မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များ လက်တွေ့ လုပ်ဆောင်ရာတွင် တိုင်းရင်းသား များအနေနှင့် မေးခွန်းထုတ်စရာ သံသယများ ရှိနေဆဲ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။
နယူးယောက်မြို့တွင် အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိကြီးများနှင့် တွေ့ဆုံစဉ် ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB တို့မှ ကိုယ်စားလှယ် များက ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။
အရှေ့အာရှနှင့် ပစိဖိဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကင်းဘဲ Kurt Campbell ၊ လက်ထောက် ဒု-နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝိုင်ယွန်တို့ အပါအဝင် အမေရိကန် အစိုးရအရာရှိများနှင့်စက်တင် ဘာလ ၂၄ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း NCUB ၏ အမေရိကန် ပြည်ထောင်စု ဒါရိုက်တာ ကိုမိုးချမ်း က ပြောသည်။
“တိုင်းရင်းသားတွေက အပစ်အခတ် ရပ်စဲရေး မအောင်မြင်တဲ့ ကိစ္စတွေ၊ ကချင်နဲ့ ရှမ်းမှာ တိုက်နေတဲ့ကိစ္စတွေ၊ စစ်အစိုးရက ဒီအချိန်အထိ လူတွေကို ခွဲခြား ဆက်ဆံပြီးတော့မှ အုပ်ချုပ်နေသလားဆိုတဲ့ မေးခွန်းတွေ သူတို့မှာ ရှိနေတယ်။ အစိုးရ ဆက်ဆံနေတဲ့ ပုံစံက အမြဲတမ်း ခွဲထုတ်ပြီးတော့မှ တောင်ပိုင်းမှာတော့ ငြိမ်းချမ်းရေးလုပ်တယ်။
မြောက်ပိုင်းမှာတော့ ကချင်နဲ့ ရှမ်းကို ထိုးစစ်ဆင်နေတယ်ဆိုတော့ ဘာသဘောလဲဆိုတာ သူတို့မှာလည်း မေးခွန်းတွေ မေးဖို့ ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ သံသယကြီးစွာ ရှိနေပါတယ်” ဟု မဇ္စျိမကို ပြောသည်။
NCUB ဥက္ကဋ္ဌ၊ UNFC ဒု- ဥက္ကဌ ဒေးဗစ်သာကဘော ဦးဆောင်သည့် တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့တွင် UNFC အထွေထွေ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ နိုင်ငံခြားရေး အဖွဲ့ဝင် Sao Swy Mangrai၊ UNFC အဖွဲ့ဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဗိုလ်မှူးကြီး လအောင်နှင့် ကိုမိုးချမ်းတို့ ပါဝင်သည်။
သမ္မတ ဦးသိန်းစိန်၏ လုပ်ဆောင်ချက်များအပေါ် ကြိုဆိုသော်လည်း တိုင်းရင်းသားအရေး ဖြေရှင်းမှုတွင် လက်တွေ့ ကျကျ အကောင်အထည်ဖော်ရန်နှင့် သမ္မတသည် ကာကွယ်ရေး ဦးစီးချုပ် လက်အောက်ခံ တပ်မတော်၏ သြဇာလွှမ်းမိုးမှု ရှိလားဆိုသည့် မေးခွန်းများ ရှိနေပြီး သံသယရှိနေကြောင်း သူက ဆိုသည်။
“တပ်မတော်ပေါ်မှာ သြဇာလွှမ်းမိုးမှု မရှိဘူးဆိုရင် အနာဂတ် အောင်မြင်ပါ့မလား။ အထူးသဖြင့် အပစ်အခတ်ရပ်စဲရေး ကိစ္စတွေ၊ နိုင်ငံရေးစကားပြောမယ့် ကိစ္စတွေ အောင်မြင်ပါ့မလားဆိုတဲ့ မေးခွန်းတွေက တိုင်းရင်းသားခေါင်းဆောင်တွေမှာ ရှိနေပါတယ် ဆိုတာတွေ ပြောတယ်” ဟု ကိုမိုးချမ်း က ပြောသည်။
သမ္မတ ဦးသိန်းစိန်က နေပြည်တော်သို့ လာရောက်ရန် KIO အား တရားဝင် စာဖြင့် ဖိတ်ခေါ်ခြင်း မရှိသေးဘဲ ဝန်ကြီး ဦးအောင်မင်း ကသာ မီဒီယာများတွင်သာ ပြောဆိုခြင်း ဖြစ်သည်ဟု KIO မှ ဗိုလ်မှူးကြီး လအောင်က ရှင်းပြခဲ့သည်ဟု သိရှိရသည်။
