ကရင်နီ လူမှု ဖွံ့ဖြိုးရေးကျောင်း ၁၀ နှစ်ပြည့် အခမ်းအနား ကျင်းပ

ကရင်နီ လူမှု ဖွံ့ဖြိုးရေးကျောင်း ၁၀ နှစ်ပြည့် အခမ်းအနား ကျင်းပ
by -
ကန္တာရဝတီတိုင်း(မ်)

ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ဖွင့်လှစ်ထားတဲ့ ကရင်နီလူမှု ဖွံ့ဖြိုးရေးကျောင်းဟာ အောက်တိုဘာလ ၁၃ ရက်နေ့မှာဆိုရင် ၁၀ နှစ်ပြည့်သွားလို့ အခမ်းအနားတရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကရင်နီလူမှု ဖွံ့ဖြိုးရေးကျောင်းမှာ အဓိကအားဖြင့် တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင်အရေး စတဲ့ ဘာသာရပ်တွေအပြင် ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ ပညာရပ်တွေကိုလည်း သင်ကြားပို့ချပေးနေတဲ့ ကျောင်းဖြစ်ပါတယ်။

၎င်းဘာသာရပ်တွေဟာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ ဖြစ်စဉ်မှာ အရေးကြီးပြီး လက်တွေ့ကျကျ အသုံးပြုနိုင်တဲ့ ဘာသာရပ်တွေ ဖြစ်တယ်လို့ ကရင်နီပညာရေးဝန်ကြီး ဦးအောင်ဆန်းမြင့်က အခမ်းအနားမှာ ပြောကြား သွားပါတယ်။

“တကယ်တမ်း အနာဂတ်ဟာ မရေရာပါဘူး၊ မသေချာပါဘူး။ လက်တွေ့ဆန်ဖို့လိုတယ်။ အခုကျနော်တို့ မြန်မာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးတွေ လုပ်နေတယ်။ ဆိုတော့ ကျတော်တို့ ဒီနေ့သင်ကြားပေးလိုက်တဲ့ ပညာရပ်တွေ ဟာ ဒီနေ့လုပ်ငန်းစဉ်ထဲမှာ သွေဖီသွားတာ မရှိဘူး၊ လွှဲချော်သွားတာမရှိဘူး။ လက်တွေ့ကျကျ အသုံးချ လို့ရတယ်”

ကရင်နီလူမှု ဖွံ့ဖြိုးရေးကျောင်းဟာ အစိုးရရဲ့ တရားဝင် သတ်မှတ်ချက်အရသော်၎င်း၊ ဒါမှမဟုတ် နယ်စပ်ဒုက္ခသည်စခန်းတွေရဲ့ သတ်မှတ်ချက်အရ အထက်တန်းအဆင့် အောင်မြင်သွားတဲ့ ကျောင်းသား/သူတွေကို လျှောက်လွှာခေါ်ယူ စီစစ်ပြီး တနှစ်တိတိ သင်ကြား ပို့ချပေးနေတာပါ။ တနှစ်ကို ကျောင်းသူ/ကျောင်းသား ၂၅ ဦးသာ ရွေးချယ်ပြီး သင်ကြားပေးတာပါ။

၂၀၁၁- ၂၀၁၂ ခုနှစ် ပညာ သင်နှစ်အတွင်း အဲဒီကျောင်းမှာ ပညာသင်ယူနေတဲ့ ခူးလူရယ်က “ကျနော့်အနေနဲ့ ကတော့ ဒီနိုင်ငံရေး ပြောင်းလဲမှု အတောအတွင်းမှာ ဆိုရင် ကျောင်းသူ၊သားတွေ ပါဝင်မှုက အရမ်းလိုအပ် တယ် ပေါ့နော်။ ဘာဖြစ်လဲ ဆိုလို့ရှိရင် နိုင်ငံရေးတစ်ခုမှာ ကျောင်းသားတွေက အင်အားအများဆုံးလို့ ကျတော်ယုံကြည်တယ်လေ”  လို့ပြောသွားပါတယ်။

၁၀ နှစ်ပြည့် ကရင်နီလူမှုဖွံ့ဖြိုးကျောင်း မွေးနေ့ပွဲ အခမ်းအနားကို လူဦးရေ ၃၀၀ ကျော် တက်ရောက်အားပေး ခဲ့ကြပါတယ်။

Most read this week