လိုအပ်ချက်တွေအများကြီးရှိနေသေးတဲ့ သျှမ်းပြည်နယ်လွှတ်တော် ဟု အမျိုးသမီးအမတ်ပြော

လိုအပ်ချက်တွေအများကြီးရှိနေသေးတဲ့ သျှမ်းပြည်နယ်လွှတ်တော် ဟု အမျိုးသမီးအမတ်ပြော
by -
သျှမ်းသံတော်ဆင့်

စက်တင်ဘာ ၂၇ ရက် သုံးရက်မြောက် ပထမအကြိမ် စတုတ္ထပုံမှန် ပြည်နယ်လွှတ်တော်အစည်းအဝေး၌ စီးပွါးရေးလုပ်ငန်း ရှင်များနှင့် ဒေသခံလူထုတို့အကြား ရင်ဆိုင်နေရသောပြဿနာမှာ လူမျိုးရေး ပဋိပက္ခ အသွင်ဆောင်နေသဖြင့် မဖြစ်ခင် သျှမ်းပြည်အစိုးရမှ ကြိုတင်စီစဉ်ဆောင်ရွက်ပေးရန် ဟူသည့် ကျားဖြူပြည်နယ် လွှတ်တော်အမတ်၏အဆိုကိုရုတ်သိမ်းသင့် မရုတ်သိမ်းသင့်အတွက် လွှတ်တော် ဥက္ကဌက မဲခွဲဆုံးဖြတ်လိုက်သည်။

စက်တင်ဘာ ၂၇ ရက် သုံးရက်မြောက် ပထမအကြိမ် စတုတ္ထပုံမှန် ပြည်နယ်လွှတ်တော်အစည်းအဝေး၌ စီးပွါးရေးလုပ်ငန်း ရှင်များနှင့် ဒေသခံလူထုတို့အကြား ရင်ဆိုင်နေရသောပြဿနာမှာ လူမျိုးရေး ပဋိပက္ခ အသွင်ဆောင်နေသဖြင့် မဖြစ်ခင် သျှမ်းပြည်အစိုးရမှ ကြိုတင်စီစဉ်ဆောင်ရွက်ပေးရန် ဟူသည့် ကျားဖြူပြည်နယ် လွှတ်တော်အမတ်၏အဆိုကိုရုတ်သိမ်းသင့် မရုတ်သိမ်းသင့်အတွက် လွှတ်တော် ဥက္ကဌက မဲခွဲဆုံးဖြတ်လိုက်သည်။ နတလဝန်ကြီးကဦးဆောင်၍ မတ်တပ်ရပ် ကန့်ကွက်ရာ မဲ ၃၇ သာသဖြင့် အဆိုရှင်ဘက်မှရှုံးနိမ့်ခဲ့သည်။ ပြည်သူ လူထုအတွက် ဖြစ်သင့်သည်ကိုတင်ပြရင်း အဆိုပြန်ရုပ်သိမ်းခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ အဆိုတင်သွင်းသူဖြစ် သော ကျားဖြူပါတီ၏နမ္မတူမြို့နယ် လွှတ်တော်အမတ် နန်းခမ်းအေး အား ထင်မြင်ယူဆချက်နှင့် ပြန်လည်သုံး သပ်ချက်များကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းထားပါသည်။

ကျားဖြူပါတီ၏နမ္မတူမြို့နယ် လွှတ်တော်အမတ် နန်းခမ်းအေး
မေး။    ။ပြည်နယ်လွှတ်တော်ထဲက ပြည်သူလူထုကောင်းကျိုးအတွက် တင်ပြတဲ့ အမရဲ့အဆိုကို ပြန်ရုပ်သိမ်း လိုက်ရတဲ့ အဖြစ်ကို ပြောပြပေးပါလားခင်ဗျ။

