စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ဆယ်စုနှစ် လေးစုကျော် နေလာခဲ့ရတဲ့ မြန်မာပြည်တွင်းက ပြည်သူပြည်သားတွေဟာ အခွင့်အရေးအားလုံးလိုလို ဖိနှိပ်မှုတွေအောက်မှာ ပြည်ဖုံးကားချခံခဲ့ရတယ်ဆိုတာကို လူတိုင်းသိပြီးသား ဖြစ်ပါတယ်။
ထိုအခွင့်အရေးတွေထဲက တခုဖြစ်တဲ့ လွတ်လပ်စွာ သတင်းယူမှု၊ သတင်းပေးမှုနဲ့ သတင်းဖြန့်ဝေမှုဆိုတဲ့ အခွင့်အရေးတွေကို တနိုင်ငံလုံးမှာ ရှိတဲ့ လူတွေနည်းတူ ကရင်နီ ပြည်သူလူထုတွေလဲ မရခဲ့တာကြောင့် မျက်စိသူငယ် နားသူငယ် ဖြစ်နေခဲ့ရပါတယ်။
နှစ်ပေါင်းများစွာကတည်းက မျက်စိပိတ်၊ နားပိတ်ခံထားရတဲ့ ကရင်နီပြည်ရဲ့ အကြောင်းအရာတွေကို တခြားလူတွေသိအောင် ထုတ်ဖော်နိုင်ဖို့ ကရင်နီလူမှုအသိုင်းအဝန်းကြားမှာ မီဒီယာအဖွဲ့အစည်းတွေ၊ သတင်းစာနယ်ဇင်းတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ တည်ငြိမ်မှုမရှိတဲ့ လူ့အရင်းအမြစ်နဲ့ ဘဏ္ဍရေးအခြေအနေ တွေကြောင့် စာနယ်ဇင်းနဲ့ မီဒီယာအဖွဲ့အစည်းတွေ ပေါ်လာလိုက် ပျောက် သွားလိုက် ဖြစ်ခဲ့ကြ ပါတယ်။
ဒီအခြေနေတွေကြားမှာ "ကန္တာရဝတီတိုင်း(မ်)" ဆိုတဲ့ အမည်နဲ့ လွတ်လပ်တဲ့ကရင်နီ သတင်းအဖွဲ့တဖွဲ့ ထပ်မံပေါ်ပေါက်လာပါတယ်။
ထိုင်း-မြန်မာနယ်စပ် ကရင်နီလူမှုအသိုင်းအဝိုင်းကြားက သတင်းမီဒီယာအပိုင်း စိတ်အားထက်သန်တဲ့ ကရင်နီလူငယ် (၇) ယောက်က ၂၀၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကရင်နီပြည်တွင်းက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စတဲ့ ကိစ္စအဝဝကို လွပ်လပ်စွာ ရေးသား တင်ပြလာတာ အခု ၂၀၁၂ ခုနှစ်ဆိုရင် ရှစ်နှစ်တိတိ ရှိသွားခဲ့ပါပြီ။
ဒီအဖွဲ့ကော မကြာခင်မှာ ထပ်ပျောက်ကွယ်သွားမလား… အနာဂတ် စိန်ခေါ်မှုတွေအတွက် လက်ရှိအခြေအနေမှာ ဘယ်လိုပြင်ဆင်မှုတွေ လုပ်နေကြလဲဆိုတာတွေနဲ့ ပါတ်သက်ပြီး ဒီဆောင်းပါးမှာ ကြားသိကြရမှာ ဖြစ်ပါတယ်။
ကန္တာရဝတီတိုင်း(မ်)ဟာ စထူထောင်ကတည်းက ခိုင်မာတဲ့ ငွေကြေး အရင်းအနှီးနဲ့ စတင်ခဲ့တာ မဟုတ်ဘဲ စိတ်အားထက်သန်တဲ့ ကရင်နီတဦးစ နှစ်ဦးစဆီက ကောက်ခံရတဲ့ အလှူငွေနဲ့ဘဲ စခဲ့ကြတယ်လို့ စတင်ထူထောင်ချိန်မှာ ပါ၀င်ခဲ့သူလည်းဖြစ် ယခုလက်ရှိ ကန္တရဝတီတိုင်းမ် အယ်ဒီတာလည်းဖြစ်တဲ့ ခူးစေးရယ်စိုးက ပြောပါတယ်။
