အစိုးရ ငြိမ်းအဖွဲ့ နှင့် KIO တို့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ပြန်တွေ့မည်

အစိုးရ ငြိမ်းအဖွဲ့ နှင့် KIO တို့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ပြန်တွေ့မည်
by -
မဇ္စျိမ

သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO တို့ အောက်တိုဘာလ ၃ဝ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ပြန်လည်တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

KIO1

ထိုသို့ ဆွေးနွေးမှု စတင်ပြုလုပ်ရန် သဘောတူကြောင်း ဗုဒ္ဓဟူးနေ့က ဝန်ကြီး ဦးအောင်မင်း ထံမှ အကြောင်းကြား လာခြင်း ဖြစ်ကြောင်း “စာထဲမှာက ၃ဝ ရက်နေ့ ရွှေလီမှာ စတင်လုပ်ကိုင်သွားရန် ဆန္ဒရှိတယ်။ ဘယ်နှစ်ရက် ဆိုပြီး သတ်မှတ်တာ မရှိဘူး။ ဒီနေ့ အီမေးနဲ့ အကြောင်းပြန်လာပါပြီ” ဟု ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် တဦးဖြစ်သူ ဦးဆန့်အောင် က မဇ္စျိမကို ပြောသည်။

မြန်မာအစိုးရ၏ အထူးကိုယ်စားလှယ် အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်များ နှစ်ဖက် အပစ်ခတ် ရပ်စဲနိုင်ရေး အတွက် အင်္ဂါနေ့ညနေပိုင်းက တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ ယူနန်ပြည်နယ် ရွှေလီမြို့တွင် အင်္ဂါနေ့ညနေက နှစ်နာရီခန့်ကြာ ဆွေးနွေးကြသည်။ Photo:: KIO။

“ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတာက ကြာကြာဆွေးနွေးရင် ပိုကောင်းတယ်။ ဒီတခေါက် တွေ့ဆုံတာက တရားဝင် ဆွေးနွေးပွဲ ဖြစ်လို့ အဖြေတခုခုတော့ ရမယ်လို့ မျှော်လင့်တယ်” ဟု ဦးဆန့်အောင် ကဆက်ပြောသည်။

နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများ လေးလခန့်ကြာ ရပ်ဆိုင်းသွားပြီးနောက် ယခုကဲ့သို့ ပြန်လည် တွေ့ဆုံရန် ညှိနှိုင်း စီစဉ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၂ဝ ရက်နေ့က လွယ်ဂျယ်မြို့နယ် ပရန်ငေါန်ဒေသတွင် အလွတ်သဘော သုံးကြိမ်ခန့် တွေ့ဆုံခဲ့ပြီးနောက်နှစ်ဖက် စစ်ဘက်ဆိုင်ရာ ကိစ္စများ ဆွေးနွေးရန်အတွက် KIA ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် အစိုးရ တပ်မတော် ဒု-ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့သည်။ သို့သော် ယခု တွေ့ဆုံမှုတွင် ဗိုလ်ချုပ်ကြီး စိုးဝင်း ပါဝင်နိုင်မှု ရှိမရှိကိုမူ မသိရသေးပေ။

ယခင်ဆွေးနွေးမှုများအတွင်းက အပစ်အခတ် ရပ်စဲရန် သဘောတူညီချက် တစုံတရာ မရရှိခဲ့၍ ရှမ်းပြည် မြောက်ပိုင်း အပါအဝင် KIO ဌာနချုပ် အနီးတဝိုက်နှင့် ဖားကန့်မြို့နယ်အတွင်း၌လည်း နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

တပ်မတော်ဘက်မှ ထိုးစစ်များ ရပ်ဆိုင်းထားရန် ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက သမ္မတ က ထုတ်ပြန်ထားသော် လည်း KIO ဘက်မှ အလားတူ အမိန့်ပေးခြင်းမရှိ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ရခြင်းဖြစ်ကြောင်း တနင်္ဂနွေနေ့ က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ သမ္မတ ဦးသိန်းစိန် က ပြောဆိုသွားခဲ့သည်။

“သူတို့ဘက်က ပစ်ခတ်တိုက်ခိုက်မှုကို ရပ်မယ်ဆိုတဲ့ အမိန့်တော့ ထုတ်ထားတာ မရှိသေးဘူး။ ဒီဘက်က တပ်မတော် သားတွေ အုပ်ချုပ်မှုကိစ္စတွေ၊ သင်တန်းတက်ဖို့၊ ရိက္ခာ ထုတ်ဖို့ သွားကြလာကြတဲ့အခါမှာ လမ်းခုလပ်မှာ ခုနကလိုဖြတ်ပြီးတော့ တိုက်တာတွေ၊ မိုင်းချတာတွေ ဒါမျိုးတွေ ရှိနေတယ်။ ဒီတော့ အောက်ခြေက ရဲဘော်ဆိုတော့ သူက အသက်ကိုလည်း စိုးရိမ်တော့ ဟိုကပစ်ရင် ဒီကလည်း ခံပြီး ပစ်တာပေါ့။ အဲဒီလိုနဲ့ပဲ ဒီပြဿနာဟာ ဒီကနေ့အထိ ရှင်းလို့မရသေးတဲ့ ကိစ္စပါ” ဟု လျှပ်တစ်ပြက် ဂျာနယ်၏ မေးခွန်းအား ဦးသိန်းစိန် က ဖြေကြားခဲ့ခြင်းဖြစ်သည်။

တနှစ်ကျော်ကြာ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော စစ်ပြေးဒုက္ခသည် စုစုပေါင်း ၉ဝ,ဝဝဝ ခန့်ရှိ နေပြီ ဖြစ်ပြီး ယင်းတို့၏ စားဝတ်နေရေးမှာ လိုအပ်နေဆဲ ဖြစ်သည်ဟု KIO မှ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီက မဇ္စျိမကို ပြောဆိုထားသည်။