ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသ အတွင်းက အိုးအိမ်မဲ့ ရွှေ့ပြောင်း ဒုက္ခသည် IDP ကျေးရွာတွေဖြစ်တဲ့ ပယ်ခီးရွာနဲ့ ပဟိုးရွာတွေက ငါးနှစ်အောက်ကလေးငယ်တွေ ကြက်ညှာချောင်းဆိုးရောဂါ ကူးစက်ခံနေကြရပြီး အဲ့ဒီထဲက ကလေးငယ်အချို့ဟာ မျက်လုံးအတွင်းသို့ သွေးယိုစီးတဲ့ဝေဒနာ ခံစားနေကြရတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၄ ရက်က စပြီး ၎င်းကျေးရွာများမှာရှိတဲ့ ငါးနှစ်အောက်ကလေးငယ် ၄၀ လောက်ဟာ အဆက်မပြတ်ချောင်းဆိုးခြင်း၊ အသက်ရှုမောခြင်း၊ ပျို့အန်ခြင်းတို့မှတဆင့် မျက်လုံးထဲထိ သွေးယိုစီးမှုတွေ ဖြစ်ပေါ်လာတဲ့အတွက် ကုသမှုနှောင့်နှေးပါက အသက်အန္တာရာယ်ကိုပါ ထိခိုက်လာနိုင်တယ်လို့ ကရင်နီကျန်းမာရေးဌာနက ဆိုပါတယ်။
"ဒီ(ကြက်ညာချောင်းဆိုး)ရောဂါက ဘက်တီးရီးယား ပိုးတမျိုးကြောင့် ဖြစ်ပါတယ် ဒီရောဂါဟာ အလွန်မှ ကူးစက်လွယ်ပြီးတော့ လူအသက် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်” လို့ ကရင်နီ ကျန်းမာရေးဌာနမှ field coordinator ဆေးမှူး ဖိလစ်က ပြောပါတယ်။
အမှတ် ၂ ခရိုင်မှ ကြက်ညှာချောင်းဆိုးရောဂါ ခံစားနေရသော ကလေးငယ်တဦး (ဓါတ်ပုံ-ကေတီ)
မော်ချီးဒေသက ကျေးရွာအများစုဟာ အိုးအိမ်မဲ့ရွှေ့ပြောင်းနေရတဲ့ IDP တွေဖြစ်တဲ့အတွက် ကရင်နီကျန်းမာရေးလုပ်သားတွေက တအိမ်တက်တအိမ်ဆင်း ကုသမှု၊ ကျန်းမာရေး ပညာပေးမှုများ ဆောင်ရွက်ပေးကြပေမယ်လို့ ကျန်းမာရေး လုပ်သားဦးရေနဲ့ လူနာဦးရေမမျှတတဲ့ အခက်အခဲ ကြံုတွေ့ နေကြရတယ်လို့ဆိုပါတယ်။
နှစ်ပတ်ကျော်ကြာ ဖြစ်ပွားလာတဲ့ ကြက်ညှာချောင်းဆိုးရောဂါကို ထိရောက်စွာ ကာကွယ်၊ ကုသနိုင်ရန် ကရင်နီ ကျန်းမာရေးလုပ်သားများက ဆောင်ရွက်နေသလို ကုသမှုနဲ့ ပညာပေးမှုတို့ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ IDP ဒေသတွေမှာ ကျန်းမာရေး ဆေးပေးခန်း center တွေသေသေချာချာ ထားရှိဖို့လိုပါတယ်လို့ ဆေးမှူး ဖိလစ်က ပြောပါတယ်။
ပယ်ခီးနဲ့ ပဟိုးကျေးရွာကနေ မော်ချီးကို အနည်းဆုံး ၅ နာရီလောက်အထိ လမ်းလျှောက်ရတဲ့အတွက် မော်ချီးဆေးရုံမှာ လာရောက်ကုသရာမှာ အခက်အခဲ တွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့ရွာနဲ့ ပိုနီးတဲ့ မော်ချီးအောက်ရွာက လိုခါးလို ဆေးရုံမှာလည်း ဆရာဝန်မရှိတဲ့အတွက် အခက်အခဲ ဖြစ်ကြရတယ်လို့ ဆိုပါတယ်။
"ကျနော်တို့ ထိထိရောက်ရောက် ကုသနိုင်ဖို့ အဓိက ဆေးဝါး လုံလုံလောက်လောက် ရှိရမယ် ပြီးတော့ ဆေးလုပ်သားတွေလဲ ရှိရမယ် နောက်ပြီးတော့ ကူးစက်နိုင်တာဖြစ်တဲ့အတွက် ဒီလူနာတွေ သီးသန့်ထားပြီး စားဖို့နေဖို့ အဆောက်အဦးတွေလဲ ရှိရပါမယ်" လို့ ဆေးမှူး ဖိလစ်က ပြောပါတယ်။
ကြက်ညှာချောင်းဆိုးရောဂါဟာ ကာကွယ်ဆေးရှိပေမဲ့ လက်လှမ်းမှီတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ မပေးနိုင်တဲ့အတွက် အခုလို အဖြစ်များပြီး ကာကွယ်ဆေး အသုံးမပြုနိုင်သေးတဲ့ အခြေအနေမှာရှိနေပါတယ်။
အထူးသဖြင့် ကိုယ်ခံအားနည်းတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို ရောဂါဖြစ်နေတဲ့လူနာနဲ့ သီးသန့်ထားခြင်းအားဖြင့် ကူးစက်မှုကို အတိုင်းတာ တခုအထိ ကာကွယ်ပြီးသား ဖြစ်တယ်လို့လဲ သူက ဆက်ပြောပါတယ်။
မော်ချီးဒေသက ကျေးရွာသားများဟာ အဓိက တောင်ယာစပါး စိုက်ပျိုးကြပြီး ယခုအချိန်ဟာ ရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် စုဝေးပြီး ပညာပေးရေး လုပ်ဖို့ ခက်ခဲတဲ့အပြင် မိဘတွေအနေနဲ့လည်း မိမိတို့ ကလေးတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် အချိန်တွေပေးဖို့ ပိုနည်းပါးနေတာ ဖြစ်တယ်လို့လဲ သိရပါတယ်။