"NGO တွေမှာ အလုပ်လုပ်နေကြတဲ့ တဦးစ နှစ်ဦးစရှိတဲ့ လူတွေဆီက အလှူငွေတွေပေါ့ တစ်ရာ နှစ်ရာ အဲလိုကောက်ပြီးတော့ စလုပ်တာ၊ စလုပ်တော့ အဲဒီစလုပ်တဲ့အချိန်က တော်တော်လေး ထောက်ခံမှုရပါတယ် ဥပမာ ဒီမယ်ဟော်ဆောင် ဒေသမှာရှိတဲ့ သူငယ်ချင်းတွေပေါ့ သူတို့ တတ်နိုင် သလောက် ငွေကြေးတွေထည့်ပေးတယ် အဲဒီအချိန်မှာ ကျနော် မှတ်မိရ သလောက်ဆိုရင် စောင်ရေ နှစ်ရာပေါ့ နှစ်ရာ ထုတ်နိုင်တယ် ပထမဦးဆုံး အကြိမ်ပေါ့နော။"
ကန္တာရဝတီတိုင်း(မ်)ဟာ စတင်ပုံနှိပ်တဲ့အချိန်မှာ B3 စာရွက်ခေါက်ချိုး A4 အရွယ်လောက်ရှိတဲ့ စာမျက်နှာ ၈ မျက်နှာကို အဖြူအမဲနဲ့သာ ပုံနှိပ်ပြီး နယ်စပ်ဒေသမှာရှိတဲ့ ကရင်နီလူမှုအသိုင်းအဝန်းအကြား ၁၅ ရက်တစ်ကြိမ် စတင်ဖြန့်ဝေခဲ့ပါတယ်။
စတင်ထူထောင်တဲ့အချိန်မှာ ကရင်နီလူမှုအသိုင်းအဝန်းက လူကြီးတစ်ချို့ကတော့ အဖွဲ့အစည်းသစ် တဖွဲ့အနေအဖြင့် မထောင်စေလိုဘဲ ရှိနေခဲ့ပြီးတဲ့ စာစောင်အဖွဲ့တွေရဲ့ လုပ်ငန်းတွေမှာ စည်းစည်းလုံးလုံး ပြန်လည်လုပ်စေချင်ခဲ့ပေမဲ့ independence ဆိုတဲ့ သဘောတရားကို ပိုပြီး လက်ခံလာတဲ့လူငယ်တွေဟာ လွတ်လပ်တဲ့ ကန္တာရဝတီတိုင်း(မ်)ကို ကြိုးစား ထူထောင်ခဲ့ကြတယ်လို့ ခူးစေးရယ်စိုးက ဆက်လက်ပြောပြပါတယ်။
"ကျနော်တို့က ကိုယ်ထူကိုယ်ထ ထူထောင်တဲ့ အဲဒီသမိုင်းကိုလဲ ကျနော်တို့လိုချင်တယ် အဲလိုမျိုး ထူထောင်ခြင်း အားဖြင့် နောင်တချိန် ကန္တာရဝတီတိုင်း(မ်)မှာ လူငယ်တွေ လာလုပ်မယ်ဆိုလို့ရင်လဲ သူတို့အနေနဲ့ ရှင်းရှင်း လင်းလင်း ရှိနိုင်အောင်ပေါ့နော ဘယ်အဖွဲ့အစည်းရဲ့အရိပ်အောက်မှာ ဘယ်အဖွဲ့အစည်းရဲ့ ထိန်းချုပ်မှုအောက်မှာ ကန္တာရဝတီတိုင်း(မ်) ရှိခဲ့တယ် ဆိုတဲ့သမိုင်းကို ကျနော်တို့မလိုချင်ဘူး ကျနော်တို့မှာ အဲဒီလို လိုလားတဲ့ ဆန္ဒရှိတယ်။"
ကန္တာရဝတီတိုင်း(မ်)ဟာ စိတ်အားထက်သန်တဲ့ လူငယ် ရ ယောက်နဲ့ စတင်ခဲ့တယ်ဆိုပေမဲ့ စထူထောင်တုန်းက အချိန်ပြည့်အဖြစ် လုပ်နေတဲ့ ဝန်ထမ်းနှစ်ယောက်ကိုဘဲ ပုံမှန်လစာ ထောက်ပံ့နိုင်ခဲ့ပြီး ကျန်တဲ့ ငါးယောက် ကတော့ တခြားလူမှုလုပ်ငန်းတွေမှာ လုပ်ရင်းနဲ့ ညဖက်မှာဘဲ ကန္တာရဝတီတိုင်း(မ်) အလုပ်ဖြစ်တဲ့သတင်း လိုက်ခြင်း သတင်းရေးခြင်းကို ရုံးမှာ လာလုပ်ခဲ့ကြပါတယ်။