ဖြေ။    ။ကျမတောင်းဆိုလို့ မဲခွဲပြီးဆုံးဖြတ်တာမဟုတ်ပါဘူး။  အမှန်က အဲတာ စီးပွါးရေးနဲ့ပတ်သက်တဲ့ မေးခွန်း လေ။ အဲတာကို လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဦးအောင်သူက ဒါ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး နဲ့ဆိုင်တယ်။ ဒါ ရဲတွေရဲ့ အဓိက လုပ်ဆောင်ရမယ့် လုပ်ငန်းဖြစ်တယ်လို့ပြောတယ်လေ။သူတို့မှာပြည်နယ်လုံခြုံရေး ကော်မတီ တွေ လဲ ဖွဲ့ပြီးပြီ။ ကော်မတီကနေ တပတ်တကြိမ်ညှိနှိုင်းရေးလုပ်ငန်း အစည်းအဝေး တွေလုပ်နေတယ်။ ဒါလုံခြုံ ရေးနဲ့ ဆိုင်တဲ့ စီမံချက်ဖြစ်တယ် လို့ဆွဲခေါ်သွားပြီးတော့ ကျမရဲ့ အဆိုကို ရုပ်သိမ်းသင့်ပါတယ်လို့ ဝန်ကြီးချုပ်က ပြောတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈ ၊ ဇယား ၂ မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဥပဒေပြုစာရင်း မှာမပါဘူးလို့ ပြော တယ်။ အဲဒါကို လွှတ်တော်ဥက္ကဌကလဲ အဆိုကိုရုပ်သိမ်းဖို့ပြောတယ်။
သျှမ်းပြည်နယ် နယ်စပ်ရေးရာ ဝန်ကြီး ဦးအောင်သူ
မေး။    ။အဲလိုဆိုရင် တင်ပြတဲ့အဆိုနဲ့ ဝန်ကြီးရဲ့ဖြေကြားချက်အတိအကျကို တချက်လောက်ပြန်ပြောပြ ပေးနိုင် မလား ခင်ဗျ။

ဖြေ။    ။ကျမရဲ့အဆိုက “စီးပွါးရေလုပ်ငန်းရှင်များနှင့်ဒေသခံပြည်သူများအကြား ဖြစ်ပေါ်လာနိုင်သည့် လူမျိုးရေး အသွင်ဆောင်သည့် ပြဿနာများ ပဋိပက္ခများကို ကြိုတင်ကာကွယ်ပေးနိုင်ရေးအတွက် သျှမ်းပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက်ပေးထားနိုင်ရန်” ဆိုတဲ့အဆိုဖြစ်တယ်။
အဲဒီမှာဒေသတွင်းမှာဆိုရင် စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ ရွာသားတွေကြားမှာ ပဋိပက္ခဖြစ်နေတာ ကျမတို့ဆီက နားဆို်င်းရွာမှာ တကယ်ဘဲရှိနေခဲ့တယ်။ လူမျိုးရေးအသွင်ဆောင်နေတယ်။ အဲချိန်တုန်းကဆိုရင်ရခိုင်မှာဖြစ် နေတဲ့လူမျိုးရေး ပဋိပက္ခတွေ တောင် မဖြစ်ပေါ်သေးဘူး။ ကျမတို့ဆီမှာက သွေးထွက်သံယိုမှုမရှိသေးတဲ့ လူမျိုးရေးပဋိပက္ခက ဖြစ်နေပြီ။ အဲတာကို ကျမ က ဝန်ကြီးချုပ်လိပ်မူပြီး တော့ စာတင်ထားပြီးပြီ။ အဲတာကိုဖြေရှင်းတာမရှိလို့ ကျမက ဒီအဆိုကိုသျှမ်းပြည်နယ်ကိုပြန်တင်တာ။

