သျှမ်းပြည်တော်လှန်ရေးကောင်စီ SSRC ဗိုလ်မိုးဟိန်း (ခေါ်) စဝ်ကွဏ်းဇိန်းလက်ထက်ကတည်းက ယနေ့ RCSS/ SSA လက်ထက်အထိ သျှမ်းပြည်တော်လှန်ရေးလုပ်ငန်း၌ ဦးဆောင်လှုပ်ရှားလာခဲ့သော ကရင်အမျိုးသား စောချစ်ဆွေ အသက် (၇၄ နှစ်) သည် အောက်တိုဘာ ၁၃ ရက်က ကွယ်လွန်ကြောင်း သိရသည်။
စနေနေ့ညပိုင်းက သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ရောဂါတို့ဖြင့် ကွယ်လွန်သွားခဲ့သောဗိုလ်မှူးကြီး စောချစ်ဆွေ ၏ရုပ် အလောင်းအား အခမ်းအနားဖြင့် လာမည့်အောက်တို ၁၈ ရက်နေ့ ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ပိန်းလုံ ဧည့်သင်္ချိုင်း၌ သဂြိုလ်မည် ဟုလည်း မိသားစုဝင်ကပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော RCSS/SSA သျှမ်းပြည်တပ်မတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တဦး ဖြစ်သည့် စဝ်(စော) ချစ်ဆွေသည် ၁၉၃၈ ဂျူလိုင်လ ၂၅ ရက် ၌ မွေးဖွားပြီး ၁၉၅၉ ခုနှစ်တွင် ကျောင်းဆရာ အဖြစ် သျှမ်းပြည်သို့ ရောက်ရှိလာခဲ့သည်။
သထုံဇာတိဖြစ်သော စောချစ်ဆွေသည် ကရင်ဘာသာစကားအပြင် ပအိုဝ်းဘာသာစကားကိုပါကျွမ်းကျင်စွာ ပြောတတ်ပြီး ကျောင်း ဆရာအဖြစ် သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့နယ်ရှိ ပအိုဝ်းအများစုနေထိုင်သော လွယ်ချယ်ရွာသို့ရောက်ရှိတာ ဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ ပအိုဝ်းအမျိုးသားများ လက်နက်ကိုင်တော်လှန် ရေး ပြန်လည်စတင်စဉ်ပါဝင်ခဲ့ပြီး ၁၉၆၇ တွင် SSA/SNIA တို့နှင့်ပူးပေါင်း၍ စစ်ရေးမဟာမိတ်ဌာန ချုပ်၌ တာဝန် ထမ်းဆောင်ခဲ့သည်။
၁၉၆၈ ဗမာပြည်ကွန်မြူနစ်ပါတီက ဝင်ရောက်တိုက်ခိုက်ပြီးနောက် ၎င်းပါဝင်သောအဖွဲ့က ဗကပကို ထောက်ခံ ခဲ့သဖြင့် ဗကပ အားဆန့်ကျင်သော စောချစ်ဆွေ သည် မဟာမိတ်တပ်ဖွဲ့ ဗိုလ်မိုးဟိန်းထံသို့ ခိုလှုံခဲ့ရာမှ ကွယ်လွန်ချိန်အထိ သျှမ်းပြည်တပ်မတော်နှင့် လက်တွဲ ခဲ့သည်။ဌာနချုပ်လုံခြုံရေး၊ ဘဏ္ဍာရေးနှင့် ဗိုလ်မိုးဟိန်း၏ အတွင်းဝန်အဖြစ် တာဝန်များထမ်းရွက်ခဲ့သည်။
မိမိထက် ၁၂ နှစ်သာကြီးသော်လည်း ဗိုလ်မိုးဟိန်း ခေါ် စဝ်ကွဏ်ဇိန်းအား အဖေဟုသာခေါ်ဝေါ် ဆက် ဆံကြောင်း၊ စဝ်ကွဏ်းဇိန်း၏လုံခြုံရေးကို အလွန်အမင်း အလေးထားသဖြင့် အဖွဲ့အစည်းရှိ အရာရှိများနှင့်မတည့်သူအဖြစ် နာမည် ကြီးနေသူတဦးဖြစ် ကြောင်း တွဲဖက်အလုပ်လုပ်ခဲ့ဖူးသည့် သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာဦးခွန်စိုင်းက ပြောပါသည်။
စောချစ်ဆွေသည် လဲချားသူ နန်းရွှေအိမ်နှင့် အိမ်ထောင်ကျကာ သား ၃ ယောက်နှင့် သမီး ၁ ယောက်ထွန်း ကား ခဲ့သည်။ သားသုံးယောက်စလုံး သျှမ်းပြည်တပ်မတော်၌ ဝင်ရောက်အမှုထမ်းရွက်လျက်ရှိသည်။ သမီးဖြစ်သူ မှာလည်း စဝ်ကွဏ်းဇိန်း၏သားတဦးနှင့်အိမ်ထောင်ဖက်ဖြစ်သည်။