သျှမ်းပြည်တောင်ပိုင်းအတွင်းလှုပ်ရှားနေသည့် သျှမ်းပြည်တပ်မတော် RCSS/SSA သွားလာလှုပ်ရှားရာလမ်း တလျှောက် အစိုးရတပ်က နောက်ယောက်ခံလိုက်နေကြောင်း ဒေသအတွင်းတပ်မှူးတဦးများက ပြောပါသည်။
“စက်တင်္ဘာ ရ ရက်နေ့ ဆားတောမှာ ဖြစ်တဲ့ တိုက်ပွဲက အစိုးရတပ် ၁၀ ယောက် လောက်ကျတယ်။ သေနတ်နှစ်လက်ရှုံးတယ်။ အဲဒါ ပြန် ၏ပေးလိုက်ပြီ။ ဒါပေမယ့် ကျနော်တို့နောက်ကို နောက်ယောင်ခံ လိုက်နေတုန်း၊ လူထုတွေကိုလဲပြောတယ်၊ သူပုန်တွေကို အထောက်အပံ့မပေးဖို့လဲ လူထုကိုတားမြစ်ထား တယ်။ ဘာသဘောလဲမသိဘူး” - ဒေသအတွင်းလှုပ်ရှားသည့် တပ်မှူးတဦးကပြောပါသည်။
ယခုလဆန်းပိုင်းမှစဉ် မိုင်းကိုင်၊ ရပ်စောက်၊ ကျေးသီး နှင့် သီပေါမြို့နယ်အကြား နယ်မြေအတွင်း လှုပ်ရှားနေ သော သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့နောက် အစိုးရတပ် ခလရ ၁၃၁ နှင့် ခလရ ၂၉၂ က နောက် ယောက်ခံ လိုက်နေကြောင်း၊ တိုက်ပွဲမဖြစ်စေရန် အထူးရှောင်ရှားမှုပြုနေရကြောင်း၊ အပစ်မရပ်စဉ်ကာလနှင့် အခြေအနေ ဘဝ တူနေကြောင်း၊ ဒေသခံလူထုလည်း ထို့နည်းတူ စစ်ဘေးစစ်ဒဏ်ခံနေရဆဲဖြစ်ကြောင်း - ဆိုသည်။
“ကျနော်တို့နောက်ကို ဒီတိုင်းလိုက်နေရင်တော့ ကျနော်တို့ သည်းညီးခံတော့မှာမဟုတ်ဘူး၊ ရ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲကလည်း ကျနော်တို့ကို ဘာညာမပြောဘဲနဲ့ ဘလိုင်းကြီး လာတိုက်တာ” - ဟု တပ်မှူးနောက် တဦးက ပြောပါသည်။
သျှမ်းပြည်တပ်မတော် နှင့် အစိုးရတပ်တို့ အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ပြီးကြောင်း ကြားသိရစဉ် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရကြောင်း၊ မိမိဝမ်းရေးအတွက် သွားလာလှုပ်ရှား လုပ်ကိုင်စားသောက်ရေးလွယ်ကူ လိမ့်မည် ဟု မျှော်လင့်ထားကြောင်း၊ သို့သော် ယခု တစ်ပြည့်တော့မည်ဖြစ်သော်လည်း အဘက်ဘက် ကိုကြောက်ရွံ့နေရဆဲ ဖြစ်ကြောင်း ဒေသခံအကြီးအကဲ တဦးကလည်းပြောပြပါသည်။
သျှမ်းပြည်တပ်မတော် နှစ်ဖွဲ့လုံးနှင့် မြန်မာအစိုးရတို့သည် အပစ်ရပ်ကာ ငြိမ်းချမ်းရေးတည်ဆောက် နေပြီ၊ ထာဝရ ငြိမ်းချမ်းရေးအတွက် ဦးတည်နေပြီ ဟုဆိုသော်ငြားလည်း မြန်မာအစိုးရတပ်က သဘောတူညီမှု ချိုး ဖေါက်၍ တောတောင်အတွင်းလှုပ်ရှားနေသောကြောင့် တိုက်ပွဲ ပေါင်း ၃၄ ထက်မနည်း ဖြစ်ပွားခဲ့ရကြောင်း သျှမ်းပြည်တပ်မတော်ခေါင်း ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။