အစိုးရ ငြိမ်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် SSA-N ထပ်မံတွေ့ဆုံမည်

အစိုးရ ငြိမ်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် SSA-N ထပ်မံတွေ့ဆုံမည်
by -
မဇ္ဈိမ

ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း) SSPP/SSA-N နှင့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့ ဗုဒ္ဓဟူးနေ့တွင် လားရှိူးမြို့၌ ထပ်မံတွေ့ဆုံရန်ရှိကြောင်း SSA ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလှ က ပြောသည်။

ဇန်နဝါရီလက ပထမဆုံးအကြိမ် အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေး ကြမည် ဖြစ်ပြီး SSA မှ ခုနှစ်ဦးပါ ကိုယ်စားလှယ်အဖွဲ့အား အထွေထွေ အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး ခွန်ဆိုင်း က ဦးဆောင်မည်ဟု ဆိုသည်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမယ်ထင်တယ်။ ဘာအချက်အလက် အဓိက ဆွေးနွေးမယ် ဆိုတာ ကြိုတင် မပြောထားဘူး။ ဒီသုံးရက်အတွင်းမှာ တွေ့မယ်။ မနက်ဖြန်တော့ မဟုတ်ဘူး။ သဘက်ခါ လောက် တွေ့မယ်” ဟု ဗိုလ်မှူး စိုင်းလက ပြောသည်။

မိုင်းရှူးမြို့နယ် ကူးတိုးဆိပ်(တာဆမ်းဖူး) SSA တပ်များကို အောက်တိုဘညလ ၅ ရက်နေ့ နောက်ဆုံးထား၍ ဆုတ်ခွာပေးရန် ရှမ်းပြည်နယ်စပ် ရေးရာနှင့် လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ က စာပို့ထားသည်။

“ကျနော်တို့ သဘောတူညီချက်တွေ ပြောရမယ်။ အကောင်အထည်ဖော်တယ်။ လိုက်နာဆောင်ရွက်တာ မရှိတာ ကြောင့် ပြဿနာ ခဏခဏ ဖြစ်နေတယ်လေ။ အဲဒါ သဘောတူညီထားတဲ့အတိုင်း လိုက်နာ ကျင့်သုံးဖို့ ပြောမယ်။ ဒီလို ဆက်ဖယ်ဆိုရင် ပြဿနာတော့ ဖြစ်မှာပဲ” ဟု ဗိုလ်မှူး စိုင်းလှ က ဆက်ပြောသည်။

အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက် တိုက်ပွဲပေါင်း အကြိမ် ၅ဝ ကျော် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ရှမ်းပြည်နယ် လားရှိုးမြို့နှင့် တောင်ကြီးမြို့တို့တွင် SSPP/SSA-N ဆက်သွယ် ရေးရုံးများ ဖွင့်လှစ်ထားပြီး ဖြစ်သည်။