နောက်ပိုင်းမှာ ကန္တာရဝတီတိုင်း(မ်)မှာ donor ရဲ့ ထောက်ပ့ံမှုတွေ ရလာတဲ့အချိန်မှာတော့ သတင်းစာကို A3 စာရွက်အရွယ် ၁၆ မျက်နှာနဲ့ ကြားမှာကရင်နီဘာသာ နှစ်မျက်နှာကို တလတကြိမ် ပုံမှန်ထုတ်လာနိုင်တဲ့အပြင် ရှေ့ဆုံး မျက်နှာဖုံးနဲ့ နောက်ပိတ် စာမျက်နှာမှာ ရောင်စုံဖြင့် ပုံနှိပ်ထုတ် လာနိုင်ခဲ့ပါတယ်။
အချိန်ပြည့် သတင်းတွေကို update လုပ်နိုင်တဲ့ အင်တာနက်စာမျက်နှာကိုလည်း ထူထောင်နိုင်ခဲ့တဲ့ အပြင် တစ်ချိန်က မြန်မာပြည်မှာ နိုင်ငံရေး အခြေအနေအရ ပြည်ပသတင်း မီဒီယာ ၀က်ဆိုင်ဒ်တွေ ဝင်ဖတ်မရတဲ့ အတွက် ဘလော့ကိုလဲ ဖွင့်လှစ်လာခဲ့လို့ ကန္တာရဝတီတိုင်း(မ်)ကို လူတချို့က (KT) ကေတီလို့လဲ ခေါ်လာကြပါတယ်။
ကရင်နီဒုက္ခသည်စခန်းတွေကနေ တတိယနိုင်ငံကို အခြေချနေထိုင်သွားကြတဲ့ ကရင်နီလူမျိုး အများစုဟာ ကိုယ့်ရပ်ကိုယ့်မြေမှာ ဖြစ်ပျက်သမျှကို သိရှိနိုင်ဖို့ ကန္တာရဝတီတိုင်း(မ်) အင်တာနက်ဝက်ဆိုဒ်ကိုဘဲ အမြဲတမ်း ဖတ်လေ့ရှိကြတယ်လို့ အမေရိကန်နိုင်ငံ Texas ပြည်နယ်မှာ အခြေချနေထိုင်သွားတဲ့ ခူးဦးရယ်ဆော် က အခုလို ပြောပါတယ်။
"ဒီပြည်ပမှာ ရောက်လာတဲ့လူတွေက သတင်းကဖြင့် မှီခိုစရာဆိုလို့ ကန္တာရဝတီတိုင်း(မ်)ဘဲ ရှိတာပေါ့ ကျနော်အနေနဲ့ ပြောရမယ်ဆိုရင် ကျနော်က ရက်တိုင်း ကန္တာရဝတီတိုင်း(မ်)ကို ဖွင့်ကြည့်တယ် ဒါပေမဲ့ သိပ်မအားရသေးဘူးပေါ့နော ရက်တိုင်း ဖွင့်ကြည့်ရင် နှစ်ရက် သုံးရက်လုံးက ဒီသတင်းဘဲ ရှိတယ် ဟိုအသစ်အဆန်းတွေ သိပ်မတွေ့ရဘူးလေ ဆိုတော့ သိပ်အားမရသေးဘူးပေါ့"
ကန္တာရဝတီတိုင်း(မ်)က သတင်းတွေကို လစဉ်သတင်းစာ၊ အင်တာနက် (website, facebook)၊ RFA ရေဒီယို အပတ်စဉ် သတင်းလွှာဖတ်ကြားခြင်းအပြင် DVB ရုပ်/သံမှာလဲ သတင်းတွေ ထုတ်လွင့်နိုင်ဖို့ ပို့နိုင်ပေမဲ့ အခုလောလောဆယ် သတင်းစာမှာတော့ ကရင်နီဘာသာကို ဖြုတ်ထားလိုက်ပါတယ်။
ဒီအကြောင်းနဲ့ပါတ်သက်လို့ ကရင်နီဘာသာ သတင်းတွေကို အဓိက တာဝန်ခံလုပ်ဆောင်နေတဲ့ ခူးဆိုရှာဖဲက "အခု အစိုးရက တရားဝင်အသိအမှတ်ပြု register လျှောက်ထားတဲ့ကာလမှာ မှတ်ပုံတင်ဌာနက ကရင်နီဘာ သာလဲ ပါတယ် ဗမာလဲပါတယ် ကရင်နီဘာသာ စာကလဲ အခုထိ သေသေချာချာ အတည်မပြုနိုင်သေးဘူး အဲဒါကြောင့် ခဏဖြုတ်ထားတာ" လို့ပြောပါတယ်။