လွှတ်တော်ဥက္ကဌကနေပြီးတော့ ဒီအဆိုကို ရုပ်သိမ်းဖို့ မရုပ်သိမ်းဖို့ကိစ္စ လွှတ်တော်ရဲ့မဲခွဲတဲ့ စနစ်နဲ့အတည်ပြု မယ်ဆုံးဖြတ်မယ် လို့ပြောလိုက်တာ။ မဲခွဲမယ်ဆိုကတည်းက ဒီအဖြေက ဘယ်ကိုဦးတည်နေတယ်ဆိုတာ ကိုယ်က သိနေပြီလေ။ လွှတ် တော်ရဲ့အတည်ပြုချက် ထောက်ခံချက်ကိုယူမယ်ဆိုရင်တော့ တမျိုးပေါ့။ မတ်တပ် ရပ်မဲခွဲ မယ်ဆိုကတည်းက ကျမရဲ့အဆို ကို ရုပ်သိမ်းခိုင်းမယ်ဆိုတာရာခိုင်နှုန်းပြည့်သေချာနေပြီ။ ဒါပေမယ့် အဲလိုဖြစ် သွား တာကိုကျမသဘောကျတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကိုယ့်ရဲ့ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားအမှန်ကိုသိရမယ်လေ။ ပြည်သူတွေကရွေးကောက်တင်မြောက် ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကနေပြီးတော့ ပြည်သူတွေအပေါ်အလေး ထား မှုတန်ဖိုးထားမူနဲ့ တိုင်းတာနိုင်တာပေါ့ - လို့ ကျမပြောလိုက် တယ်။ ဟုတ်တယ်မဟုတ်လား။ ပြည်သူတွေကို အလေးမထား ဘူးဆိုရင် သူတို့က ဒီအဆိုကို ကန့်ကွက်တာကို သူတို့က ထောက်ခံမယ်လေ။ ဒါဖြစ်သင့်တဲ့အဆို ဒါငါတို့ပြည်သူတွေအတွက် တကယ် လိုအပ်တဲ့အဆိုလို့ သူတို့ မြင်တယ်ဆိုလို့ရှိရင် ဒီအဆိုကိုကန့်ကွက် မှု အပေါ်သူတို့ကထောက်ခံ မှာမဟုတ်ဘူးလေ။ သူတို့ ဒီလို မလုပ်ရင် ကျမတို့ပြည်နယ်ကလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားအမှန်ကိုသိရမှာ မဟုတ်ဘူးလေ။ အဲဒီမှာ အဆိုရုပ်သိမ်းခိုင်းတာကို ထောက်ခံတဲ့လူ၊ မတ်တပ်ရပ်တဲ့လူတွေက ၈၅ ယောက်ရှိတယ်။ လွှတ်တော်တက်တာက ၁၃၃ ယောက်တက်တာကိုး။ ၄၈ ယောက်ကတော့ ကျမအဆိုကိုထောက်ခံတယ်။

မေး။    ။အမတို့ဒေသမှာ အခုလာလုပ်နေတဲ့ ကုမ္မဏီတွေ ဘယ်နှစ်ခုလောက်ရှိနေလဲ။ ဘာကုမ္မဏီတွေလဲ ပြောပြ နိုင်မလား။

ဖြေ။    ။အခုမှလာလုပ်တာမဟုတ်ဘူး။ အရင်ကတည်းက လာလုပ်နေတာ။ ကုမ္မဏီ(၃)ခုရှိတယ်။ရော်ဘာ ခြံကုမ္မဏီ ။ နားဆိုင်းကဒေသခံတွေက လူမျိုးရေးပဋိပက္ခဖြစ်နေတာကို ရွာသားတွေကစိတ်ပူပြီး ကျမဆီလာ တင်ပြတယ်။ T&C ကမြေဧက(၁၇၈၇)ဧကကိုအရင်အစိုးရလက်ထက်ကတည်းကရပြီးသားပါ။
 T&C ကုမ္မဏီဆိုင်းဘုတ်
မေး။    ။ဒီမြေယာသိမ်းတဲ့ပြဿနာတွေက ၂၀၀၅ ခုနှစ်က ဆိုးဆိုးရွားရွားရှိခဲ့တယ်ဆိုတဲ့သတင်း ကျနော်တို့ကြား ရတယ်ခင်ဗျ။အခုလောလောဆယ် အဲဒီလူတွေဘယ်လိုနေထိုင်စားသောက်နေရသလဲခင်ဗျ။

