ဂျပန်နိုင်ငံအစိုးရမှ ကူညီထောက်ပံ့ထားသည့် Japan Platform NGO အဖွဲ့က ကရင်ပြည်နယ်ရှိ ဒေသနှင့် လူထုအခြေအနေများကို လာမည့် ဒီဇင်ဘာလတွင် သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။
တိုကျိုမြို့တွင် ဂျပန်အစိုးရ နိုင်ငံခြားရေးဌာန အပါအဝင် Japan Platform အဖွဲ့ဝင်ပေါင်း ၂၀ ကျော်တို့က ဂျပန်နိုင်ငံရောက် ကရင်အဖွဲ့အစည်းများနှင့် ယခုလ ဒုတိယပတ်က တွေ့ဆုံ၍ ကရင်ပြည်နယ်၌ လုပ်ကိုင်နိုင်မည့် လုပ်ငန်းစဉ်များနှင့် ပြည်သူလူထု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့အနေဖြင့် ကရင်ပြည်နယ် အတွက် လိုအပ်သည့်ကဏ္ဍများတွင် ကူညီလုပ်ဆောင်ပေးရန် ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ် ကြောင်းနှင့် Japan Platform အဖွဲ့ အနေဖြင့်လည်း ယခုနှစ် ဒီဇင်ဘာလထဲတွင် မြန်မာအစိုးရနှင့်သွားရောက် ညှိနှိုင်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု KNU – Japan တာဝန်ခံ စောမျိုးခိုင်ရှင်းက အခုလို ပြောသည်။
“သူတို့တွေက ကျနော်တို့ကိုတွေ့ပြီး ကရင်ပြည်နယ်ထဲက ဒေသခံတွေရဲ့ နေထိုင်မှုစရိုက်တွေ၊ ယဉ်ကျေးမှု ဓလေ့ရိုးရာ တွေ ဘယ်လိုရှိသလဲဆိုပြီး မေးတယ်။ သူတို့က ဒါတွေကို အရင်လေ့လာပြီးမှ ကရင်ပြည်နယ်ထဲကို သူတို့သွားမယ်လို့ အဲလို ပြောတယ်။”
အလားတူ ဂျပန်နိုင်ငံရှိ NGO အဖွဲ့ပေါင်း ၂၅ ခုနှင့်ဖွဲ့ထားသော Japan Platform သည် ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားများအခြေအနေ၊ ဒေသတွင်းအခြေအနေ၊ ဒုုက္ခသည်များ နေရာပြန်လည်ချထားရေး၊ ကျေးရွာများ ပြန်လည်ထူ ထောင်ရေးနှင့် ကရင်ပြည်သူများအား ထောက်ပ့ံရေးတို့ကို ဂျပန်အစိုးရ အကူအညီဖြင့် မြန်မာအစိုးရနှင့် ပူးပေါင်းကာ လုပ်ဆောင်သွားကြရန် အစီအစဉ်ရှိကြောင်း KNL-Japan ၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်သည် အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံးတို့ အပစ်အခတ်ရပ်စဲရေးအဆင့် ဆွေးနွေးနေဆဲသာ ဖြစ်သည့်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် စာသင်ကျောင်း၊ ဆေးရုံများနှင့် သောက်သုံးရေအတွက် ရေသန့်စက်ရုံများသာ ပထမဦးဆုံးအဆင့်အနေဖြင့် ဆောက်လုပ်ပေးသင့်ကြောင်း အကြံပြုတင်ပြခဲ့သည်ဟုလည်း အစည်းအဝေး တက်ရောက်ခဲ့သည့် OKO-Japan အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး စောလင်းစိန်က အခုလို ပြောသည်။
“ကျနော်တို့ကတော့ ပွင့်ပွင်းလင်းလင်းပဲ သူတို့ကို ပြောပြလိုက်တယ်။ အခု ကရင်ပြည်နယ်ထဲမှာသာ တိုက်ပွဲတွေကငြိမ်နေတာ၊ ရှမ်းနဲ့ ကချင်တွေဘက်မှာတော့ ဆွေးနွေးနေစဉ်မှာပဲ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။ ဒါကြောင့် ကရင်ပြည်နယ်ထဲမှာလည်း လမ်း တွေဖောက်တာပြင်တာတွေ၊ တံတားဆောက်တာတွေ အပါအဝင်ပေါ့နော်။ တခြားစီးပွားရေးလုပ်ငန်းတွေ မလုပ်သင့်သေးဘူးလို့ တော့ တင်ပြခဲ့တယ်”ဟု ပြောသည်။
ထို့အပြင် ကရင်ပြည်နယ်အတွင်း ၀င်ရောက် လုပ်ကိုင်လိုပါက ပြည်နယ်အတွင်းရှိ ကရင်ဘာသာရေးခေါင်း ဆောင် များ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီဝင်များနှင့် ဆက်သွယ် လုပ်ဆောင်သင့်သလို ဒေသခံလူထု၏ ရေရှည်အကျိုးစီးပွားကိုသာ အဓိကဦးတည်စေလိုကြောင်း အကြံပြုခဲ့သည်ဟု စောမျိုးခိုင်ရှင်းက ပြောသည်။
“သူတို့ ပြည်တွင်းထဲဝင်လုပ်မယ်ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရနဲ့ပူးပေါင်းရမှာပဲလေ။ အဲလိုဆိုရင် ကရင်ပြည်နယ် ဖွ့ံဖြိုး ရေးမှာ ကရင်လူထုက အကျိုးခံစားရမှာ နည်းတယ်။ ဒါကြောင့် လူထုအတွက်လုပ်ပေးနိုင် တဲ့ ဖလုံ-စဝေါ်ပါတီနဲ့ ဘာသာရေးအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းလုပ်သင့်တယ်။ ဖြစ်နိုင်ရင် ၂၀၁၅ခုနှစ်အထိ စောင့်ဖို့တော့ တိုက်တွန်းခဲ့ပါတယ်”ဟု ပြောသည်။
Japan Platform အဖွဲ့အနေဖြင့် ကရင်ပြည်နယ်သို့ စတင် ဝင်ရောက်ကူညီမှုများကို ပြည်တွင်းသက်ဆိုင်သော အဖွဲ့အစည်း များနှင့် ညှိနှိုင်းလက်တွဲပြီး မဖြစ်မနေ အဆင့်ဆင့် ပြုလုုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။