စစ်တွေမြို့ ဒုက္ခသည်များအတွက် စခန်းများ တိုးချဲ့ဆောက်

စစ်တွေမြို့ ဒုက္ခသည်များအတွက် စခန်းများ တိုးချဲ့ဆောက်
by -
မဇ္ဈိမ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အိမ်ခြေမဲ့ ဒုက္ခသည် နေအိမ်များ အမြန်ဆုံးပြီးစီးစေရန်နှင့် လူအုပ်စုနှစ်ဖက်လုံး အတွက် ယာယီအိမ်သစ်များ ပြိုင်တူ ဆောက်လုပ်ပေးနေကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် က ပြောသည်။

လက်ရှိအခြေအနေတွင် ဒုက္ခသည်စခန်းများ၌ အိမ်အလုံးပေါင်း ရ၅၀ ခန့် ထပ်မံ ဆောက်လုပ်ပေးရန်ရှိပြီး ၅၅၀ ခန့် ဆောက်လုပ်ပြီးစီးကြောင်း သိရသည်။ ထို ယာယီိအိမ်များမှာ ၄ ခန်းကို တတွဲ ဖြစ်ပြီး သွပ်မိုး၊ ထရံကာ၊ ဝါးကွပ်ပျစ် ခင်းထားသည်။ အောက်ခြေတိုင်များကို သစ်ပျော့၊ သစ်မာ မျိုးစုံဖြင့် အသုံးပြုထား သည်။ ရေချိုးခန်းနှင့် အိမ်သာများကို လည်း ကျား/မ ခွဲခြားဆောက်လုပ်ပေးထားသည်ကို တွေ့ရသည်။

“တခန်းကို မိသားစုတစု၊ လူဦးရေ ရှစ်ယောက်လောက် နေနိုင်အောင် မှန်းထားပါတယ်။ စခန်းအားလုံးမှာ ဆိုရင်တော့ အနည်းဆုံး လူ ၆ သောင်းကျော်ခန့် နေနိုင်ဖို့ ခန့်မှန်းထားပါတယ်” ဟု စခန်းဆောက်လုပ်ရေးမှ တာဝန်ရှိသူ တဦးက ပြောသည်။

ရခိုင်လူမျိုးများ နေထိုင်ရန်အတွက် အိမ်အလုံး ၃၀၀ လျာထားသည့် အနက် ၂၅၀ ဆောက်လုပ်ပြီးကြောင်းနှင့် မူဆလင် များအတွက် အိမ်လုံးရေ ၆၀၀ လျာထားသည့်အနက် ၃၀၀ ကျော် ဆောက်လုပ်ပြီးဖြစ်ကြောင်း သိရသည်။ မူဆလင် ဒုက္ခသည် ပိုများသောကြောင့် စခန်းများနှင့် အိမ်များ ပိုဆောက်ပးရကြောင်း ပြည်နယ်အစိုးရ အဖွဲ့ တာဝန်ရှိသူ တဦးက ဆိုသည်။

စစ်တွေမြို့၌ ဒုက္ခသည်စခန်း ၁၀ ခု ရှိပြီး ဒုက္ခသည်အချို့မှာ ဘုန်းကြီးကျောင်းများ အတွင်းနှင့်စာသင် ကျောင်းများအနီးတွင် တဲများထိုးကာ နေထိုင်လျက်ရှိသည်။

စခန်းများကို တိုးချဲ့ဆောက်လုပ်ပေးခြင်းကြောင့် မိသားစုများနှင့် အတူနေနို်င်ပြီး ယခုနေထိုင်ရသော အခြေအနေထက် ပိုကောင်းမည်ဟု ထင်ကြောင်း ရွှေစေတီ ဘုန်းကြီးကျောင်းတွင် ယာယီ နေထိုင်သူများက ပြောသည်။