အကယ်၍ ရှေ့ဆက်အခြေအနေ ကောင်းလာရင်တော့ ပြန်ထည့်နိုင်တယ် ဒါမှမဟုတ် ကရင်နီဘာသာ သတင်းစာ တစောင်အဖြစ် သီးသန့်လုပ်ဖို့ရှိတယ်လို့လည်း သူကဆိုပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိနေပြီး လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေသလို ကေတီကို တောက်လျှောက် အားပေးလာနေတဲ့ ခူးမီရယ် ကတော့ ကေတီဟာ အရင်တုန်းကထက်စာရင် သတင်း အရေးအသားတွေ ကျဆင်းလာပြီး နေ့စဉ်နဲ့အမျှ လူထုတွေ ဒုနဲ့ဒေး ခံစားနေရတဲ့ ပြဿနာတွေထက် ရိုးရာနဲ့စာပေအကြောင်းတွေ ဦးစားပေး ရေးသားလာတယ်လို့ သုံးသပ် ပြောဆိုပါတယ်။
ဒါ့အပြင် ကေတီအနေနဲ့ ကရင်နီပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ လယ်ယာမြေသိမ်းတဲ့ကိစ္စတွေ ရေကာတာ ကိစ္စတွေအပြင် ကေအဲန်ပီပီနဲ့ အစိုးရတို့ကြား ကြိုးပမ်းနေတဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စတွေကို လူထုတွေ ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် အသားပေး ဖော်ပြစေချင်တယ်လို့လဲ ပြောပါတယ်။
"သူတို့ တင်ပြတောင်းဆိုထားတဲ့ အချက် ၂၀ အပေါ်မှာ အခြေခံပြီးတော့ တကယ် အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေး ဖြစ်သင့်တယ်ဆိုတာကို သူတို့ခံယူထားတယ် ဒီနေရာမှာ ကေအဲန်ပီပီက ရပ်တည်ချက်က တကယ်ရှင်းပါတယ် အဲဒါ ရှင်းကြောင်းကို လူထုတွေ သိရမယ် လိုအပ်လို့ ငြိမ်းချမ်းရေး ပျက်တာမျိုး လိုအပ်လို့ ငြိမ်းချမ်းရေး ခိုင်မာသွားတာမျိုးဆိုရင် လူထုတွေ ကောင်းကောင်းသိရမယ် လူထုတွေ သိနိုင်ဖို့ နည်းလမ်းက ကေတီမှာ အများကြီးမူတည်တယ်" လို့ ပြောပါတယ်။
ဆက်လက်ပြီး ၎င်းက "တနည်းအားဖြင့် civilian war ကို ဖြစ်နိုင်ရင်တောင်မှ ကေတီက ဦးဆောင်ပြီးတော့ ဖန်တီးပေးရမဲ့ အနေအထားတောင် ဖြစ်စေ ချင်တယ် civilian war ဆိုတာက လူထုတွေအားလုံး ထပြီးတော့ သောင်းကျန်းရမယ်ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ ဒီ peace process မှာ လူထုတွေကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်ပြီးတော့ ကေအဲန်ပီပီကိုရော အစိုးရကိုရော လမ်းမှန်တည့်ပေးနိုင်တဲ့ civilian war ကိုငါတို့ပြောချင်တာ အဲလို အနေအထားမျိုးပေါ့" လို့ ပြောပါတယ်။