လက်ရှိ ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်၏ လူ့အခွင့်အရေး ထိုးဖောက်မှု မှတ်တမ်းများကိုလည်း တင်ပြနိုင်ခဲ့ သည်ဟု ဆိုသည်။
ကိုယ်စားလှယ်များသည် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ ညီလာခံ တက်ရောက်နေသော ကုလအဖွဲ့အစည်းများနှင့် လည်း တွေ့ဆုံခွင့် ရရန် ကြိုးစားနေပြီး
မြန်မာ့အရေး စိတ်ဝင်စားသော NGO များနှင့် အမေရိကန် နိုင်ငံတွင် နေထိုင်နေသော တိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မြန်မာ့အရေးနှင့် ပတ်သက်၍ လှုပ်ရှားဆောင်ရွက်ပေးနေသော အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီယွန်းနှင့်လည်း တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့သည်ဟု ဆိုသည်။
ယခု ခရီးစဉ်သည် တိုင်းရင်းသားတပ်ပေါင်းစု သဘောဆောင်သည့် UNFC နှင့် NCUB တို့၏ ပထမဆုံး ပူးတွဲခရီးစဉ်ဖြစ်သည်။
ယင်းအဖွဲ့နှစ်ဖွဲ့ ခေါင်းဆောင်များသည် မတ်လအတွင်းက အစည်းအဝေးတခု ကျင်းပ၍ အစိုးရအား ၂ဝ၁၅ ခုနှစ် မတိုင်မီ နိုင်ငံရေး ပြဿနာများနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် ဆုံးဖြတ်နိုင်ခဲ့သည်ဟု သိရသည်။
NCUB ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ၁၉၉ဝ လွှတ်တော် ကိုယ်စားလှယ်များ၊ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ဒီမိုကရက်တစ် အတိုက်အခံများဖြင့် ၁၉၉၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။
UNFC ကို တိုင်းရင်းသား အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေးပြဿနာများကို ဆွေးနွေးဖြေရှင်းနိုင်ရေးအတွက် ဗုဒ္ဓဟူးနေ့ကလည်း သမ္မတ ဦးသိန်းစိန်ထံသို့ UNFC မှ အိတ်ဖွင့်ပေးစာ တစောင် ပေးဖို့ထားသည်။
၎င်း အိတ်ဖွင့်ပေးစာတွင် အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းပါ အချက် ၈ ချက် အနက် အမှတ် (၅)၊ (၆)၊ (၇) နှင့် (၈) တို့ ဖြစ်သော ပါတီထောင်၍ ရွေးကောက်ပွဲဝင်ရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို လွှတ်တော်အတွင်းမှ သဘောတူ ဆောင်ရွက်ရေး၊ ထာဝရ ငြိမ်းချမ်းရေး အတွက် ဥပဒေဘောင် အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံနှင့် အညီ တန်းတူညီတူ နေထိုင်သွားလာလုပ်ကိုင် စားသောက်ရေးနှင့် ဖွဲ့စည်းပုံဥပဒေနှင့်အညီ တခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် အသွင်းပြောင်းရေးကို ညှိနှိုင်းဆောင်ရွက်ရေး ဆိုသည့် အချက်များမှာတန်းတူခြင်း၊ လွတ်လပ်ခြင်းနှင့် မျှတခြင်း မရှိ၍ လက်မခံနိုင်ကြောင်း ဆိုထားသည်။
ထိုအချက်များသည် နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းခြင်း မပြုသေးမီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ချုပ်ကိုင်ပြီး လိုသလို ပုံသွင်းနိုင်ရန် စီမံထားသော အချက်များ ဖြစ်သည်ဟု ရှုမြင်သည်ဟု ဖော်ပြထားသည်။