ပါတီပေါင်းစည်းရေး မွန်နှစ်ပါတီပူးတွဲကြေညာချက်ထုတ်ပြန်

ပါတီပေါင်းစည်းရေး မွန်နှစ်ပါတီပူးတွဲကြေညာချက်ထုတ်ပြန်
by -
မွန်အေဂျင်စီ

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်ဒီမိုကရေစီပါတီ MDP တို့ပေါင်းစည်းရေး အတွက် နှစ်ပါတီခေါင်းဆောင်များနှင့် ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်တို့ သဘော တူညီချက် ၄ ရပ်ကို လက်မှတ်ရေးထိုး၍ အောက်တိုဘာ ၁၃ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အထက်ပါ မွန်-မြန်မာနှစ်ဘာသာဖြင့် ထုတ်ပြန်သောသဘောတူညီချက်များတွင် (၁)မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့သည် ပူးပေါင်းရန်သဘောတူညီကြသည်၊( ၂)၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံး ထား၍ တစ်ပါတီအဖြစ်ပူးပေါင်းရမည်၊ (၃)အဆင့်ဆင့်ညှိနှိုင်း သွားရန်အတွက် တစ်လတစ်ကြိမ် တွေ့ဆုံမည်၊ (၄)ပါတီနာမည်သစ်တစ်ရပ် ဖြစ်ပေါ်လာအောင် ဆက်လက်ဆွေးနွေး သွားမည်ဟု ဖေါ်ပြပါရှိသည်။
အောက်တိုဘာ ၁၃ ရက်နေ့၊ အောင်စေတီကျောင်းတိုက် မွန် ၂ ပါတီဆွေးနွေးပွဲ
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌနိုင်ငွေသိန်းက “မွန် ၂ ပါတီပေါင်းစည်း ရေးကိုလက်မခံတဲ့လူတွေ ကို ချန်ထားခဲ့မယ်၊ ကျနော်က တာဝန်သိ တာဝန်ရှိတဲ့ခေါင်းဆောင်တစ်ဦး အနေနဲ့ ပေါင်းစည်းရေးအတွက် ရဲရဲကြီးဆုံးဖြတ်ထားတယ်” ဟု ပြောသည်။

၄င်းထုတ်ပြန်ကြေညာချက်တွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌနိုင်ငွေသိန်း၊ မွန်လူမျိုးရေးရာ ညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော်ဦးခေမာနန္ဒနှင့် မွန်ဒီမိုကရေစီပါတီ ဒု-ဥက္ကဌ(၂) နိုင်တင်အောင် တို့လက်မှတ်ရေးထိုးထားသည်။

မွန်ပြည်နယ်၊ မုဒုံမြို့၊ အောင်စေတီဘုန်းတော်ကြီးကျောင်း၌ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့ သော မွန်လူမျိုးရေးရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့၏ (၆) ကြိမ်မြောက်ဆွေးနွေးပွဲ သဘောတူညီချက်ကို ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်း(၆)ကြိမ်မြောက်ဆွေးနွေးပွဲတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌနိုင်ငွေသိန်း၊ တွဲဖက်အတွင်း ရေးမှူး မင်းစံတင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်စိုက် တို့(၃)ဦးနှင့် မွန်ဒီမိုကရေစီပါတီက ဒု-ဥက္ကဌ(၂) နိုင်တင်အောင်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်း၊ တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်း၊ တွဲဖက်အတွင်းရေးမှူး(၂) မွန်ရာဇာ(ခေါ်) မင်းစိုးဝင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ပန်းအောင်နှင့် နိုင်စိုးမြင့်တို့တက်ရောက်ခဲ့ကြပြီး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဝင် ရဟန်းသံဃာတော်များနှင့် လေ့လာသူများအပါအဝင် စုစုပေါင်း ရ၀ ဦးခန့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

တစ်ပါတီအမည်သစ် မသတ်မှတ်ရသေးမီ လက်ရှိကြားကာလတွင် တစ်ပါတီစီမှ ၃ ဦးကိုယ်စား လှယ် စုစုပေါင်း ၆ ဦးဖြင့်ဖွဲ့စည်း၍ လူထုစည်းရုံးရေးများပြုလုပ်သွားသည့်အခါ အထက်ပါ သဘောတူညီမှုအချက် ၄ ချက်ကို အတူတကွရှင်းပြကြမည်ဖြစ်ပြီး ပါတီအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်ရေးဝေဖန်ပုတ်ခတ်မှုများ လုံးဝမပြုလုပ်ကြရန် တားမြစ်ထားသည်။

“ကျနော်တို့ပါတီကတော့ ၂၀၁၄ ဒီဇင်ဘာအထိမစောင့်ချင်ဘူး၊ အခုချက်ချင်းပေါင်းလည်းရတယ် ကျနောတို့ပါတီက ပေါင်းစည်းဖို့ အတိအလင်းဆုံးဖြတ်ထားပြီးဖြစ်တယ်၊ ဥပမာတစ်ဖက်စီက ဗဟိုကော်မတီ ဝင် ၂၁ ဦးစီနဲ့ပေါင်းကြရင် ၄၂ ဦးဖြစ်လာမယ်၊ အဲဒီအထဲက လှို့ဝှက်မဲနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကိုရွေး ချယ်တင်မြှောက်လိုက်ရင်ပြီးတာပါပဲ၊ ဒီလူနဲ့ဒီလူတွေပဲ ဟိုကွေ့ဒီဝိုက် ဘာမှရှည်ရှည်ဝေးဝေး လုပ်နေစရာမ လိုဘူး”ဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။

Most read this week