၂၀၁၀ ခုနှစ်တုန်းက မြန်မာနိုင်ငံ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်လာချိန်မှာတော့ အလှူရှင်တွေက မြန်မာပြည်တွင်းကို ပိုမို အားစိုက်လာတဲ့အတွက် နယ်စပ်တလျှောက်က အဖွဲ့အစည်းတွေကို ပေးနေတဲ့ ရံပုံငွေတွေ ဖြတ်တောက်ခံလိုက်ရပါတယ်။ ဒါပေမယ့် ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ ကေတီ အနေနဲ့ ကျိုးစား ရင်ဆိုင် သွားမယ်လို့လည်း ခူးစေးရယ်စိုးက ပြောပါတယ်။
"ကျနော်တို့နည်း ကျနော်တို့ဟန်ဘဲ ကျနော်တို့အစွမ်းအစနဲ့ ကျနော်တို့ ရပ်တည်နေတယ် donar တွေက ကျနော်တို့နောက်မှာ ပြန်လိုက်တဲ့ အခြေအနေတွေကို ကျနော်တို့ ဖန်တီးချင်တယ် ဒီ ၂၀၁၂ ခုနှစ်ကနေစပြီးမှ ဆိုတော့ ကျနော်ထင်တယ် ဒါက တခြားအဖွဲ့အစည်းတွေကလဲ ဒီ ကေတီရဲ့ဥပမာကို ယူလို့ရတယ် ယူသင့်တယ်လို့ ကျနော် ထင်တယ်ပေါ့နော။ ဘာဖြစ်လို့လဲ ဆိုရင် ကျနော်တို့က donor မရှိဘူးဆိုရင်လဲ ကျနော်တို့က ဒီလိုဘဲ donor ရှိတယ်ဆိုရင်လဲ ကျနော်တို့ အခြေအနေက ဒီလိုဘဲ၊ ဒီလိုဘဲဆိုတာ ကျနော်တို့ အဖွဲ့အစည်းက အဓိက လုပ်ငန်း တိုးတက်လား နှောင့်နှေးလား မတိုးတက်ဘူးလား ဆိုတဲ့ဟာထက်ပေါ့နော အဖွဲ့အစည်း မပျောက်ဖို့ တအား အရေးကြီးတယ်"
ယခုအချိန်မှာ ကေတီဟာ သတင်းဌာနကြီးတွေကို သတင်းရောင်းပြီး ရပ်တည်နိုင်တဲ့ အခြေအနေ ရှိနေပေမဲ့ ကေတီရဲ့ သတင်းထုတ်လုပ်မှု product ကို ဝယ်လိုတဲ့ clients တွေအရမ်းနည်းနေသေးတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ဒါ့အပြင် ကေတီရဲ့ဝန်ထမ်းတွေဟာ အများအားဖြင့် မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးရောက်ရှိလာတဲ့ ဒုက္ခသည်တွေ ဖြစ်နေပြီး နှစ်စဉ် တတိယနိုင်ငံကို အခြေချ နေထိုင်သွားကြတဲ့အတွက် ကေတီရဲ့ ဝန်ထမ်းအပြောင်း အလဲ ပြဿနာက လုပ်ငန်းဆောင်ရွက်မှု အပိုင်းကို ပိုပြီး အားနည်းစေတယ်လို့လည်း သူက ပြောပါတယ်။ ယခု ၂၀၁၂ ခုနှစ်အတွင်းမှာဘဲ ၀ါရင့်သတင်းထောက်တယောက်နဲ့ IT ကျွမ်းကျင်သူ တဦးလည်း တတိယနိုင်ငံသို့ အခြေချ သွားပြန်ပါတယ်။
