သုဝဏ္ဏဘူမိ မွန်မြို့ဟု မွန်သမိုင်းပညာရှင်များ ဆို

သုဝဏ္ဏဘူမိ မွန်မြို့ဟု မွန်သမိုင်းပညာရှင်များ ဆို
by -
မဇ္ဈိမ

ရှေးဟောင်းသုတေသနဌာနမှ သထုံဒေသရှိ သမီးတော်ကုန်းကို နိုဝင်ဘာ လကုန်ပိုင်းတွင်ပြန်လည် တူးဖော်တော့မည် ဖြစ်ပြီး ၎င်းမှ ရရှိသည့် သုတေသန ပြုချက်ဖြင့်သာ သုဝဏ္ဏဘူမိသည် မည်သည့် မြို့ပြနိုင်ငံ ဖြစ်သည်ကို ဆုံးဖြတ်သင့်ကြောင်း သမိုင်း သုတေသီများက ပြောဆိုလိုက်သည်။

pu

နိုဝင်ဘာလကုန်ပိုင်းတွင် ရန်ကုန်၌ ကျင်းပမည့် ‘ပျူလူမျိုးနှင့် ပျူနိုင်ငံတော်’ သုတေသန စာတမ်းဖတ်ပွဲနှင့် ပတ်သက် ပြီး သုဝဏ္ဏဘူမိသည် ပျူမြို့ပြနိုင်ငံ ဖြစ်ကြောင်း ကြိုတင်ရေးသားချက်များနှင့် ပတ်သက်၍ ပြန်လည်တုံ့ပြန် ပြောဆို ခြင်းများလည်း ဖြစ်သည်။

“ဟုတ်တိပတ်တိ သထုံမှာ သုတေသနလုပ်တာ မရှိခဲ့ဘူး။ အခု အစပျိုးပြီးတော့ လုပ်တော့မယ် ဆိုတော့ ကျနော်တို့ ဝမ်းသာပါတယ်။ အသစ်အသစ် တွေ့ရှိမှုတွေ တွေ့လာရင် ရလာတဲ့ သုတေသန တွေ့ရှိချက်နဲ့ သုဝဏ္ဏဘူမိဟာ မွန်လား၊ ပျူလား ဆိုတာ ပညာရှင်တွေ ဆုံးဖြတ်ပေါ့ဗျာ” ဟု သမိုင်းသုတေသနဌာနမှ အငြိမ်းစား လက်ထောက်ညွှန်ကြားရေးမှူး ဦးစံဝင်း က မဇ္စျိမကို ပြောသည်။

မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့က ကျင်းပခဲ့သည့် ‘ရွှေအဆင်း ဝင်းသော သုဝဏ္ဏဘူမိ’ စာတမ်းဖတ်ပွဲ (Photo: Citizen Journalist)

၁၉၇၄ - ရ၈ ခုနှစ်အတွင်း သထုံခရိုင် ‘ဝင်းက’ရွာ တူးဖော်မှု နောက်ပိုင်း ရှေးဟောင်း သုတေသနဌာနက သထုံဒေသ ကို ဖြစ်မြောက်အောင် ဆက်လက်တူးဖော်ခြင်း မပြုဘဲ ရပ်နားထားခဲ့သည်ဟု ၎င်းက ပြောသည်။

ဦးစံဝင်း က သုဝဏ္ဏဘူမိသည် မွန်မြို့ပြနိုင်ငံသာ ဖြစ်ပြီး ပျူမြို့ပြနိုင်ငံ မဟုတ်ကြောင်း စနေနေ့က မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည့် ‘ရွှေအဆင်းဝင်းသော သုဝဏ္ဏဘူမိ’ စာတမ်းဖတ်ပွဲတွင် ပြောဆိုသွားခဲ့သည်။

“ဓမ္မစေတီမင်း ရေးထိုးတဲ့ ကလျာဏီသိမ် ကျောက်စာအတိုင်း ရာမညဒေသဟာ မွန်ပဲ၊ အဲဒါကို ကျနော်တို့ သက်သေ ပြနိုင်ပါတယ်” ဟု သူက ဆိုသည်။

ဦးစံဝင်းမှာ ၁၉၈၆ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့အတွက် ‘စစ်တောင်းနှင့် သံလွင် မြစ်နှစ်သွယ် စပ်ကြားရှိ ရှေးဟောင်းမြို့ များ ပဏာမ လေ့လာချက်’ စာတမ်းကို ရေးသားခဲ့သူ ဖြစ်ပြီး သမိုင်းသုတေသန ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကာ သုဝဏ္ဏဘူမိ စီမံချက်တွင် ဦးဆောင်သူ သုတေသီတဦး အဖြစ် နှစ်ပေါင်း ၃ဝ ကျော် သုတေသနလုပ်ငန်းကို လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

