ရွာအုပ်ချုပ်ရေးမှူး၏ လူကုန်ကူးမှု တိုင်ကြားချက် အရေးမယူသေးဟုဆို

ရွာအုပ်ချုပ်ရေးမှူး၏ လူကုန်ကူးမှု တိုင်ကြားချက် အရေးမယူသေးဟုဆို
by -
မဇ္စျိမ

မြိတ်ခရိုင်အတွင်းရှိ ကျေးရွာအုပ်ချူပ်ရေးမှူးတဦး တိုက်ရိုက် ပါဝင်ပတ်သက်သည်ဟု ဆိုသော ရွာသား ၂ဝ လူကုန်ကူးမှုတခုကို တိုင်ကြားထားသည်မှာ နှစ်လတာ ကြာမြင့်ပြီ ဖြစ်သော်လည်း စစ်ဆေး အရေးယူမှု မရှိသေးကြောင်း တိုင်ကြားထားသူများနှင့် မြိတ်ခရိုင် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ရဲစခန်း အပါအဝင် သက်ဆိုင်ရာ မြိတ်မြို့နယ် ရုံးများသို့ တိုင်ကြားထားခဲ့ခြင်းဖြစ်ကြောင်း လူကုန်ကူးခံခဲ့ရ၍ ကိုယ်တိုင် တိုင်ကြားခဲ့သူ မမိုး က ပြောသည်။

“မြိတ်မြို့က လေးငါးရုံးကို တိုင်ထားတယ်။ ခုထိ ဖုံးထားတာ ဘာမှ မလုပ်ပေးဘူးရှင့်။ အမှုကလေ ကျမတို့ တိုင်ထားတာ နှစ်လ ကျော်ပြီရှင့်” ဟု မဇ္စျိမကို ပြောသည်။

ထိုသို့ စစ်ဆေးအရေးယူမှု မပြုခြင်းကြောင့် ထပ်မံ တိုင်ကြားခြင်း၊ လိုက်ပါကူညီ ဆောင်ရွက်ခြင်းများ မပြုနိုင်ရန် မြိတ် ၈၈ ကျောင်းသားများကို ခရိုင်အုပ်ချုပ်ရေးမှူးက ခေါ်ယူတွေ့ဆုံကာ သတိပေးထားသည်ဟုလည်း ဆိုသည်။

“ခရိုင်အုပ်ချုပ်ရေးမှူး ကိုလွင်ကိုဦး က အပြတ်ပဲ ပြောလိုက်တယ်။ သူတို့ အုပ်ချူပ်ရေးပိုင်းကို ထိမယ်ဆိုရင် ဘယ်လို နည်းနဲ့ထိထိ ထိလာမယ့်သူကို တရားစွဲမယ်လို့ ကျနော်တို့ကို ခေါ်ပြီးတော့ ကြိမ်းမောင်းထားတယ်” ဟု မြိတ်ခရိုင် ၈၈ ကျောင်းသားအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုတင်ကိုကိုဦး က ပြောသည်။

အမှုမှာ တနင်္သာရီတိုင်း မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာမှ ရွာသူရွာသား ၂ဝ ကို ရွာအုပ်ချုပ်ရေးမှူး ဦးသောင်းအေး က ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီး နန်းတော်ရာရွာ ဆီအုန်း စိုက်ပျိုးရေးလုပ်ငန်းတွင် အလုပ်အကိုင် ပေးမည်ဟုဆိုကာ သြဂုတ်လ ၁၂ ရက်နေ့တွင် ၎င်းနေရာသို့ ပို့ဆောင်ခြင်း မပြုဘဲ ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်သည့် နယ်မြေအတွင်းသို့ ပို့ဆောင်ခဲ့သည်။ ၎င်းမှတဆင့် တခြားတနေရာသို့ ထပ်မံ ပို့ဆောင်ရန် စီစဉ်နေစဉ်အတွင်း ရွာသားများက ထွက်ပြေးလွတ်မြောက်လာခဲ့ကြသ ည်ဟု ဆိုသည်။

ထိုဒေသသည် KNU ၏ တပ်မဟာ ၄ ထိန်းချုပ်ရာဒေသ ဖြစ်သည်။

“ဦးသောင်းအေး ရုံးကနေပြီးတော့ ကားနဲ့ သွားတာ။ သမီးတို့ ရောက်တဲ့နေရာက ရေမြစ်ကြီး နန်းတော်ရာ မဟုတ် တော့ဘူး။ လိမ်ပြီးတော့ ကရင်သူပုန်ဗိုလ်တွေ နေတဲ့ နေရာလေ။ ဗိုလ်ချာတိတ်တို့အဖွဲ့နေရာ ခေါ်သွားတယ်။ တောနက်ကြီးထဲကိုပေါ့” ဟု အသက် ၂၅ ဝန်းကျင်ရှိ မမိုး က ပြောသည်။