ဒီလို နယ်စပ်ကိုရောက်ရှိနေပြီး နယ်စပ်ကလူတွေနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ကန္တရဝတီတိုင်းမ်ဟာ ကရင်နီပြည် တွင်းမှာ နေ့တဓူဝ ဖြစ်ပျက်နေတဲ့ သတင်းတွေ ရေးသားဖို့ အာရုံစိုက်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် မတိုင်ခင်က သတင်းယူဖို့ အခက်အခဲတွေ ရှိပေမယ့် အခု နောက်ပိုင်း နိုင်ငံရေးအခြေအနေ အပြောင်းအလဲကြောင့် အနည်းငယ် လွတ်လပ်မှု ရှိလာသလို ခံစားရတယ်လို့ ကန္တာရဝတီတိုင်း(မ်) စီမံခန့်ခွဲရေးအယ်ဒီတာ မော်ကယားထဲက ပြောပါတယ်။
"ရွှေးကောက်ပွဲ မတိုင်ခင်တုန်းက သတင်းပေးတဲ့လူဆိုတာလဲ မရှိခဲ့ဘူးပေါ့နော သတင်းယူတဲ့အခါမှာလဲ ခိုးကြောင်ခိုးဝှက်နဲ့ ယူရပါတယ် အခုအချိန်မှာ ဒီ မီဒီယာ အခန်းကဏ္ဍကလဲ နည်းနည်းလေး လွတ်လပ်မှု ရှိသယောင်ယောင်နဲ့ ဖြစ်နေတဲ့ အချိန်လဲ ဖြစ်နေ တယ် နောက်ပြီးတော့ ကရင်နီပြည်နယ်ရဲ့ နိုင်ငံရေး အခြေအနေကလဲ အသွင်ကူးပြောင်းနေတဲ့ အချိန်ကာလဆိုတော့ သတင်းရယူတဲ့အချိန်မှာပိုပြီးတော့ လွယ်ကူပါတယ် လူထုကလဲ ဒီမီဒီယာနဲ့ ပြောဆိုဆက်ဆံမှုတွေ ပိုပြီးတော့ ရဲလာပါတယ်။"
ဒါ့အပြင် ကေတီဟာ လွတ်လပ်တဲ့သတင်းဌာန တခုအနေနဲ့ နယ်စပ်မှာ အခြေချပြီး ရပ်တည်လာခဲ့ပေမယ့် ကရင်နီပြည် တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) နဲ့ ပိုနီးစပ်တဲ့အတွက် ကရင်နီ ပြည်သူလူထု အများစုဟာ ကေအဲန်ပီပီ အစိုးရရဲ့ သတင်းဌာနကြီးတခုလို့ မြင်နေကြတာ ဖြစ်တယ်လို့လည်း သူ့မရဲ့ အမြင်ကို အခုလို ဆက်ပြောပါတယ်။
"ကေတီက ထိုင်းနိုင်ငံရဲ့ နယ်စပ်မှာရှိနေတဲ့ ကေအဲန်ပီပီ တို့နဲ့ နီးစပ် နယ်မြေထဲမှာ အခြေစိုက်တဲ့ အဖွဲ့တဖွဲ ဖြစ်နေလို့ဘဲ နောက်တချက်အနေနဲ့ သတင်းတွေကို လိုက်တဲ့နေရာမှာ ပြည်တွင်းဖက်က လူထုတွေရယ် ပြည်နယ်အစိုးရ အသံတွေကို မရတဲ့အတွက် ရတဲ့သတင်း တွေက ကေအဲန်ပီပီရဲ့ သတင်းတွေဖြစ်နေတယ် ကေအဲန်ပီပီရဲ့ အသံတွေကလဲ ပိုများနေတယ် နံပါတ်သုံးအချက်က သတင်းစာတွေမှာ ကရင်နီလို့ သတင်းရေးတဲ့ သတင်းဌာနတွေဖြစ်စေ ဒီစာစောင်တွေဘဲဖြစ်ဖြစ် ကရင်နီဆိုတဲ့ အခေါ်အဝေါ် အသုံးအနှုန်းကို အသုံးပြုတဲ့သူတွေတိုင်း ကရင်နီလို့ အသုံးပြုတဲ့ အဖွဲ့အစည်းတွေ လူတွေတိုင်းကို ပြည်တွင်းမှာ ရှိတဲ့လူတွေ အများစုက ကေအဲန်ပီပီ ဒါမှမဟုတ် ကေအဲန်ပီပီနဲ့ ဆက်စပ်တဲ့အဖွဲ့အစည်း နောက်ပြီးတော့ သူပုန်လို့လဲ ပြောကြသေးတယ်။"
