ငြိမ်းချမ်းရေးနေ့ ဆန္ဒဖော်ထုတ်သူများ ထပ်မံ ရုံးထုတ်

ငြိမ်းချမ်းရေးနေ့ ဆန္ဒဖော်ထုတ်သူများ ထပ်မံ ရုံးထုတ်
by -
မဇ္ဈိမ

စစ်ပွဲများ ရပ်တန့်ပေးရန်အတွက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့က ရန်ကုန်မြို့တွင်း လမ်းလျှောက် ဆန္ဒဖော်ထုတ်သူများကို ဦးဆောင်ခဲ့သည့် ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ကိုဂျော်ဂွန်းနှင့် မမေစံပယ်ဖြူ တို့အား စမ်းချောင်းမြို့နယ် တရားရုံးတွင် အောက်တိုဘာလ ၁ ရက်နေ့က ထပ်မံ၍ ရုံးတင်စစ်ဆေး ခဲ့သည်။

စမ်းချောင်းမြို့နယ် စခန်းမှူး ဦးမြအောင် က တရားလိုပြုကာ ငြိမ်းချမ်းစွာစု ဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် စွဲဆိုထားခြင်းဖြစ်ပြီး မြို့နယ် တရားသူကြီး ဦးမျိုးလွင် က စစ်ဆေးခဲ့သည်။

တရားရုံးမှတ်တမ်းရုံးတွင် စာရင်းသွင်းပြီးနောက် ဥပဒေရုံးတွင် အမှုတွဲတင်စဉ်တွင် ကိုဂျော်ဂွန်းက “ဥပဒေရုံးက သေချာမစစ်ဆေးဘူး စာရွက်ကြည့်ပြီး တင်ပေးလိုက်တာပဲ။ ဥပေဒေရုံးရဲ့ အခန်းကဏ္ဍ ပျောက်နေတယ်။ စခန်းက တရားစွဲတာ တရားရုံး တင်သင့်လား မတင်သင့်ဘူးလား စစ်ဆေးရမယ်” ဟု ပြောသည်။

မမေစံပယ်ဖြူက “ကျမတို့ရဲ့ ငြိမ်းချမ်းရေး လိုလားမှုကို ဖော်ထုတ်တာပါ။ တရားမျှတတဲ့ ငြိမ်းချမ်းရေး ဖြစ်ဖို့ စစ်မပြီး ဘဲ မဖြစ်နိုင်ဘူးလေ။ ဒါပေမယ့် စစ်ပွဲ ရပ်သွားတိုင်း ငြိမ်းချမ်းသွားတာ မဟုတ်ဘူး။ အဲဒါကို ကွဲကွဲပြားပြား မြင်စေ ချင်တယ် တရားမျှတတဲ့ ငြိမ်းချမ်းရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးက အဓိက လိုအပ်ချက်ပါ” ဟု ပြောသည်။

မန္တလေးတွင် သမ္မတအား ထောက်ခံ ဆန္ဒပြသူများ ခွင့်ပြုထားသော တရက်ထက် ပိုကာ ဆန္ဒပြခြင်းအား မည်သို့မျှ အရေးမယူခြင်း၊ တနင်္လာနေ့နံနက် လေဆိပ်တွင် သမ္မတအား တူညီဝတ်စုံဝတ်ကာ လူတထောင်ခန့် စီတန်းကြိုဆို ခြင်း စသည်တို့အား မည့်သို့ နားလည်ရမည် မသိတော့ကြောင်း မမေစံပယ်ဖြူ က ဆိုသည်။

ကိုဂျော်ဂွန်းနှင့် မမေစံပယ်ဖြူ တို့အနေနှင့် တရားရင်ဆိုင်ရာတွင် ရှေ့နေရှေ့ရပ် အကျိုးဆောင်များနှင့် တိုင်ပင် ဆောင်ရွက်ခြင်း မပြုရသေးပေ။

Most read this week