ချင်းပြည်နယ်မြို့တော် ဟားခါးတွင် အောက်တိုဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များက ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် ချင်း ဆိုကရေးတီး ပြိုင်ပွဲတွင် မတူပီမြို့နယ်မှ ပထမဆုကို အများဆုံး ရရှိကြောင်း သတင်းရရှိသည်။
ပြိုင်ပွဲအား ပြည်နယ် မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး ချင်းရိုးရာ ၀ါးညှပ်အက၊ သံစုံသီချင်း၊ အဖွဲ့လိုက် အတီးပြိုင်ပွဲ၊ တဦးချင်း အကပြိုင်ပွဲ၊ တဦးချင်း ကျားမ အလိုက် အဆိုပြိုင်ပွဲ၊ တဦးချင်း အတီးပြိုင်ပွဲ တို့ ပါ၀င်ယှဉ်ပြိုင်ကြပြီး ပလက်ဝမြို့ နယ်က လွဲပြီး ကျန် ၈ မြို့နယ်မှ အနုပညာရှင်များ ပါ၀င်ကြကြောင်း သိရသည်။
၀ါးညှပ်အက၊ အဖွဲ့လိုက် သံစုံသီချင်း၊ အဖွဲ့လိုက် အတီးပြိုင်ပွဲ၊ တဦးချင်း မ အဆိုပြိုင်ပွဲများတွင် ပထမဆုကို မတူပီမြို့နယ်မှ အနုပညာရှင်များက ဆွတ်ခူးသွားပြီး ဒုတိယ ဆုကို မင်းတပ်မြို့နယ်မှ ရရှိသွားကြသည်။
ပြိုင်ပွဲသို့ နယ်စပ်ဒေသလုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး အပါအဝင်၊ လူမှုရေးဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီးတို့ တက် ရောက်ကြောင်း ထပ်မံသိရသည်။
ယခု ကျင်းပသည့် ဆိုကရေးတီး ပြိုင်ပွဲမတိုင်ခင် မတူပီမြို့နယ်တွင် မြို့နယ်အဆင့် အဆိုအက ပြိုင်ပွဲကို ယခုနှစ် စက်တင် ဘာလ (၁) ရက်နေ ့က ကျင်းပခဲ့သည်။
မတူပီမြို့ ဘုံတလာခန်းမဆောင်တွင် ကျင်းပပြုလုပ်သော အဆိုအက ပြိုင်ပွဲကို ချင်းပြည်နယ် ဗျူဟာ (၂)၊ ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီး ဟန်သူက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ယင်းပြိုင်ပွဲကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပပေးခြင်းဖြစ်သည်။