ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ပွဲများကြောင့် ရွှေ့ပြောင်းလာခဲ့ရသော ပလောင် ဒုက္ခသည် ၂,ဝဝဝ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပြီး အမျိုးသမီးများအပေါ် ဒုက္ခသက်ရောက်မှုမှာ စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်ဟု ပလောင် အမျိုးသမီးအစည်းအရုံး PWO က ထုတ်ဖော်ပြောဆိုလိုက်သည်။
ရှမ်းပြည်နယ်၊ မန်တုန်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်သို့ တလကျော်ကြာ သွားရောက် စစ်တမ်းကောက်ယူခဲ့ပြီး နောက် လေ့လာတွေ့ရှိချက်များနှင့် ပတ်သက်၍ “စစ်ပွဲ၏ ဝန်ထုပ်ဝန်ပိုး” အမည်ရှိ စာတမ်းကို ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။
“ကျမတို့ စခန်း သုံးခုမှာ ကိုယ်ဝန်ဆောင် ၃ဝ လောက် အင်တာဗျူးဖြစ်ခဲ့တယ်။ အသက်ကို လုပြီး ထွက်ပြေး ကြရတယ်။ အမျိုးသမီးတဦးဆိုရင် ဖိနပ်တောင်မရှိဘူး။ တောလမ်းနဲ့ဘဲ ကွဲျ၊ နွားလမ်းနဲ့ သွားရတဲ့အတွက် အရမ်းကို ခြေထောက်ကွဲပြဲတာတွေ ဖြစ်တော့ အမျိုးသမီးတွေဟာ အရမ်းကို နစ်နာတဲ့လူတွေ ဖြစ်နေတာ” ဟု ကိုယ်တိုင် စစ်တမ်းသွားရောက် ကောက်ယူခဲ့သူ လိုည်းပိုးညိူဝ်း က ပြောသည်။
မန်တုံမြို့နယ်၊ တွန်ဟုမ်း စစ်ပြေးဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ စသည့် ထောက်ပံ့ မှုများ အရေးပေါ် လိုအပ်နေသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။
ထို့ပြင် ငှက်ဖျားရောဂါနှင့် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားနေသဖြင့် အရေးပေါ် ဆေးဝါးကုသရန် လိုအပ်နေသည် ဟုလည်း ဆိုသည်။
အစိုးရတပ်က ပလောင်အမျိုးသားများကို စစ်သားအဖြစ် စုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းများကြောင့် ဒေသခံ ပလောင် အမျိုးသားများက ၎င်းတို့ ကျေးရွာမှ တခြားဒေသသို့ ထွက်ပြေး တိမ်းရှောင်နေကြသဖြင့် မိသားစု စားဝတ်နေရေးအတွက် အမျိုးသမီးများကသာ တာဝန်ယူ နေရသည်ဟု သူမက ဆက်ပြောသည်။
“ထွက်ပြေးတဲ့အခါလည်း ကလေးနဲ့ ပစ္စည်းတွေကို အမျိုးသမီးကိုယ်တိုင် အသက်ဘေးကနေ လွှတ်ကင်း အောင်လို့ ထွက်ပြေးရတယ်။ စခန်းကို ရောက်လာတယ်ဆိုပေမယ့် စားဝတ်နေရေးအတွက် အမျိုးသမီးတွေပဲ တာဝန်ယူနေရ တယ်။ တချို့အမျိုးသမီးတွေဆိုရင် တောင်ယာတွေမှာ နေ့စားလုပ်ပြီး စားသောက်ဖို့ ရှာနေရတယ်” ဟု လိုည်းပိုးညိူဝ်း က ဆက်ပြောသည်။
တရက်လျှှင် နေ့စားခ ၁,၀၀၀ မှ ၁,၅၀၀ သာ ရရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် အကူအညီပေးရေး အဖွဲ့များ လာရောက်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်ဟုလည်း ဆိုသည်။
၂ဝ၁၁ ခုနှစ်မှစ၍ အစိုးရတပ်က ထိုဒေသအတွင်း ထိုးစစ်ဆင်လာခဲ့ရာ ကျေးရွာပေါင်း ၁၅ ရွာမှ ပြောင်းရွှေ့လာခဲ့ ရခြင်း ဖြစ်သည်ဟု ဆိုသည်။
၎င်းတို့မှာ ဒုက္ခသည်စခန်းအဖြစ် သီးသန့်ဖွင့်လှစ်ထားခြင်း မရှိဘဲ နီးစပ်ရာ ကျေးရွာများအတွင်း ထွက်ပြေး တိမ်းရှောင် နေထိုင်နေရခြင်းဖြစ်၍ လက်ရှိ ပြောင်းရွှေ့သည့်နေရာမှာလည်း လုံခြံုမှု ရှိသည်ဟု အာမခံချက် မပေးနိုင်ကြောင်း သူက ဆိုသည်။
ကွတ်ခိုင်၊ နမ့်ဆန်၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ စသည့် မြို့နယ်များအတွင်း အစိုးရတပ်ဖွဲ့နှင့် ကချင်လွပ်လပ်ရေး တပ်မတော် KIA၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSA-Nနှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၏ စုပေါင်းတပ်ဖွဲ့တို့ လှုပ်ရှားရာနယ်မြေဖြစ်ပြီး အစိုးရတပ်များနှင့် တိုက်ပွဲများ မကြာမကြာ ဖြစ်ပွားနေသဖြင့် မုံးစီနှင့် ကွတ်ခိုင်မြို့နယ် မိုင်းပွန်း၊ မန်းပူးနှင့် မိုင်းယု ကျေးရွာဘက်မှ စစ်ပြေးဒုက္ခသည် ၅၀၀ ကျော် ထပ်မံတိုးမြင့်လာသည် ဟု သိရသည်။
ထို့အပြင် မိုးမိတ်နှင့် နမ့်ဆန်ကြားတွင် အစိုးရ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ဖွဲ့များ့နှင့် ရံဖန်ရံခါ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး PSLF မှ အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော် က ပြောသည်။
“ကျနော်တို့ သိသလောက် တွန်ဟုမ်းဘက်လူတွေ တော်တော်ဒုက္ခရောက်တယ်။ တောတောင်တွေမှာဘဲ ခိုလှုံနေရ တာ။ တိုက်ပွဲ တနှစ်ကျော်လာပြီဆိုတော့ သေတဲ့လူတွေ ရှိတယ်။ ငှက်ဖျားနဲ့ ကာလဝမ်းရောဂါတွေ ဖြစ်တယ်။ အခုဆိုရင် ဆောင်းရာသီ ဝင်လာပြီဆိုတော့ အေးတာ တော်တော်လည်း ခံရတယ်” ဟု မဇ္စျိမကို ပြောသည်။
ပြည်တွင်းစစ်ကြောင့် တရုတ်နယ်စပ်တလျှောက် ရွှေလီ၊ ကူမင်း စသည့် မြို့များထိ သွားရောက်၍ အလုပ် လုပ်ကိုင်သူ ပလောင် လူငယ်နှင့် အမျိုးသားများ အနည်းဆုံး ၃ သောင်းမှ ၅ သောင်းထိ ရှိနိုင်သည်ဟု မိုင်းဘုန်းကျော်က ခန့်မှန်း ပြောဆိုသည်။