ဖြေ။    ။ ဟုတ်တယ်။ သူတို့ရဲ့ခြံမြေတွေကိုသိမ်းလိုက်တယ်။  အခု အဲဒီပုံစံ ၁၀၅ ရှိနေတဲ့သူကပြန်ရချင် တယ်လို့ ကျမဆီစာတင်တယ်၊ အကူအညီတောင်းလာကြတယ်။ အဲဒီစာကိုလဲ ကျမပြည်ထောင်စုလွှတ်တော်ကို တင်ထား ပြီးပြီ။

မေး။    ။အမရဲ့အဆိုကို ရုပ်သိမ်းပယ်ဖျက်လိုက်တဲ့ အပေါ် အမဘယ်လိုနားလည်သလဲခင်ဗျ။

ဖြေ။    ။ စီးပွါးရေးရှုဒေါင့်ကနေ တင်ပြတဲ့ကျမရဲ့အဆိုကို သူတို့က လုံခြုံရေးဘက်ဆွဲပြီးပြောသွားတာ ကြောင့် (တကယ်လဲလုံခြုံရေးသဘောသက်ရောက်နေတာဆိုတော့) ကျမရဲ့ဘာသာစကားကျွမ်းကျင် မှု မရှိတဲ့ အားနည်း ချက်ကိုလဲ ကျမသိရတာပေါ့နော်။ ကျမ ဒီလွှတ်တော်အစည်းအဝေးကနေပြီး တော့ ပညာတွေအများကြီးရ လိုက် တယ်။ ကျမအဆိုကိုထောက်ခံလို့ လေးစားတာ မျိုးမဟုတ်ဘဲ တကယ့်စိတ်ရင်းစေတနာနဲ့ ထိုင်နေခဲ့တဲ့ နိုင်ငံ အပေါ် အမြင်မှန်ရှိတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ဒီတိုင်းရင်းသားပါတီအမတ်တွေ၊ လူ ၄၀ ကျော်ကို လည်း ကျမ ကျေးဇူးတင်တယ်။ လေးစားတယ်။
သျှမ်းပြည်လွှတ်တော်မှာကျမ တီးတိုးကြားနေရတယ်။ ရှိပြီးသားဥပဒေတွေကိုဘာလို့ ထပ်ရေးဆွဲချင် တာလဲ၊ ဥပဒေတွေ ထပ်ကုန်မှာပေါ့လို့ပြောနေကြတယ်။ အဲလိုဥပဒေတွေပေါ်မှာ စိုးလို့ ဆိုရင် ဥပဒေပြုဖို့ ဘာဖို့ လုပ်ဖို့ တောင်မလိုတော့ဘူးပေါ့။အသွင်ကူးပြောင်းရေးကာလမှာပြည်သူအတွက်အကျိုးရှိဖို့ဆိုရင်ပြောင်းလဲပြီးလုပ်သင့် ရင်လုပ်ရမှာဘဲလေ။ဘယ်နိုင်ငံမှပြီးပြည့်စုံတဲ့ဥပဒေကိုလက်ကိုင်ကျင့်သုံးနေနိုင်တာမှမဟုတ်တာ။ လှုပ်ရှားမှုလဲမရှိဘဲ နဲ့ လုပ်သင့်တာကိုလဲမလုပ်ချင်ဘူးဆိုလို့ရှိရင်ဒီနိုင်ငံရဲ့အခြေအနေကိုမှန်းဆနိုင်တာပေါ့နော်။

မေး။    ။ဟုတ်ကဲ့။ အမအနေနဲ့ လူထုကို ကိုယ်စားပြုတဲ့ လွှတ်တော်တယောက်အနေနဲ့ အခုလို လွှတ်တော်ထဲမှာ လူထုအတွက် ကြိုးစားမှုတခု မအောင်မြင်ခဲ့တာ အမရဲ့လုပ်ငန်းအပေါ် စိတ်ပျက်မိပါသလား။