ပြောင်းလဲလာတဲ့ မြန်မာ့ နိုင်ငံရေး အခြေအနေအရ ကန္တာရဝတီတိုင်း(မ်)ဟာ ယခုအချိန်မှာ ပြည်တွင်းမှာ ရပ်တည်ပြီး လွတ်လပ်တဲ့ သတင်းဌာန တခုအနေနဲ့ သတင်းစာတွေ ဖြန့်ချီနိုင်ဖို့ မြန်မာအစိုးရထံမှာ တရားဝင် အဖွဲ့အစည်းအဖြစ် register လျှောက်ထားပြီ ဖြစ်ပါတယ်။
အစိုးရက သတ်မှတ်ထားတဲ့ ဂျာနယ်တစောင်ရဲ့ လိုအပ်ချက် ပုံစံတွေနဲ့ လျှောက်လွှာတင်ထားတဲ့အခြေအနေကို ကယားထဲက "လျှောက်လွှာတင် ထားပြီးတဲ့ နှစ်ပတ်အကြာမှာတော့ ရန်ကုန်မြို့ကနေ စာပေစီစစ်ရေးနဲ့ မှတ်ပုံတင်ဌာနကနေပြီးတော့မှ ကျမကိုခေါ်တွေ့ပြီးတော့ မေးမြန်းခဲ့ပါတယ် အဲဒီမှာ ကျမရဲ့အကြောင်းတွေရယ် ကျမ စီးပွားရေး နောက်ခံအကြောင်းတွေရယ် ကန္တာရဝတီတိုင်း(မ်)ရဲ့ နောက်ခံသမိုင်းတွေရယ် ဝန်ထမ်းအခြေအနေတွေကို မေးမြန်းခဲ့ပါတယ်" လို့ပြောပါတယ်။
အခုထိ အစိုးရဖက်က တရားဝင် သတင်းဌာနအဖြစ် ရပ်တည်ခွင့် မကျလာသေးပေမဲ့ လျှောက်လွှာ တင်ထားတဲ့ အချက်တွေထဲမှာတော့ နိုဝင်ဘာလ ၃ ရက်နေ့မှာ လုပ်ငန်းစဖို့ ထည့်သွင်းရေးသား ထားတယ်လို့ သူမက ဆက်ပြောပါတယ်။ အကယ်၍ ကန္တာရဝတီတိုင်း(မ်)ဟာ တရားဝင် သတင်းဌာနတခုအနေနဲ့ အစိုးရက ခွင့်ပြုလာမယ်ဆိုရင် သတင်းတွေကို လွတ်လွတ်လပ်လပ် ယူနိုင်တဲ့အနေအထား ရှိလာတဲ့အပြင် ကန္တာရဝတီတိုင်း(မ်)သတင်းစာတွေကိုလဲ လွတ်လွတ်လပ်လပ် ဖြန့်ဝေ ရောင်းချခွင့်ရှိပြီး သတင်းဖတ်တဲ့ သူတွေလဲ မကြောက်မဝံ့ဘဲ ဖတ်နိုင်ကြမှာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။
ကန္တာရဝတီတိုင်း(မ်) အယ်ဒီတာ စေးရယ်စိုးကမူ register ရခဲ့မယ်ဆိုရင် အခြေခံဥပဒေ ဘောင်အတွင်းက စည်းကျပ်မှုတွေ မီဒီယာနဲ့ပါတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေအောက်က ရေးသားဖြန့်ချိရမှာ ဖြစ်တဲ့အတွက် ပြည်ပမှာနေပြီး ရေးခဲ့သလိုမျိုး လွတ်လွတ်လပ်လပ် ရေးသားဖြန့်ချိခွင့် ရတော့မှာ မဟုတ်သလို ကေတီသတင်း သမားတွေအနေနဲ့ မြန်မာပြည်တွင်းက တခြား သတင်းဌာနတွေနဲ့ အပြိုင်အဆိုင် ရေးသားနိုင်ဖို့ သတင်း အရေးအသားတွေ မြင့်တင်ဖို့ လိုအပ်ပြီး စာဖတ်ပရိတ်သတ်တွေကြားမှာ ဝေဖန်မှုတွေကို ခံနိုင်ဖို့ အများကြီးလိုအပ်တယ်လို့ ပြောပါတယ်။