သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင် စာရင်းများအား အစိုးရထောက်လှမ်းရေး အဖွဲ့ က သျှမ်းပြည်တွင်းမြို့နယ်အများအပြား၌ စစ်ဆေးမှု ပြုလုပ်နေကြောင်း ဒေသခံများပြောပြ ချက်အရ သိရပါသည်။
“ကျနော်တို့ ကျေးသီးမြို့နယ်ထဲမှာဘဲ လာစစ်တာ နှစ်ခါရှိပြီ။ စက်တင်ဘာ ၂၈ ရက်နေ့တုန်းက SB ရယ်၊ စရဖ ရယ် တခါလာစစ်ပြီးပြီ။ နောက် ပြီးခဲ့တဲ့သောကြာနေ့တုန်းက လာစစ်တဲ့အဖွဲ့က စ သုံးလုံးက တခါလာ ထပ်တယ်” - ဟု ကျေးသီးမြို့ခံ တဦးကပြောပါသည်။
မြန်မာအစိုးရ၏ ထောက်လှမ်းရေးအဖွဲ့အစည်းများဖြစ်ကြသည့် SB အထူးဗျူရို၊ စစ်ဘက်ရေးရာလုံခြုံရေး စရဖ ၊ အထူးစုံစမ်းစစ်ရေး စ သုံးလုံး တို့ ပူးပေါင်းအဖွဲ့က သျှမ်းပြည်တောင်ပိုင်း လွယ်လင်၊ ပန်လုံ၊ ကျေးသီး နှင့် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တို့မှ SNLD ၏ ပါတီဝင် စာရင်း နှင့် လက်ရှိနေထိုင်သူစာရင်း ကိုက်ညီမှုရှိမရှိ စစ်ဆေးခဲ့သည်ဟု ဒေသခံများက ပြောပါသည်။
“မနေ့က မနက်က လာမေးတယ်။ SB ၊ စရဖ နဲ့ စသုံးလုံး ပူးပေါင်းအဖွဲ့ပေါ့။ လားရှိုးမှာက ကျားခေါင်းပါတီ ဝင်သိပ်မများဘူး တရာဝန်းကျင်ဘဲရှိတယ်လေ၊ နာမည်လွဲတာ ၄-၅ ယောက်လောက်ရှိတယ်။ မှတ်ပုံတင်ထဲ က တမျိုး၊ ဖေါင်ဖြည့်သွားတာက အိမ်နာမည် အဲလိုပုံစံပေါ့၊ ပြန်ပြင်ပြီးတင်ရမှာ၊ ဟိုမေး ဒီမေးတော့ အများကြီးမေးသွားတယ်။ တခြားပြဿနာမရှိပါဘူး” - ဟု လားရှိုးမြို့ SNLD ပါတီဝင် တဦးက ပြောပါသည်။
ပါတီဝင်သူ လူဦးရေပြည့်ကြောင်း နေပြည်တော်ရွေးကောက်ပွဲကော်မရှင်သို့ SNLD ဗဟိုက စာရင်းတင်ပြပြီး နောက်ပိုင်း စစ်ဆေးမှုပြုလာကြောင်း၊ ပါတီဝင်များအနေဖြင့် စိုးရိမ်ထိတ်လန့်ရန်မလိုကြောင်း၊ စာရင်းဇယား နှင့်ကိုက်ညီမှုရှိမရှိ စစ်ဆေးခြင်းသာဖြစ်ကြောင်း - လားရှိုးမြို့ ရပ်မိရပ်ဖတဦးကပြောပါသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD မေလ ၉ ရက် ၂၀၁၂ ပါတီမှတ်ပုံတင်ပြီး ပါတီဝင်သူ လူဦးရေစာရင်းပြည့်ကြောင်း စက်တင်္ဘာ ၆ ရက်နေ့က နေပြည်တော်ရွေးကောက်ပွဲကော်မရှင်ထံ စာရင်းတင် ခဲ့ သည်။ လက်ရှိတွင် SNLD ပါတီဝင်သူ သတ်မှတ်လူဦးရေ တထောင်ထက် ပါတီဝင်များရရှိပြီးဖြစ်သည်။