ဖြေ။    ။ မပျက်ပါဘူး။ နိုင်ငံတခုကိုအပြောင်းအလဲလုပ်တဲ့အချိန်မှာ အာဏာကိုဆုပ်ကိုင်ထားတဲ့အဖွဲ့အစည်းက အရမ်းကိုအရေး ကြီး ပါတယ်။ ဒီအာဏာပိုင်အဖွဲ့တွေမှာ ပညာတတ်တွေပေါများတယ်။ ဒါပေမယ့် ကိုယ်ဘယ် လောက်ဘဲပညာတွေတတ်နေပါ စေ၊ အမြင်တိမ်းစောင်းနေရင်တော့ကိုယ့်နိုင်ငံဟာ ဘယ်လိုမှ မဖွံ့ဖြိုး မတိုးတက် နိုင်ဘူးလေ။အမြင်တိမ်းစောင်းမှုတွေများ နေတဲ့အတွက်ကြောင့် အမြင်မှန်တော့ ရစေ ချင်တယ်။ စိတ်မပျက် ပါဘူး။ တချို.သောကိုယ်စားလှယ်တွေ ဆိုတာ ကလည်းလေ ဘတ်ဂျက်နဲ့ပတ်သက်တဲ့ စီမံကိန်းတွေ ငွေရေးကြေး ရေးနဲ့ပတ်သက်တဲ့ဒီလောက်ခက်ခဲတဲ့ စီမံကိန်းတွေ ကျတော့ သဘောတူပါတယ် လက်ခံပါတယ်လို့ ချက်ခြင်းဘဲ ဖြေနိုင်တယ်။

ကိုယ်ကတော့အဲဒီကိုယ်စားလှယ်တွေကိုလိုက်မမီနိုင်တာသလားတော့မသိဘူး။ထောက်ခံတယ်လို့၊သဘောတူပါတယ်လို့ဖြေရမှာတော်တော်ခက်နေတာ။ အဲဒီကိုယ်စားလှယ်တွေကိုလည်း ကျမစိတ်မပျက်မိပါဘူး။ သူတို့ဆီ ကပညာ ကိုကျမကသင်ယူရမယ့်အခြေအနေ ဖြစ်နေပါတယ်။
မယ်ဆိုင်ကုမ္မဏီ ဆိုင်းဘုတ်
မေး။    ။ အဲလိုဆိုရင် လောလောဆယ် ဒေသတွင်းမှာလူထုတွေရင်ဆိုင်နေရတဲ့ ပြဿနာကိုပြောပြနိုင်မလား ခင်ဗျ။

