နှစ်ရက်ကြာ ကျင်းပမည့် ‘လက်ပန်တောင်းတောင် စီမံကိန်း ရပ်စဲရေး ပြည်သူ့ညီလာခံ’ ကို စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ဆည်တည်းကျေးရွာတွင် ကြာသပတေးနေ့ မနက်ပိုင်းက စတင်ကျင်းပခဲ့သည်။
ညီလာခံသို့ အနယ်နယ် အရပ်ရပ်မှ သံဃာတော်များ၊ ကျောင်းသားများ၊ တိုင်းရင်သားများ၊ ကဗျာဆရာများနှင့် ဒေသခံ ရွာသူ၊ ရွာသားများ ထောင်နှင့်ချီ၍ တက်ရောက်ခဲ့ကြောင်း ဆည်တည်း ဘုန်းကြီးကျောင်းမှ ဦးပဥ္ဇင်း ဦးနန္ဒာစာရ က မဇ္စျိမကို အခုလို မိန့်ကြားသည်။
“အဓိကတော့ လက်ပန်တောင်းတောင် စီမံကိန်းရပ်စဲရေး ဆိုပြီး အဆိုတင်ပြီး အားလုံးက ထောက်ခံပြီး ဆုံးဖြတ်ကြ တယ်။ ဒီကိစ္စဟာ သူပိုင်ငါပိုင် အငြင်းပွားမှု ဖြစ်နေတယ်။ နိုင်ငံတော် သီချင်းနဲ့ သာဓက ထောက်ပြ ဆုံးဖြတ်တယ်။ ‘ဒါဒို့ပြေ ဒါဒို့မြေ’ ဆိုပြီး ဆုံးဖြတ်တယ်။ ဒီမြေဟာ ပြည်သူလူထု ပိုင်တယ်ဆိုတဲ့အကြောင်း သံဃာတော်တွေရဲ့ ကိုယ်စား၊ ပြည်သူတွေရဲ့ကိုယ်စား ဆရာတော်တပါးက အဆိုတင်သွင်းတယ်။ လယ်ယာမြေကိစ္စ၊ အလုပ်သမားကိစ္စ၊ ကချင်စစ်ရပ်ဆိုင်းရေး၊ ရခိုင်အရေးကိစ္စတွေ ပါတယ်”
ညီလာခံ ပြုလုပ်ရာ ဆည်တည်းကျေးရွာ ဘုန်းတော်ကြီးကျောင်း မြောက်ဘက်ရှိ ကွင်းပြင်တွင် ‘လက်ပန်တောင်းတောင် စီမံကိန်း လုံးဝရပ်စဲရေး’ တိုက်ပွဲဝင် အလံများ လွှင့်ထူခဲ့ပြီး ပရိတ်သတ် ငါးထောင်ကျော် တက်ရောက် အားပေးခဲ့ကြောင်း မုံရွာခရိုင် ဗကသ ခေါင်းဆောင်တဦး ဖြစ်သည့် ကိုနွေဦးကို က ဆိုသည်။
“အလံက အောက်ခံ အနီရောင်။ ထောင့်က စက်ဝိုင်းထဲမှာ အင်္ဂလိပ် အက္ခရာ Y ပုံသဏ္ဍာန်က ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ် ဆုံတဲ့နေရာ။ ချင်းတွင်းမြစ် လတ်တလော ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းနေရလို့။ Y ရဲ့ ဘယ်ဘက် ထိပ်မှာ ကြယ်အဖြူ တပ်ထားတယ်။ အဝိုင်းကတော့ အမဲရောင်။ လက်ပန်တောင်းတောင် စီမံကိန်း လုံးဝရပ်စဲရေး ကိုယ်စားပြုတဲ့အလံ။ မရပ်မချင်း တိုက်ပွဲဝင်သွားမယ်” ဟု မဇ္စျိမကို ပြောသည်။
ယင်းညီလာခံသို့ မန္တလေး လေးပြင်လေးရပ် သံဃာ့သမဂ္ဂီအဖွဲ့မှ သံဃာတော်များ၊ ၅ နှစ်ပြည့် ရွှေဝါရောင် ဖြစ်မြောက်ရေး ကော်မတီမှ
မြဝတီမင်းကြီး ကျောင်းဆရာတော်၊ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူနှင့် ရန်ကုန်မှ သံဃာတော်များ ကြွရောက်ခဲ့ကြသလို မုံရွာမြို့ခံ ကဗျာဆရာကြီး (ဦး)အံ့မောင်၊ ဓနထွန်း တို့က ကဗျာများ ရွတ်ဆိုခဲ့ကြသည်။
စီမံကိန်းကြောင့် နယ်မြေသူ၊ နယ်မြေသားများ လယ်ယာကိုင်းကျွန်း လုပ်ကိုင်ရန် အခက်အခဲများ ဖြစ်ပေါ်နေခြင်း၊ ဓါတုစွန့်ပစ်ပစ္စည်းများကြောင့် နောင်တွင် လက်ပန်တောင်းတောင် အပါအဝင် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ် အပြင် တနိုင်ငံလုံး ထိခိုက်မှာ ဖြစ်ကြောင်း ဦးနန္ဒာစာရ က မိန့်ဆိုသည်။
