များ၊ ဆက်စပ် လက်နက်ကိုင် အဖွဲ့များနှင့်လည်း ဆွေးနွေး ညှိနှိုင်း ခြင်းများကို Geneva Call မှ လုပ်ဆောင်လျက် ရှိသည်ဟု ဆိုသည်။

ဒုက္ခသည်များ နေရပ် ပြန်နိုင် ရေးမှာလည်း လုံခြံုရေးအရ စိတ်ချရစွာ နေရပ် ပြန်နိုင်သည့် အခြေအနေ ဖြစ်သင့် သည်ဟု Mr. Chris Rush မှ ပြောသည်။

၂ဝ၁၁ ခုနှစ် အတွင်းကလည်း Geneva Call မှ NMSP, KNU, KNPP, PSLF, CNF, LDU, PNLO, SSA-S, KIO အဖွဲ့အစည်း (၉) ဖွဲ့တို့နှင့် တွေ့ဆုံခဲ့ပြီး မြေမြှုပ်မိုင်း အသုံးမပြုရေး ကိစ္စ၊ စစ်ပွဲများအတွင်း ကလေးစစ်သားများ အသုံးမပြုရေးနှင့် ကလေးသူငယ်များ အကာအကွယ်ပေးရေးကိစ္စ၊ စစ်ပွဲများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ခဲ့သည်ဟု Geneva Call ၏ ၂ဝ၁၁ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာ၌ ဖော်ပြထားသည်။

Geneva Call အဖွဲ့သည် ဆွစ်ဇာလန် တရားဥပဒေ အောက်တွင် တည်ထောင်ထားသည့် အစိုးရ မဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်း တရပ် ဖြစ်ပြီး ရုံးချုပ်မှာ ဂျီနီဗာ မြို့၌ တည်ရှိသည်။

Most read this week