ဇိန်မှုတောင်ဘေးမဲ့တော စီမံချက် လက်တွေ့အကောင်အထည်ဖော်တော့မည်

ဇိန်မှုတောင်ဘေးမဲ့တော စီမံချက် လက်တွေ့အကောင်အထည်ဖော်တော့မည်
by -
ခိုနူမ်းထုန်

ချင်းပြည်နယ် ဖလမ်း၊ ဟားခါး၊ ထန်တလန်မြို့နယ်အကြားတည်ဆောက်ထားသည့် လိုင်ဗားရေလှောင်တမံ ဧရိယာနှင့် ဇိန်မှုတောင် ဧရိယာအတွင်း ဘေးမဲ့တောအဖြစ် ရာထားချက် လက်တွေ့အကောင်အထည် ဖော်တော့မည်ဖြစ်သည်။

ဧက ၁၀,၁၆၇ အကျယ်အဝန်းရှိ ယင်းနေရာအား ယခင်အစိုးရလက်ထက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက ၁၉၉၇ ခုနှစ် ဇူလိုင်လ ၃၀ ရက်၊ ကြေညာချက်အမှတ် ရ/၉၇ အရ ဘေးမဲ့ တောအဖြစ် သတ်မှတ်ခဲ့သည်။

နေပြည်တော်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများဖြစ်သည့် ဦးရဲထွန်း၊ ဦးကြည်စိုးဝင်းတို့က ဇိန်မှုတောင်ဘေးမဲ့တော စီမံကိန်းအကောင် အထည်ဖော်ရန် ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များက ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က အဆိုပါ ဧရိယာသည် ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်ဖွဲ့စည်းပြီးဖြစ်ကြောင်း ဘေးမဲ့တောအဖြစ် ပြင်ဆင်ဖွဲ့စည်းရေးအတွက် ကွင်းဆင်းဆောင်ရွက်မည်ဟု စက်တင်ဘာလ က ကျင်းပသည့် နေပြည်တော်ပုံမှန် လွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

ဇိန်မှုတောင်သည် ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ ထန်တလန်မြို့နယ်အကြား ပင်လယ်ရေမျက်နှာပြင်အထက် ၈,၄၁၄ ပေ အမြင့် တွင်တည်ရှိပြီး ဘွေနူးမြစ်( ကုလားတန်)၊ လိုင်ဗား၊ တွီအိုချောင်းအကြားတွင် တည်ရှိသည်။

ဒေသခံ ကွင်းဆင်းလေ့လာသူ ရွာသားတဦးက “တကယ့် ဘေးမဲ့တောအဖြစ် ရာထားတာက တောင်ပေါ် အမြင့်ဆုံးနေရာအပါအဝင် ဧက ရ၀၀၀ ခန့်ရှိမယ်၊ ပတ်ဝန်းကျင် သုံးရွာမှ နယ်မြေဒေသတွေကို ရာထားတာပါ” ဟု  ပြောသည်။

ထို့အပြင် ဇိန်မှုတောင်သည် သစ်တော ထူထပ်ပြီး အဖိုးတန်သစ်ခွများစုံလင်စွာပေါက်ရောက် သည့်ဒေသ ဖြစ်သလို တောတိရိစ္ဆာန် များအလွန်ပေါများ ကျက်စားရာဒေသဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

“တောင်ပေါ်မှာ ခရစ်ယာန်ဘာသာဝင်တွေက နှစ်စဉ် အစာရှောင်ဆုတောင်းပွဲတွေပြုလုပ်လေ့ရှိတယ်၊ တောနက် တွေ၊ အလွန်သာယာတဲ့ ရှုခင်းတွေ၊ သဘာဝ ရေအိုင်တွေနဲ့ အင်မတန်လှပတယ်” ဟု ကွင်းဆင်းလေ့လာခဲ့သူက ပြောသည်။

ဇိန်မှုတောင်ဘေးမဲ့တောအပြင် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်မြို့နယ်အကြား မြန်မာနို်င်ငံ အတွင်း တတိယ အမြင့်ဆုံးတောင်ဖြစ်သည့် ၀ိတိုရိယ ( ခိုနုမ်းထုန်) တောင်ကိုလည်း နတ်မတောင်ဘေးမဲ့ တော အဖြစ်သတ်မှတ် ခဲ့သည်။

Most read this week