NLD လမ်းစဉ် ပြင်-ဝင် မှ ဝင်-ပြင် သို့

NLD လမ်းစဉ် ပြင်-ဝင် မှ ဝင်-ပြင် သို့

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ၂၄ နှစ်တာ ပါတီသက်တမ်းအတွင်း လုပ်ဟန် ပြောင်းလဲမှုများ ရှိခဲ့သလို လမ်းစဉ် အပြောင်းအလဲများလည်း လုပ်ခဲ့ရသည်။

ဦးဝင်းတင်
(NLD ဗဟို သဘာပတိအဖွဲ့ဝင်နှင့် အင်တာဗျူး)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ၂၄ နှစ်တာ ပါတီသက်တမ်းအတွင်း လုပ်ဟန် ပြောင်းလဲမှုများ ရှိခဲ့သလို လမ်းစဉ် အပြောင်းအလဲများလည်း လုပ်ခဲ့ရသည်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်တည်ထောင်ပြီးနောက် ခေါင်းဆောင်များ ဖမ်းဆီးမခံရမီ စုစုစည်းစည်းရှိခဲ့စဉ်က “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဟူ၍ ကြွေးကြော်သံတင်ကာ ထိုစဉ်က စစ်အာဏာသိမ်း နဝတ အစိုးရ၏ မတရားမှုများကို ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် NLD ပါတီဘဝ စတင်ခဲ့သည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သော်လည်း အာဏာလွှဲပြောင်း ပေးအပ်ခြင်းမခံခဲ့ရဘဲ ပါတီခေါင်းဆောင်များနှင့် ပါတီဝင်အမြောက်အများ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး အချို့မှာအကျဉ်းထောင် တွင်း ညှဉ်းပန်းနှိပ်စက်မှု ဒဏ်များဖြင့် အသက်ဆုံးရှုံးခဲ့ကြရသည်။

ယနေ့အခါတွင် လွှတ်တော်အသီးသီး၌ ပါတီဝင် အမတ် ၄ဝ ကျော် ဝင်ရောက်ခွင့် ရရှိထားသည့် NLD ပါတီ၏ ဒီမိုကရေစီ ရရှိရေးအတွက် ဖြတ်သန်းမှုများ၊ ပါတီမှတ်တိုင်များ၊ လုပ်ဟန်နှင့် လမ်းစဉ်အပြောင်းအလဲများကို သိရှိနိုင်ရန် အတွက် ပါတီ တည်ထောင်စဉ်ကတည်းက အရေးပါသော ခေါင်းဆောင်တဦး ဖြစ်ခဲ့သည့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အား မဇ္စျိမမှ ဆက်သွယ်မေးမြန်းထားသည်။

NLD အဖွဲ့ချုပ်ဟာ ၈၈၈၈ အရေးတော်ပုံကြီးကနေ ပေါက်ဖွားလာပြီးတော့ ဒီ အရေးတော်ပုံကြီးရဲ့ ရလဒ်တခုလို့ ပြောနိုင်မလားခင်ဗျ။

ဒီအခြေခံဥပဒေဟာ စစ်အာဏာ တည်မြဲရေး၊ သို့မဟုတ်ရင်လည်း စစ်သြဇာ လောင်းရိပ်နဲ့ ဗမာပြည်နိုင်ငံရေးကို စစ်အာဏာကနေ ချုပ်ကိုင်ပြီးရင် အသက်ဆက်ဖို့အတွက် လုပ်တာဖြစ်တဲ့အတွက် ကျနော်တို့က လက်မခံဘူး။ ဒီနေ့ဒီချိန်ထိလည်း လက်မခံဘူး။

ပြောနိုင်တာပေါ့ဗျာ။ ပါတီထဲမှာ သဘောထားကွဲသွားပြီးတော့ အပြင်ရောက်သွားတဲ့ (ပထမဆုံး ဥက္ကဋ္ဌ) ဦးအောင်ကြီးလို ပုဂ္ဂိုလ်မျိုးတောင်မှ ၈၈၈၈ ထဲမှာ ပါခဲ့တာပဲ။ ဒေါ်အောင်ဆန်းစုကြည်ရော၊ ကျနော်တို့ရော ၈၈၈၈ မှာ ပါဝင်ခဲ့ပြီး NLD ခေါင်းဆောင်မှု တခုလုံးလိုလိုဟာ ၈၈၈၈ ကနေ ပေါက်ဖွားပြီးတော့ လူကြီးတွေ၊ လူငယ်တွေ၊ နိုင်ငံရေးရည်မှန်းချက် အမျိုးစုံ ဒီထဲမှာ လာပြီးတော့ ဆုံကြတယ်။ အဲဒါကြောင့် NLD ဟာ ၈၈၈၈ အရေးတော်ပုံကြီးကနေ ပေါက်ဖွားလာတဲ့ နိုင်ငံရေးရလဒ်တခု ဖြစ်တယ်လို့ ပြောလို့ရပါတယ်။

