သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရုံး မူစယ်မြို့တွင် ဖွင့်လှစ်

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရုံး မူစယ်မြို့တွင် ဖွင့်လှစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ပိုင်း ၁၀ နာရီခန့်က သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ ဟိုမွန်ရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့ရာ ဧည့် ပရိသတ် ၅၀၀ ၀န်းကျင် တက်ရောက်ခဲ့ ကြောင်း သိရသည် ။

မူစယ်မြို့ SNLD ရုံးဖွင့်ပွဲနှင့် ပါတီမွေးနေ့အခမ်းအနား
၄င်းအခမ်းအနားသို့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ၊ အုပ်ချုပ်ရေးအာဏာပိုင်များနှင့် ဒေသခံ တိုင်းရင်းသားများ တက်ရောက်ခဲ့ကြောင်း ကိုယ်တိုင်အခမ်းအနားတက်ရောက်သူ သျှမ်းလူငယ် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ဒီမနက် ၁၀ နာရီလောက်မှာ ရုံးဖွင့်ပွဲ အခမ်းအနားစတယ်။ ဟိုမွန်ရပ်ကွက် အိမ်နံပတ် ၄ / ၉ စိုင်းဖုအန် တို့အိမ်မှာ SNLD ပါတီရုံးဖွင့်တယ်။ ကချင် ၊ ပလောင် ၊ သျှမ်း ၊ ကိုးကန့် တိုင်းရင်းသားတွေ လာတက် တယ်။ မူစယ်မြို့ အုပ်ချုပ်ရေးအဖွဲ့တွေလည်း လာပါတယ် ” ဟု အဆိုပါ သျှမ်းလူငယ်က ပြောသည် ။

ဗဟိုဌာနချုပ်မှထုတ်ပြန်သော ကြေငြာချက်ကို မြို့နယ်အသီးသီးရှိ  SNLD မွေးနေ့အခမ်းအနားတို့၌ ဖတ်ကြားသကဲ့သို့ မူစယ်မြို့  ရုံးဖွင့်ပွဲအခမ်းအနားနှင့်အတူ ပါတီမွေးနေ့အခမ်းအနား၌လည်း ဖတ်ကြား ကြောင်း အသင်းဝင်လူငယ်များကပြောပါသည်။

“မူစယ်မှာ ပါတီဝင် ၃၀၀ ကျော် ရှိတယ်။ ပွဲတက်ပရိသတ် ၃၀၀ နဲ့ ၅၀၀ ကြားမှာရှိမယ်။ ကျားဖြူပါတီ၊ တစည၊ ကြံ့ခိုင်ရေး၊ NLD၊ SNLD (နမ့်ခမ်း)၊လားရှိုးက UNA ကိုးကန့် ဒီမိုခရစ်တစ်ပါတီ နဲ့ သျှမ်းစာပေ ယဉ်ကျေးမှု  ကော်မတီတွေတက်ရောက်ကြတယ်။ SNLD ရဲ့သမိုင်းအကျဉ်း  ပါတီ 24 နှစ်ပြည့် အထိမ်း အမှတ် ရုံးဖွင့်ပွဲအမှာစကားကို ဥက္ကဌ ဦးစိုင်းလှဖေ က ဗမာလိုကော သျှမ်းလိုကောဖတ်တယ်။ ဗဟိုက ပို့လာတဲ့  သဝဏ်လွှာ ကိုတော့ ဦးစိုင်းဖိုးမြတ်ကဖတ်တယ်” ဟု မူဆယ်မှ ပါတီဝင်လူငယ်တဦးက ပြောသည်။

အခမ်းအနားတွင် နိုင်ငံတော်အလံနှင့် သျှမ်းအမျိုးသားအလံတို့အား အလေးပြုခြင်း ၊ SNLD ပါတီဥက္ကဋ္ဌ စဝ်ခွန်ထွန်းဦးမှ ပေးပို့သော  သဝဏ်လွာဖတ်ကြားခြင်း၊ ကျွေးမွေးဧည့်ခံခြင်း ဖဲကြိုးဖြတ်၍ ရုံးခန်းဖွင့် လှစ်ခြင်း စသည့် အစီအစဉ်များ ရှိပြီး နေ့လည်ပိုင်းတွင် အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရသည် ။

“SNLD ဥက္ကဋ္ဌ စဝ်ခွန်ထွန်းဦးပေးပို့တဲ့ သဝဏ်လွာမှာတော့ ၁၉၄၇ ခုနှစ်က ပင်လုံညီလာခံမှာ ချုပ်ဆိုထားတဲ့ တိုင်းရင်း သားတွေရဲ့ အခွင့်အရေးတွေရအောင် ကြိုးပမ်းသွားမယ်ဆိုတဲ့ အကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု စနစ်ပေါ်ထွန်းရေးကို ကြိုးပမ်းမယ်ဆိုတဲ့ အချက်တွေကို အဓိကထည့်ပြောထားပါတယ် ”ဟု သူက ဆက်ပြောသည် ။

SNLD ပါတီသည် ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၂၃ နေရာတွင် အနိုင် ရခဲ့ပြီး သျှမ်းပြည်နယ်တွင် မဲအများဆုံး ရရှိကာ တစ်နိုင်ငံလုံး၌ ဒုတိယမဲအများဆုံး အနိုင်ရခဲ့သည် ။

၂၀၀၃ ခုနှစ်က နဝတစစ်အစိုးရမှ ဦးစီးကျင်းပသည့် အမျိုးသားညီလာခံတွင် SNLD ပါတီမှ ကိုယ်စား လှယ် ၅ ဦးတက် ရောက်ခဲ့ကာ ဖွဲ့စည်းပုံတွင် တိုင်းရင်းသားတန်းတူရေး ထည့်သွင်းခြင်းမရှိသဖြင့် ၂၀၀၄ ခုနှစ်တွင် ညီလာခံကို သပိတ် မှောက် ထွက်ခွာခဲ့သည် ။

၂၀၀၄ - ၂၀၀၅ ခုနှစ်တွင် ပြည်ထောင်စုမှခွဲထွက်လိုမှု ၊ မတရားသင်းဖွဲ့စည်းမှု ၊ နိူင်ငံတော်ပုန်ကန်မှု စသည့် စွဲချက် အမျိုး မျိုးဖြင့် စစ်အစိုးရမှ ပါတီဥက္ကဋ္ဌ စဝ်ခွန်ထွန်းဦး ၊ အတွင်းရေးမှူး စိုင်းညွန့်လွင် ၊ ဗဟိုအလုပ်အမှုဆောင် စိုင်းလှအောင် တို့အား ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည် ။
၂၀၁၂ ခုနှစ်အတွင်း SNLD ပါတီခေါင်းဆောင်များ နှစ်ရှည်ထောင်ဒဏ်မှ ပြန်လည်လွတ်မြောက်လာပြီး SNLD ပါတီ အမည်ဖြင့်ပင် ပါတီပြန်လည်မှတ်ပုံတင်ခဲ့ပြီး ယခုမူစယ်မြို့၌ ရုံးခန်းဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည် ။

Most read this week