ကျားဖြူပါတီဥက္ကဌ စိုင်းအိုက်ပေါင်း စင်ကာပူသို့ နှလုံးရောဂါသွားရောက် ခွဲစိပ်ရန် ဗီဇာ စောင့်နေကြာင်း ကျားဖြူပါတီ ကိုယ်စားလှယ်များ အသိုင်းအဝိုင်းကကြားသိရသည်။
“ ပြီးခဲ့တဲ့ ပြည်နယ် လွှတ်တော်အစည်းအဝေးတောင် သူမတက်နိုင်ရှာဘူး။ စကားပြောတာတောင် အားမရှိဘူးဖြစ်နေတယ်။ အစက ဘန်ကောက်မှာသွားခွဲမလို့စီစဉ်ကြတယ်။ နောက်တော့ စင်ကာပူမှာဘဲသွားခွဲဖို့ မိသားစုဝင်တွေက ဆုံးဖြတ်လိုက် တယ်။ အခုဗီဇာစောင့်နေတယ်။ ဗီဇာရရချင်းသွားဖို့ ပြင်ဆင်ထားကြတယ်” ဟု သျှမ်းပြည်မြောက်ပိုင်းမှ ကျားဖြူပါတီဝင် တဦး ကပြောသည်။
အသက် ၆၆ နှစ် ရှိ ကျားဖြူပါတီဥက္ကဌ စိုင်းအိုက်ပေါင်းသည် ယခင်လက ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ နှလုံးရောဂါ ဆေး စစ်ချက်ရယူခဲ့သည်။ အဆီကြောင့် နှလုံးသွေးကြောအတွင်း ၉ နေရာ ကျဉ်းနေသည်ဟု ဆရာဝန်ကပြောသည်ဟုဆို၏။
“အမှန်က ဆရာဝန်တွေက သူ့ကိုတခါထဲခွဲစိပ်စေချင်တယ်။ သူက လွှတ်တော်အစည်းအဝေး တက်ဖို့ဘဲအား သန်နေတော့ မခွဲစိပ်ဘဲ ဘန်ကောက်ကနေပြန်လာတာ။ တကယ်တော့လဲ အစည်းအဝေးမတက်လိုက်ရပါဘူး။ အားနည်းနေတာကော်” ဟု မိသားစုနှင့် နီးစပ်သည့်ပါတီဝင်တဦးကလည်းပြောပါသည်။
စိန်မေတ္တာမွန်ဆားချက်လုပ်ငန်းနှင့်ကော်ဖီခြံလုပ်ငန်းပိုင်ရှင်ဖြစ်သော ကျားဖြူပါတီဥက္ကဌ စိုင်းအိုက်ပေါင်းသည် သျှမ်းပြည် နယ် အစိုးရ၏ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီးလည်း ဖြစ်သည်။
ပါတီ၏ဒုဥက္ကဌတယောက်သာရွေးချယ်ထားသဖြင့် ဥက္ကဌကြီး တာဝန်မထမ်းဆောင်နိုင်ခဲ့သည်ရှိသော် လုပ်ငန်းတာဝန်များ မျှဝေထမ်းရွက်နိုင်ရန်အတွက် ဒုဥက္ကဌ နောက်တဦး ထပ်မံရွေးချယ်ရန် ဆွေးနွေး နေကြကြောင်း ပါတီဝင်တဦးကလည်း သျှမ်းသံတော်ဆင့်အားပြောပြဖူးသည်။