ပါတီ တည်ထောင်ခဲ့စဉ်က ထားရှိခဲ့တဲ့ ရည်ရွယ်ချက်တွေဟာ အခုလို ၂၄ နှစ်အကြာမှာ ဘယ်လောက်ထိ ပေါက်ရောက်နိုင်ခဲ့ပြီလို့ ဆိုနိုင်မလဲခင်ဗျ။

ကျနော်ပြောနိုင်တာကတော့ ဒီနေ့ဒီချိန်မှာ ဒီမိုကရေစီတော့ မဖြစ်သေးဘူး။ ဒီမိုကရေစီရဲ့ အရိပ်အယောင် တွေတော့ ပေါ်လာပြီ။ စစ်အာဏာပိုင်တွေဆီက အမွေဆက်ခံထားတဲ့ အစိုးရကိုယ်တိုင်က ဒီမိုကရေစီ အပြောင်းအလဲတို့၊ ငြိမ်းချမ်းရေး လုပ်ပါမယ်တို့ ကြွေကြော်ရတဲ့အခြေအနေမျိုး ရောက်လာရတဲ့ အကျိုးရလဒ်ဟာ NLD ရဲ့ လွန်ခဲ့တဲ့ ၂၄ နှစ် ကာလပတ်လုံး သွေးတွေ၊ ချွေးတွေ ရင်းပြီး ကြိုးပမ်းခဲ့ရတဲ့ ရလဒ်တခုဖြစ်တယ်လို့ ပြောလို့ရပါတယ်။

ပါတီရဲ့ အောင်ပွဲ မှတ်တိုင်ကြီးတခုဖြစ်ခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲကိုရော ဒီနေ့အချိန်အခါမှာ ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုနိုင်မလဲခင်ဗျ။

၁၉၉ဝ ရွေးကောက်ပွဲရလဒ်ဟာ NLD ရဲ့ ဦးဆောင်မှုကို ပြည်သူလူထုက လက်ခံတယ်။ NLD ရဲ့ ရှေ့ဆောင်မှုကို ပြည်သူက လိုက်ခဲ့တယ်။ NLD ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို သဘောတူညီချက် ပေးလိုက်တယ်လို့ ပြောလို့ရပါ တယ်။ ၁၉၉ဝ ဆိုတာ ၈၈ ရဲ့ ညီညွတ်ရေးကာလ မပြိုသေးတဲ့အချိန်ပေါ့။ နှစ်နှစ်တောင်မှ မပြည့်သေးတဲ့ အချိန်။ ဒီ ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူတွေက စစ်အာဏာရှင် စိုးမိုးမှုကို ငြင်းပယ်လိုက်တဲ့ နိုင်ငံရေးလမ်းခွဲမှုဖြစ်တယ် ဆိုတာ ထင်ရှားပါတယ်။

ရွေးကောက်ပွဲရလဒ်ကို နဝတ အစိုးရက အကောင်အထည်ဖော်ခြင်းမရှိတဲ့နောက် ဂန္ဓီခန်းမ အစည်းအဝေး ဖြစ်လာပြီး လွှတ်တော်ခေါ်ယူရေး တောင်းဆိုကြပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး စောမောင်တို့က ၁/၉ဝ ထုတ်ပြန်ပြီး ဟန့်တားပိတ်ပင်လိုက်ပါတယ်။

အာဏာလွှဲပြောင်းရေးကို ငြင်းဆန်လို့ရအောင် စစ်အစိုးရ လုပ်တဲ့နည်းကတော့ အခြေခံဥပဒေတခု ရေးဆွဲရမယ်။ အခြေခံဥပဒေ မရှိဘဲနဲ့ အာဏာလွှဲပြောင်းမှု မပြုနိုင်ဘူး ဆိုပြီးတော့ အချိန်ဆွဲဖို့အတွက် ‘အမျိုးသားညီလာခံ’ ဆိုတာကို ခေါ်တာပဲ ဖြစ်ပါတယ်။ အဲဒီ ‘အမျိုးသားညီလာခံ’ ဆိုတာကို အစောကြီးက တည်းက ကျနော်တို့ ကန့်ကွက်ပါတယ်။

