ကာချုပ်၏ဆွေးနွေးချက်နှင့်ပတ်သက်၍ ၀ တပ်ဖွဲ့ ကြေငြာချက်ထုတ်မည်

ကာချုပ်၏ဆွေးနွေးချက်နှင့်ပတ်သက်၍ ၀ တပ်ဖွဲ့ ကြေငြာချက်ထုတ်မည်
by -
သျှမ်းသံတော်ဆင့်

မြန်မာအစိုးရ၏ ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံပြီးနောက် ဆွေးနွေးခဲ့သည့်အချက်နှင့် ပတ်သက်၍ ၀ ပြည်သွေးစည်း ညီညွတ်ရေးတပ်ဖွဲ့မှ လာမည့်တနင်္လာနေ့၌ ကြေငြာချက်ထုတ်မည်ဖြစ်ကြောင်း နီးစပ်သည့်သတင်း ရပ်ကွက်က ဆိုပါသည်။

UWSA (ဝ)အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးရှောက်မီလျံ နှင့်ကာကွယ်ရေးဦးစီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ယခုလဆန်း ၆ ရက်က တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံရိပ်သာ၌ UWSA (ဝ)အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးရှောက်မီလျံ ဦး ဆောင်သောအဖွဲ့နှင့် NDAA (မိုင်းလား)အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သော အဖွဲ့တို့အားတွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း ကို ၂၀၁၅ အပြီး ပြုလုပ်သွား ရန်၊  ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံကာ ဥပဒေအောက်ဝင် ရောက်နေထိုင်ရန် ဟူသော အချက် ၂ ချက်ကို ဆွေးနွေးခဲ့သည်ဟု ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်အား ပြောသည်။

“နိုင်ငံတခုမှာ အစိုးရ ၂ ခုနဲ့ တပ်မတော် ၂ ခု လုံးဝ  ရှိလို့မရဘူးလို့ သူပြောသွားတယ်။ အရင်ကလဲ BGF ပြောင်းဖို့ ရော ပြည်သူ့စစ်ဖြစ်ဖို့ပါ ခင်ဗျား တို့ ငြင်းဆန်လာခဲ့တယ်။ အခုချိန်မှာတော့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ အချိန်တန်ပြီ လို့ပြောတယ်။ အဲတာ ကြောင့် "၀" ဘက်ကနေ ကြေငြာချက်လုပ်မယ် လို့ပြောတယ်။” ဟု အမည်မဖော်လို သည့် နီးစပ်သူက ဆက်လက်ပြောဆိုသည်။

ယင်းကိစ္စသည် အပစ်ရပ် "၀" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်  အထူးဒေသ ၂ နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်သျှမ်းပြည်အရှေ့ပိုင်း NDAA-ESS အထူးဒေသ ၄ တို့အပေါ်  မြန်မာအစိုးရက စစ်ရေးဖြင့် ခြိမ်းခြောက် နေခြင်းဖြစ်ကြောင်း ထိုင်းနယ်စပ် စောင့်ကြည့်သူတဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

သို့သော် မိုင်းလားဘက်ကမူ နိုင်ငံရေး၊ စစ်ရေးနှင့် ပတ်သက်၍ ကာချုပ်မှ ထည့်သွင်းပြောဆိုဆွေးနွေး ခြင်းမရှိ၊ မူးယစ်ဆေး ဝါးတိုက်ဖျက်ရန်အတွက်သာ ပြောဆိုသွားသည်ဟု သျှမ်းသံတော်ဆင့်အား ပြောဆိုသည်။

မြန်မာအစိုးရ၏ စစ်တပ်ပိုင် မြဝတီဝက်ပ်ဆိုက်တွင်မူ “တိုင်းအစိုးရ အဖွဲ့များနှင့် ဦးစီး အဖွဲ့များ ရှိပြီး ၎င်းတို့၏ ဦးဆောင်မှု အောက်တွင် တိုင်းရင်းသားအားလုံး ဥပဒေနှင့် အညီ စနစ်တကျ နေထိုင်လုပ်ကိုင်လျက်ရှိပါ ကြောင်း၊ ဥပဒေနှင့်အညီ နေထိုင် ပါက မည်သည့် အရာမှ စိုးရိမ်ကြောင့်ကြဖွယ် မရှိပါကြောင်း၊ KIA အဖွဲ့နှင့် စပ်လျဉ်း၍ မိမိတို့ တပ်မတော် အနေဖြင့် စိတ်ရှည် သည်းခံ၍ မိမိကိုယ်ကို ခုခံကာကွယ်သည်မှ အပ ၎င်းတို့၏ စခန်းများ၊ ဌာနချုပ် များကို တိုက်ခိုက်ခြင်း မရှိပါကြောင်း” ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

"ဝ" တပ်ဖွဲ့ နှင့် မိုင်းလားတပ်ဖွဲ့သည် ၁၉၈၉ ကတည်းက အပစ်ရပ်ခဲ့ပြီး ၂၀၀၉ တွင် နယ်ခြားစောင့်တပ် ပြောင်းရန် ငြင်းဆန်သဖြင့် အပစ်ရပ်မှု ပျက်ပြယ်သွားခဲ့သည်။ သို့သော် KIA ၊ သျှမ်းပြည်တပ်မတော်တို့ နှင့် မတူ၊ အစိုးရစစ်တပ်နှင့် ပစ်ခတ်တိုက်ခိုက်မှုမရှိ၊ ၂၀၁၀ ရွေးကောက်ပွဲမှ အာဏာရလာသည့် သမ္မတဦးသိန်းစိန်အစိုးရ နှင့် ၂၀၁၁ စက်တင်္ဘာက အသစ်တဖန် ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်သည့်  တပ်ဖွဲ့များဖြစ်သည်။

Most read this week