ဖြေ။    ။လူထုက တိုက်ရိုက်ထိတွေ့ရင်ဆိုင်နေရတဲ့ ပြဿနာ ကိုပြောရမယ်ဆိုရင် - အဓိက ကတော့ ငြိမ်းချမ်းရေးမရှိတာကြောင့်ပြည်သူတွေတော်တော်ဒုက္ခရောက်နေကြရပါတယ်။နောက်တချက်ကစီးပွားရေးလုပ်ငန်းရှင်တွေကြောင့်ပါ။ စီးပွါးရေးလုပ်ငန်းရှင်ဆိုတာကတော့အစိုးရဆီက မြေတွေ ကိုတောင်းမှာဘဲ။ အစိုးရကလဲ ဒါ လူထုကမလုပ်တဲ့ မြေလွတ်မြေရိုင်းတွေ။ ကိုယ့်နိုင်ငံ စီးပွါးရေးတိုးတက်ရေး အတွက် ငွေရှင်တွေကို ချပေးသင့် တယ်ဆိုပြီး ချပေးလိုက်တယ်။ အစိုးရက ချပေးတဲ့ ဒီမြေတွေဟာတကယ်တော့ လူထုက ယာစိုက်နေတယ်။ ဒါပေမယ့် ဒီစာရင်းတွေ အစိုးရရဲ့ မြေစာရင်းထဲမှာ နာမည်ပေါက် မဖောက်ထားဘူး။မြေစာရင်းကလဲ ဒါ နာမည်စာရင်းမရှိတဲ့မြေတွေဘဲ ပေးသင့်တယ်ဆိုပြီး ပေးချလိုက်တယ်။အဲဒီမှာပြဿနာကဖြစ်တော့တာဘဲ။ ဒီမြေတွေ က တကယ်တော့ လူထုက နှစ်ရှည်လများ လုပ်ကိုင်စားသောက်လာတဲ့မြေတွေဖြစ်တယ်။ ဒီ T&C ရာဘာခြံ စီမံကိန်း လာချတုန်းကဒီလိုဘဲ။ လူထုရဲ့ပြောင်းခြံ။ ပြောင်းတွေတောင်မယူရသေးဘူး။ အဲဒီပြောင်း စိုက်ခင်းထဲမှာ အလံနီ လာစိုက် လိုက်တယ်။ ငါတို့ပိုင်တယ်အစိုးရက ငါတို့ကိုပေးလိုက်တဲ့ မြေဖြစ်တယ်ဆိုပြီး ကြေငြာတယ်။ အသီးရော မြေရောရှုံး မှာ စိုးလို့လူထုကလဲ အချိန်မတန်ဘဲနဲ့ ပြောင်းဖူးတွေ ကိုချိုးရောင်းလိုက်ရ တယ်။ ရာဘာကုမ္မဏီတွေ ကတော့ လယ်ပိုင်ရှင် တွေကိုပြောတယ်။နင်တို့ခြံတွေ ရှုံးမှာစိုးလို့ဆိုရင် ငါတို့နဲ့အကျိုး တူလုပ်ပါလား ဆိုတော့ တချို့လဲ အဲလိုအကျိုးတူလုပ် သွားတာလဲရှိတယ်။အစိုးရသတ်မှတ်တုန်းကတော့ ရာဘာ တွေကိုရွာနဲ့ ဘယ်နှစ်မိုင်အကွာမှာ စိုက်ပါလို့ဆိုပေမယ့် တကယ် တမ်းစိုက်လာတော့ ရွာနဲ့ကပ်လျက်မှာ စိုက် တယ်။ လမ်းနဲ့ကပ်လျက်မှာစိုက်တယ်။ ခြံစည်းရိုးက မကာထားဘူး။ ခြံစည်းရိုး မကာရင် ကျွဲနွားကဝင်တယ်။ ကျွဲနွားဝင်တိုးမိရင် ရာဘာတပင်ကို သုံးသောင်း ငါးသောင်း အဲလိုပေးလျော်ရတယ်။ အဲလို ဖြစ်လို့ငွေ ၁၀ သိန်း ကျော် မလျော်နိုင်တဲ့ နားဆိုင်းအုပ်စုက ကချင်တယောက် သူ့ကျွဲတကောင်ကို ကုမ္မဏီကို ထိုးပေးရတဲ့ အဆင့် အထိ ရှိခဲ့တယ်။ ကဲ လူမျိုးရေးအသွင်ဆောင်တဲ့ပဋိပက္ခ မဟုတ်လေဘူးလား။ ကုမ္မဏီကို ရွာသားတွေလဲ ပြောတာ ဘဲ။ ခြံစည်းရိုးကာ ပေးပါ။ ကျွဲနွားဝင်ရင် ကျနော်တို့ လျော်ဖို့ ပိုက်ဆံမရှိဘူး။ ဒါပေမယ့် ကုမ္မဏီက ခုထိ ခဲ့စည်းရိုး မကာပေးဘူး။အဲဒီမှာ လူထုက ထပ်ပြောပြတာကတော့ မယ်ဆိုင်ရော်ဘာခြံဆိုတာ ရှိတယ်။ အဲဒီမှာ မယ်ဆိုင် ကုမ္မဏီ ကတော့ သူ့ခြံတွေကို သံဆူးကြိုးတွေ အပြည့်ခတ်ထားတယ်တဲ့။ အဲဒီကုမ္မဏီနဲ့တော့ ရွာသားတွေနဲ့ ပြဿနာမဖြစ်ဘူး။ အဲလိုပေါ့နော် စီးပွါးရေး လုပ်ငန်းရှင်တိုင်းကိုတော့ ကျမ မဆိုလိုပါဘူး။ အဲလိုပြဿနာတွေရှိလို့ ကျမကတော့ ပြည်နယ်အနေနဲ့ကြိုတင်ဆောင်ရွက် သင့်တယ်လို့ ပြောတာကို လွှတ်တော်ထဲမှာ အဲလိုဖြစ်လာ တယ်။  ဒါပေမယ့် ဘာဘဲဖြစ်ဖြစ် ကျမ  ပညာတွေရစေတဲ့ ဒီလွှတ်တော် ကိုတော့ ကျမ ကျေးဇူးတင်တယ်။
မယ်ဆိုင်ကုမ္မဏီ ၏ရာဘာစိုက်ခင်း
မေး။    ။တခြားဘာတွေပြောကြားလိုပါသေးသလဲခင်ဗျ။