မြိတ်တောင်ကျေးရွာနှင့် ရေမြစ်ကြီး နန်းတော်ရာကျေးရွာသည် မော်တော်ဆိုင်ကယ်ဖြင့် အချိန်တနာရီသာ သွားရသော်လည်း ၎င်းတို့ ရောက်ရှိသည့် နေရာမှာ မော်တော်ကားဖြင့် ၆ နာရီကျော်နှင့် စက်လှေဖြင့် တနာရီခွဲခန့် သွားခဲ့ရသည်ဟု မမိုး က ပြောသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး တိုင်ကြားထားခြင်းကို သက်ဆိုင်ရာဘက်မှ ကိုင်တွယ် ဖြေရှင်းခြင်း မရှိသည့်အတွက် စက်တင်ဘာလကုန်ပိုင်းတွင် ရန်ကုန်ရှိ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရုံးသို့ တင်ပြကာ အကူအညီတောင်း ထားကြောင်း သိရသည်။

ခေါ်ဆောင်ခံရသူ ၂ဝ တွင် အသက် ၁၅ နှစ်မှ ၄၃ နှစ်အတွင်းရှိ အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၁၁ တို့ ပါဝင်ပြီး အသက် ၁၈ နှစ်အောက် ကလေး ရ ဦး ပါဝင်သည်ဟု အသက်အကြီးဆုံး ဖြစ်သူ ဦးကျော်သောင်း က ပြောသည်။

အခြား ခေါ်ဆောင်ခံရသူတဦး ဖြစ်သည့် မစုမြတ်မိုး ကလည်း “သမီးတို့ကို တာလပတ်နဲ့ အုပ်ပြီး ကားနဲ့ ခေါ်သွား တယ်လေ။ ခေါ်သွာတုန်းက သမီးတို့ကို လုံခြံုတဲ့နေရာ ပေးမယ် ဆိုပြီးတော့ ခေါ်သွားတာ။ ဟိုရောက်တော့ သမီးတို့ မိန်းကလေးရော ယောက်ျားလေးရော အတူတူရောပြီးတော့ နေရတယ်။ ဘာမှလည်း လုံခြုံမှု မရှိဘူးရှင့်။ ဒုက္ခတွေ အများကြီးပဲ” ဟု မဇ္စျိမကို ပြောသည်။

KNU နယ်မြေသို့ ရောက်ရှိစဉ် ခေါ်ဆောင်ခံရသူများက KNU အရာရှိအချို့ထံ အကျိုးအကြောင်း ရှင်းပြပြီး အကူအညီ တောင်းရာမှ သြဂုတ်လ ၁၅ ရက်နေ့တွင် ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဦးအောင်မင်းသူ (KNU နယ်မြေသို့ ပို့ဆောင်ရန် ဦးသောင်းအေး ထည့်ပေးလိုက်သူ) က နင်တို့ကို ရောင်းလိုက်ပြီလို့ သမီးတို့ကို ပြောတယ်ရှင့်။ သမီးတို့က ဗိုလ်ချာတိတ်ကို အကူအညီတောင်းတယ်ရှင့်။ သမီးတို့ လိမ်ပြီး ခေါ်ခံထိတဲ့ အကြောင်းပေါ့ နော်။ ဗိုလ်ချာတိတ် က မာစတာဂျမ်းကို ပြောတယ်။ မာစတာဂျမ်း က ပြန်လွှတ်မပေးဘူး။ အဲဒါနဲ့ သမီးတို့ အားလုံး ထွက်ပြေးလာကြတယ်” ဟု မမိုး က ဆက်ပြောသည်။

မာစတာဂျမ်း ဆိုသူမှာ မြန်မာစကား မပြောဆိုတတ်ဘဲ မလေးစကားနှင့် အင်္ဂလိပ်စကားကိုသာ ပြောဆိုပြီး စကားပြန် ၏ အကူအညီဖြင့် စကားပြောဆိုရသည်ဟု မမိုး က ပြောသည်။ မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပွားနေသည့် လူကုန်ကူးမှု များ၏ ၆ ရာခိုင်နှုန်းမှာ မလေးရှား နိုင်ငံသို့ ပို့ဆောင်ခံနေရကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ထုတ်ပြန်ထားသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး မြိတ်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းအေး ထံ မဇ္စျိမက ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလိုင်းများ ဝင်ရောက်ခြင်း မရှိခဲ့ပေ။

၂ဝ၁၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် လူကုန်ကူးခံရမှု အနည်းဆုံး ၁၃၆ မှု ရှိခဲ့ရာ တရုတ်နိုင်ငံသို့ ဦးတည်သည့်အမှုမှာ ၉၄ မှု၊ ပြည်တွင်း၌ ဖြစ်ပွားသည့်အမှု ၂၃ မှုနှင့် ထိုင်းနိုင်ငံသို့ ဦးတည်သည့်အမှု ၁၉ မှု ရှိခဲ့သည်။

Most read this week