မော်လမြိုင် တက္ကသိုလ်၏ သုတေသန လုပ်ငန်းတရပ် ဖြစ်သည့် အထက်ပါ စာတမ်း ဖတ်ပွဲကို စနေနှင့် တနင်္ဂနွေ
နေ့ (နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့) များက ကျင်းပခဲ့ပြီး သုဝဏ္ဏဘူမိသည် မြန်မာနိုင်ငံအောက်ပိုင်း မွန်ပြည်နယ် သထုံခရိုင်အတွင်း၌ ရှိသည့် မွန်မြို့ပြနိုင်ငံ ဖြစ်ကြောင်း သမိုင်း၊ သုတေသန၊ ဘာသာဗေဒ၊ ဥပဒေ ရှုထောင့်များမှ အသီးသီး တင်ပြခဲ့ကြသည်။

ထိုစာတမ်းဖတ်ပွဲသို့ ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ မော်လမြိုင် တက္ကသိုလ်ရှိ ဌာနပေါင်းစုံမှ သုတေသန ပညာရှင်များ၊ အနယ်နယ် အရပ်ရပ်မှ အလွတ် သမိုင်းသုတေသီများ၊ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ မွန်ပြည်နယ် ၁ဝ မြို့နယ်မှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ စုစုပေါင်း ၄ဝဝ ကျော် တက်ရောက်ကာ စာတမ်း ၁၈ စောင်ကို ဖတ်ကြားခဲ့သည်။

ဒေါက်တာကျော်ဝင်း (အငြိမ်းစား ပါမောက္ခ ဌာနမှူး သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်) ကလည်း “မွန်ပြည်နယ် သုဝဏ္ဏဘူမိ မြို့ဟောင်းဟာ ရှေးဟောင်း မွန်ယဉ်ကျေးမှု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့သော ပညာရှင်တွေက ရာမညဒေသဟာ ပုဂံထက် စောတဲ့ အထောက်အထား မရှိပါဘူးလို့ တင်ပြလာတဲ့အခါမှာ ထင်ယောင်ထင်မှား ဖြစ်ကြ ရတယ်” ဟု သူ၏ ‘ရာမညဒေသမှ သုဝဏ္ဏဘူမိ တည်နေရာ ရှာဖွေခြင်းနှင့် ဖော်ထုတ်ခြင်း’ စာတမ်းတွင် ထည့်သွင်း ဖတ်ကြားခဲ့သည်။

ထိုစာတမ်းများကို စုဆောင်း တည်းဖြတ်ကာ စာအုပ် ထုတ်ဝေသွားမည် ဖြစ်ပြီး နှစ်စဉ် သုတေသန စာတမ်း ဖတ်ပွဲ လုပ်ဆောင်သွားနိုင်ရန် ကြိုးစားသွားမည်ဟုလည်း ဦးစံဝင်း က ပြောသည်။

နိုဝင်ဘာလ ၁ ရက်နေ့ကလည်း ‘ဓညဝတီ (တွံတေး)၊ သုဝဏ္ဏဘူမိ (သထုံ) သည် ပျူမြို့ပြနိုင်ငံ ဖြစ်ကြောင်းကို ကန့်ကွက်ခြင်း’ ခေါင်းစဉ်ဖြင့်  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် ပျူလူမျိုးနှင့် ပျူနိုင်ငံတော် သုတေသန စာတမ်းဖတ်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချစ်စံဝင်း ထံသို့ အသီးသီး လိပ်မူပြီး မွန်သမိုင်း သုတေသနအဖွဲ့မှ ကန့်ကွက်စာ ပေးပို့ခဲ့ကြသည်။

“ဒင်္ဂါး တလုံးစ နှစ်လုံးစ တွေ့တာနဲ့၊ အုတ်ချပ် တလုံးစ နှစ်လုံးစ တွေ့တာနဲ့ ပျူလို့ သတ်မှတ်တယ်ဆိုတာ ကတော့ လိုရာ ဆွဲသွင်းသလို ဖြစ်နေတာပေါ့ဗျာ။ အရင်က သုဝဏ္ဏဘူမိ သထုံဆိုတာက ကုန်သွယ်ရေး လမ်းကြောင်း ဆိပ်ကမ်းမြို့ ဖြစ်တယ်လေ။ အခု ထားဝယ် ရေနက်ဆိပ်ကမ်းလိုပေါ့ဗျာ။ ဆိပ်ကမ်းမြို့ ဖြစ်တဲ့အတွက် ဒင်္ဂါးတွေက ဒီနေရာမှာ ကျန်လည်း ကျန်နေမှာပေါ့နော်။ ဥပမာ ဒေါ်လာတွေ့လို့လည်း အမေရိကန်တွေ အုပ်ချုပ်တယ်လို့ ပြောလို့ မရဘူး ဆိုသလိုပေါ့။ ဒင်္ဂါးတို့ ဒေါ်လာတို့က ကူးသန်း ရောင်းဝယ်တဲ့ နေရာမှာ သုံးတဲ့ ကိရိယာတခုပဲ” ဟု မွန်သမိုင်း သုတေသနအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သည့် အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာန၊ အငြိမ်းစား ညွှန်ကြားရေးမှူးနိုင်မောင်တိုး က မဇ္စျိမကို ပြောဆိုသွားသည်။

Most read this week