တောင်ကုတ်မြို့နယ်အတွင်း တုတ်ကွေး ဖြစ်ပွား၊ ဆေးကုသရန် ခက်ခဲနေ

တောင်ကုတ်မြို့နယ်အတွင်း တုတ်ကွေး ဖြစ်ပွား၊ ဆေးကုသရန် ခက်ခဲနေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ ကျေးရွာတချို့တွင် တုတ်ကွေးရောဂါ ဖြစ်ပွားနေပြီး ဆေးကုသရန် အခက်အခဲ ဖြစ်နေကြသည်ဟု ဒေသခံများက ပြောဆိုသည်။

နတ်ကန်ကျေးရွာကို အဝေးမှ မြင်ရပုံ
တောင်ကုတ်မြို့၏ တောင်ဖက်ရှိ နတ်ရေကန်ကျေးရွာသည် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး တုတ်ကွေးရောဂါဖြစ်ပွား နေကြောင်းနှင့် ဆေးကုသမှု ခံယူရန် အခက်အခဲများ ဖြစ်နေကြောင်း ဒေသခံ ရွာသားတဦးက အခုလို ပြောဆိုသည်။

“ကျွန်တော်တို့ နတ်ကန်ကျေးရွာမှာ အခု တုတ်ကွေးရောဂါ တစ်အိမ်ကို ၂ ဦး ၃ ဦးကျနီးပါး ဖြစ်နေကြပါတယ်။ ဆေးခန်းကလဲ မရှိဘူး၊ ဆေးခန်းရှိတဲ့ ပြင်ကြီးရွာကို တစ်နာရီခွဲလောက်  ကုန်းလမ်းသွားရပါတယ်။ တချို့က ဆေးခန်းကို သွားရောက်ကုသနိုင်ပေမယ့် အများစုကတော့ သွားရောက် မကုသနိုင်ဖြစ်နေကြပါတယ်”

ထို့အပြင် “တောင်ကုတ်ကို လူနာတွေကို ယူဆောင်မယ်ဆိုရင်လည်း စက်လှေနဲ့ ၃ နာရီခွဲလောက် ခုတ်မောင်း ရပါတယ်။ ဆင်းရဲသူတွေ များတော့ မြို့ပေါ်သွားပြီး မကုသနိုင် ဖြစ်နေကြပါတယ်။ ငွေမရှိတာက တကြောင်း၊ ဆေးခန်း ကို ကုန်းလမ်းခရီးသွားပြီး ကုနေကြရတာက တစ်ကြောင်း ဒါကြောင့် ဆင်းရဲသား တွေအတွက် ဆေးကုသဖို့ အ ခက်အခဲ ဖြစ်နေကြပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဆေးကုသမှု အခက်အခဲဖြစ်နေသော်လည်း အသေအပျောက် မရှိသေးကြောင်း သိရသည်။

လောလောဆယ် ပြင်ကြီးကျေးရွာတွင် ကျန်းမာရေးမှူး အဆင့်တဦးနှင့် သူနာပြု ဆရာမ နှစ်ဦးသာရှိကြောင်း “ကျွန်တော်တို့ရွာ ဆေးခန်းမှာ ဆေးလာကုတဲ့ သူတွေကိုတော့ တွေ့ပါတယ်။ ဘယ်ရွာက လူ တွေ၊ ဘာကြောင့် လာကုသတယ်ဆိုတာ မသိပါဘူး။ ဆေးခန်းမှာတော့ ဆရာမနှစ်ယောက်နဲ့ ဆေးမှူးတစ်ယောက် ရှိတယ်။ ဆေးဝါးပစ္စည်းလည်း မလုံလောက်ဖူးလို့တော့ ကြားပါတယ်။” ဟု ပြင်ကြီးကျေးရွာသား တဦးက ပြောဆိုသည်။

ထိုဒေသတဝိုက်တွင် ပြင်ကြီးကျေးရွာရှိ ဆေးပေးခန်းကိုသစာ အားထားနေရသဖြင့် ရောဂါ ဖြစ်ပွားနေသည့် နတ်ကန်ကျေးရွာ အနီးရှိ ဂျိုင်ဂေါင့်ကယ်၊ ဂျီပြင်ကျေးရွာများမှ ရွာသားများက ရောဂါ ကူးစက်ခြင်း ခံရမည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။

အဆိုပါ ကျေးရွာသားများမှာ များသောအားဖြင့် လယ်ယာလုပ်ငန်း၊ ဥယျဉ်လုပ်ငန်းနှင့် တံငါ လုပ်ငန်းများဖြင့် အသက်မွေး ၀မ်းကျောင်း ပြုနေကြသူများဖြစ်ပြီး စီးပွားရေးအရ အလွန် ကျပ်တည်းကာ အခက်အခဲ ဖြစ်နေကြရ သည်။

ရခိုင်ပြည်နယ်တွင် တောင်ကုတ်မြို့သည် ပြည်မနှင့် ဆက်သွယ်ရာတွင် အဓိက ကျသော ဆက်သွယ် ရေးလမ်းကြောင်း မြို့ဖြစ်သော်လည်း မြို့နယ်အတွင်းရှိ ကျေးရွာ အများအပြားမှာ ဆက်သွယ်ရေး အခက်အခဲ ရှိနေ သေးသည်ဟု NLD တောင်ကုတ်မြို့နယ်၏ ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဌ ဦးစိုးချစ်မောင်က ပြော သည်။

“ကျွန်တော်တို့ တောင်ကုတ်မြို့နယ်မှာ ကုုန်းလမ်းခရီးကို အသုံးပြုပြီး သွားလာရတဲ့ ကျေးရွာ တွေထက် ရေလမ်း ခရီးကို အဓိကထား သွားလာရတဲ့ ကျေးရွာတွေက များပါတယ်။ ဒါကြောင့် ကျန်းမာရေးဘဲ ဖြစ်ဖြစ်၊ တခြား အရေး ကြီးတဲ့ ကိစ္စတွေဘဲ ဖြစ်ဖြစ် သွားလာရတာ တော်တော် အခက်အခဲ ရှိနေကြပါတယ်။ ဒါတွေကို သက်ဆိုင် ရာ တာဝန်ရှိသူတွေက ဆေးခန်းတွေ ဆောက်ပြီး  အမြန်ဆုံး ဖြေရှင်း ပေးသင့်ပါတယ်”  ဟု ဆိုသည်။

၎င်းအပြင် တောင်ကုတ်-ဆင်တဲ ကားလမ်းတလျှောက် ရခိုင်ပြည်နယ်ဖက်ခြမ်း ရခိုင် ရိုးမပေါ်တွင် တည်ရှိသော ကျေးရွာများတွင်လည်း ကျန်းမာရေး စောင့်ရှောက်မှု ကင်းမဲ့နေသဖြင့် ပြည်သူများ ကျန်းမာရေး ချို့တဲ့ကာ ဒုက္ခရောက် နေကြသည်ဟု စုံစမ်းသိရှိရသည်။

Most read this week