ထို့ပြင် အဆိုပါ ကြေးနီစီမံကိန်း အတွင်း လယ်တီဆရာတော်ဘုရားကြီး တရားကျင့်ခဲ့ရာ တောရကျောင်း ပရဝုဏ်လည်း ပါဝင်နေပြီး ဖြိုဖျက် ရှင်းလင်းပစ်မည်ကို စိုးရိမ် ပူပန်လျက်ရှိကြောင်း “ဖြိုချတော့မယ့် ပုံစံ လှိုဏ်တွေလုပ်ထားပြီ၊ မဖြိုသေးဘူး” ဟု ဆရာတော်က မိန့်ကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ‘ပထမ လယ်တီဆရာတော် ဘုရားကြီး၏ ရှေးဟောင်းသမိုင်းဝင် အဆောက်အဦများ ကွယ်ပျောက် မဆုံးရှုံးစေရေးအတွက် ဆောင်ရွက် ပေးပါရန် မေတ္တာရပ်ခံချက်’ တစောင်အား သမ္မတ ထံ လိပ်မူ၍ သံဃာတော်များက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြောင်းသိရသည်။
“ပထမ လယ်တီဆရာတော်ဘုရားကြီး၏ ပရမတ္ထသံခိပ်၊ ဓါတုသစ္စဒီပနီ၊ နိရုတ္တိဒီပနီ၊ သမ္မာဒိဌိဒီပနီ၊ ကမ္မဌာနဒီပနီ စသည်စသည်များကို ရေးသားတော်မူခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်၊ လက်ပန်တောင်းတောင်ခြေရှိ လယ်တီ တောရကျောင်းအား ယခုအခါ မြန်မာဝမ်ပေါင် ကြေးနီသတ္တုတူး ဖော်ရေး ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် တို့ကသတ္တုဖော်ရန်အတွက် မြေတူးစက်ဖြင့် ဖြိုချဖျက်ဆီးမည့် အရေးနှင့် ကြံုတွေ့နေရကြောင်း” သံဃာတော်များ၏ မေတ္တာရပ်ခံချက်တွင် ဖော်ပြပါရှိသည်။
အဆိုပါ စီမံကိန်းကြောင့် လက်ပန်တောင်းတောင် ပတ်ဝန်းကျင်ရှိ စံပယ်တောင်နှင့် ကြေးစင်တောင် နှစ်ခုသည် ယခုအခါ တွင်းကျယ်ကြီးများအဖြစ် ကျန်ရှိပြီး လက်ရှိစီမံကိန်း လုပ်ကိုင်လျက်ရှိသည့် ကြေးနီတောင်ကိုလည်း ယင်းတောင်များကဲ့သို့ ကွယ်ပျောက်သွားမည်ကို ပတ်ဝန်းကျင်ရှိ ကျေးရွာသူ/သားများနှင့် ယနေ့အစည်းအဝေး တက်ရောက်လာသူများက စိုးရိမ်လျက် ရှိကြသည်။
၁၉၉၆-၉၈ မျိုးဆက် ကျောင်းသားများကလည်း “လက်ပန်တောင်းတောင် ကြေးနီထုတ်လုပ်ရေး စီမံကိန်းသည် အမှားတခုအဖြစ် သမိုင်းတွင် မကျန်ရစ်စေရန်နှင့် ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရန်အတွက် ယခု အချိန်အခါကောင်း ဖြစ်ကြောင်း ထိုသို့ဖြစ်နိုင်ရန် ဒေသခံနိုင်ငံသားများနှင့် တရားမျှတသော ဆွေးနွေးပွဲများ အမြန်ဆုံး ပြန်လည်စတင်သင့်ပြီး ပြည်သူများ၏အသံကိုပါ နားထောင်သင့်ပါသည်” ဟု သဘောထား ထုတ်ပြန်လိုက်သည်။
ထိုစီမံကိန်းရပ်တန့်ရန် တောင်းဆိုမှုသည် တိုင်းဒေသကြီး အစိုးရအနေဖြင့် လုပ်ဆောင်၍ မရနိုင်ဘဲ ရေရှည်စဉ်းစား ဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး က ပြောဆိုထားသည်။
စီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီ ဝမ်ပေါင်းတို့ ဖက်စပ် လုပ်ဆောင်ကြပြီး အဆိုပါ စီမံကိန်းကြောင့် လယ်ယာဧကပေါင်း ရ,၈ဝဝ ကျော် အသိမ်းခံလိုက်ရသည့်အတွက် တောင်သူများက မကျေနပ်၍ ဇွန်လမှ စတင်ကာ စက်တင်ဘာလအထိ ချီတက်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။