ဖြေ။    ။ဖြည့်စွက်ပြောကြားစရာဆိုတာကတော့ ထွေထွေထူးထူးကြီးမရှိပါဘူး။ တချက်ရှိတာကတော့ ကျမတို့သျှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးက သူများပြည်နယ်အစည်းအဝေးနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျမတို့ တော်တော်ကိုလိုအပ်နေသေး တာကိုတွေ့ရတယ်။ ကျမတို့ဆီကအဆိုကို တင်ပြရင် အဲဒီအဆိုကို ဥပဒေဖြစ် အောင် လုပ်ဆောင်ပေးနိုင်စွမ်းကလည်း အား နည်းနေသေးတယ်။ မရှိသလောက်ဖြစ်နေတယ်။ အခုကျေးရွာ ထင်းစိုက်ခင်းဥဒေဘဲလုပ်နိုင်ပါသေးတယ်။လွှတ်တော်မှာထိန်းကျောင်းစောင့်ကြည့်ရေးကော်မတီတွေလဲရှိသင့် တယ်။ ကျမတို့ဆီမှာမရှိသေးဘူး ။ ဆိုတော့ လိုအပ်ချက်တွေအများကြီးရှိနေသေးတဲ့ သျှမ်းပြည်နယ်လွှတ်တော် လို့ဘဲပြောရမှာပေါ့နော်။

မေး။    ။အဲဒီလို ပြည့်စုံတဲ့လွှတ်တော်ဖြစ်အောင်ဘယ်လိုပြင်ဆင်ရမယ်လို့ မြင်မိသလဲ။

ဖြေ။    ။ကျမတို့နိုင်ငံပြုပြင်ပြောင်းလဲဖို့နိုင်ငံသားအားလုံးပါ၀င်လာအောင်လုပ်ဆောင်ပေးနိုင်ဖို့ထက် လွှတ်တော် ကိုယ်စားလှယ်တွေကိုယ်တိုင် ပြင်ဆင်လုပ်ဆောင်ဖို့အများကြီးလိုအပ်နေသေးတယ်။ ကိုယ်စားလှယ် တွေက လူတော်တွေပါ ။ ဒါပေမယ့် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲတွေများနေတယ်။ လွှတ်တော်ဥက္ကဌကတော့ မှန်မှန်ကန်ကန် ရပ်တည်ပါတယ်။ အထူးသဖြင့် အရပ်ဖက်နဲ့စစ်ဖက် ဆက်ဆံရေးတွေ ယုံကြည် မှုရအောင် ဆိုတာလုပ်ဖို့လဲ လိုအပ်နေတယ်။ပြည်သူအတွက်တကယ့် လိုအပ်ချက်တွေကိုမဖြည့်ဆည်းနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့စိတ်မကောင်းဖြစ်မိပေမဲ့နိုင်ငံအတွက်ပြည်သူတွေအားလုံးလိုက်ပါလာဖို့ကိုမျှော်လင့်နေပါ တယ်။

စက်တင်ဘာလ ၂၅ ရက်က တောင်ကြီးမြို့၌ စတင်သော ပြည်နယ်လွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာလ ၂၈ ရက် မွန်းတည့်ချိန်က ရပ်နားသွားပြီဖြစ်ပါသည်။

Most read this week