၃ နှစ်သား ဒုက္ခသည်ကလေးငယ် တစ်ဦး မြန်မာအစိုးတပ် ကျည်ဆံထိမှန်

၃ နှစ်သား ဒုက္ခသည်ကလေးငယ် တစ်ဦး မြန်မာအစိုးတပ် ကျည်ဆံထိမှန်
by -
ကချင်သတင်းဌာန

တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ပန်ဝါ အထက် တရုတ်ဖက်ခြမ်းရှိ မှတ်တိုင် (၆) ဒုက္ခသည် စခန်းသို့ အောက်တိုဘာ ၁၅ ရက် နေ့တွင် မြန်မာအစိုးရ တပ်မ ၈၈ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ (၇၇) မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းကြောင့် စခန်းရှိ ၃ နှစ်သား ကလေးငယ်တစ်ဦး ကျည်ဆံထိမှန်ခဲ့သည်။

pangwa-idp-camp_600_400

စခန်းတွင်း မိသားစုများ ထမင်းစားနေချိန် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကလေးငယ် ဘောမ်ဆောင် (Bawm Sau) ဆိုသူအား ညာဘက် ပေါင်နှင့် လက်တွင်ကျည်ထိ မှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လောလောဆယ် ၎င်းကလေးငယ်အား တရုတ်ပြည်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မှတ်တိုင် (၆) တွင်ခိုလှုံသူတစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

“ညာဘက်ကပေါင် ကျိုးသွားတယ်ထင်တယ် သွေးတွေနဲ့ တွဲလောင်းကျသွားတယ်။ ဘယ်လက်တွေမှာလည်း ထိသွားတယ်။”

မှတ်တိုင် (၆) မှ တစ်နာရီကျော်သွားရသည့် အစိုးရတပ်စခန်းသို့ အင်အား ၅၀ ကျော်ရှိသည့် မြန်မာအစိုးရတပ် ခလရ (၇၇) က ရိက္ခာလာပို့ချိန် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု စခန်းတွင်း ဒုက္ခသည်က ဆက်ပြောသည်။

 “၂ နာရီကနေ စပစ်ကြတယ်။ သူတို့ဘက်က ၁ ဦးကျသွားတယ်။ ကျနော်တို့ဘက်က ဘာမှ မဖြစ်ဘူး။ ပစ်ခတ်တိုက်ခိုက်တာက သိပ်မကြာဘူး။ သူတို့ဘက်က ရမ်းတန်းပစ်နေတာ။ ညနေ ၄ နာရီထိဟုတ်တယ်။”

ထိုသို့ နှစ်ဖက်တပ်မှ ပစ်ခက်ကြရာ အစိုးရဘက်မှ ၁ ဦး ကျဆုံးခဲ့ကြောင်းနှင့် အစိုးရတပ်စခန်းသည် တောင်ထိပ်ပေါ်တွင် တည်ဆောက်ထားကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သီးခြား အတည်ပြုချက် မရရှိသေးပါ။

နယ်နိမိတ် မှတ်တိုင် (၆) ဒုက္ခသည်စခန်းသည် ပန်ဝါမြို့နယ်ခွဲ တရုတ်နယ်စပ်ဖက်ခြမ်းတွင် တည်ရှိပြီး ယနေ့နံနက်ပိုင်းက နယ်စပ်ရှိ တရုတ်အရာရှိများ ၎င်းဒုက္ခသည် စခန်းသို့ လာရောက်ကြည့်ရှူ့ခဲ့သည်။

ထိုမှတ်တိုင် (၆) ဒုက္ခသည်စခန်းတွင် လူဦးရေ ရ၇၀ ကျော် ရှိကြောင်းသိရသည်။ ၎င်းဒုက္ခသည် စခန်းသည်   လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ ရာသီဥတု အေးသောနယ်မြေဖြစ်သောကြောင့် ဒုက္ခသည်များ အအေးဒဏ်ခံနေရပြီး အစားအသောက်အခက်အခဲ ရင်ဆိုင်နေရကြောင်းသိရသည်။

Most read this week