အဲဒီ အမျိုးသားညီလာခံ ညောင်နှစ်ပင် ကနေ ပေါ်ထွက်လာတဲ့ ၂ဝဝ၈ ခုနှစ်၊ အခြေခံဥပဒေဟာ စစ်အာဏာ တည်မြဲရေး၊ သို့မဟုတ်ရင်လည်း စစ်သြဇာ လောင်းရိပ်နဲ့ ဗမာပြည်နိုင်ငံရေးကို စစ်အာဏာကနေ ချုပ်ကိုင်ပြီးရင် အသက်ဆက် ဖို့အတွက် လုပ်တာဖြစ်တဲ့အတွက် ကျနော်တို့က လက်မခံဘူး။ ဒီနေ့ဒီချိန်ထိလည်း လက်မခံဘူး။ ပေါ်ထွက်လာတဲ့ အချိန်ကလည်း လက်မခံခဲ့ဘူး။ ဒီနေ့ လွှတ်တော်ထဲကို ရောက်နေပေမယ့် လွှတ်တော်ထဲမှာ လုပ်မယ့် ဦးတည်ချက် ၃ ချက်ထဲမှာ တချက်အနေနဲ့ ဒီအခြေခံဥပဒေကို ပြင်ဖို့၊ ပြောင်းဖို့၊ ပယ်ဖျက်ဖို့ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတော့ ‘၂၁ ရာစု ပင်လုံညီလာခံ’ လုပ်ရမယ်လို့ ပြောဆိုထားခဲ့တာ တွေ ရှိခဲ့ပေမယ့် နောက်ပိုင်း ထပ်မကြားရတော့ပါဘူး

ရှင်းရှင်းပြောရရင် ဒီလိုညီလာခံခေါ်ဖို့ဆိုတာ မလွယ်ဘူး။ ဒါက ဖြစ်နေတဲ့အခြေအနေ။ အဲဒါကြောင့် ကျနော်တို့က နဂို ကတည်းကိုက ‘၂၁ ရာစု’ လို့ သေချာခေါ်ရတာက ၂၁ ရာစုမှာ ပေါ်ပေါက်နေတဲ့ Technology (နည်းပညာ)နဲ့ သုံးပြီးတော့ တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားတွေ ဖလှယ်ပြီးတော့ ညီလာခံကျင်းပ နိုင်အောင် လုပ်မယ်ဆိုပြီးပြောတဲ့ သဘော ဖြစ်ပါတယ်။ ဒါလည်း ဒီနေ့ထိ အခက်အခဲတွေ ရှိတုန်းပဲလို့ ပြောချင်ပါတယ်။ သို့သော် နှောင့်နှေးကြန့်ကြာနေသော်လည်းပဲ အခြေအနေပေးတာနဲ့ ပင်လုံညီလာခံမျိုး လုပ်ပြီးတော့ ပင်လုံစိတ်ဓာတ်နဲ့ပဲ ပြည်ထောင်စု အစစ်ကို ဖော်ဆောင်ရမယ်လို့ ယုံကြည်တာကတော့ ဒီနေ့ထိ ခိုင်ခိုင်မာမာ ရှိပါတယ်။ လုပ်ငန်းစဉ်တွေလည်းပဲ ရှိပါတယ် လို့ ပြောချင်ပါတယ်။

‘ရွှေဂုံတိုင်’ နဲ့ ‘၂ဝ၁၁ နိုဝင်္ဘာ ၁၈ ဆုံးဖြတ်ချက်’ ရဲ့ ကွာခြားချက်က ဘာလဲဆိုရင် ရွှေဂုံတိုင်တုန်း က ပြောခဲ့တာက အခြေခံဥပဒေ ပြင်ပေးရင်ရွေးကောက်ပွဲ ဝင်မယ်။ ‘ပြင်-ဝင်’ လိုင်းနဲ့ ကျနော်တို့ ရပ်တည်ခဲ့တယ်။ ၂ဝ၁၁ ခုနှစ်မှာ ကျတော့ “အခြေအနေတွေ ပြောင်းသွားတဲ့ အတွက်” ဆိုပြီးတော့ ‘ဝင်-ပြင်’၊ ရွေးကောက်ပွဲ ဝင်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်မယ် ဆိုပြီး ဖြစ်လာတယ်။

ပါတီက ရပ်တည်ခဲ့တဲ့ ‘ရွေဂုံတိုင် ကြေညာစာတမ်း’ပါ အချက်တွေ အပြည့်အဝ မရရှိခဲ့သော်လည်းဘဲ ပါတီ ပြန်လည် မှတ်ပုံတင်ရေး၊ ကြားဖြတ်ရွေးကောက်ပွဲဝင်ရေးဟာ ဖြစ်သွားခဲ့ပါတယ်။

ရွှေဂုံတိုင် ဆုံးဖြတ်ချက်က ၂ဝဝ၉ ခုနှစ်၊ ဧပြီလလောက်မှာ လုပ်တယ်။ လူ တရာလောက်ရှိတဲ့ ဗဟိုကော်မတီလို့ခေါ်တဲ့ ပါတီခေါင်းဆောင်စုက ဆုံးဖြတ်တယ်။ အဲဒီသဘောထားကိုပဲ ၂ဝ၁ဝ ခုနှစ်၊ မတ်လမှာ လုပ်ခဲ့တဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာလည်း (ဒီဥပဒေတွေကို) လက်မခံဘူးဆိုတဲ့မူနဲ့ ပါတီမှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲ မဝင်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။

သို့သော် ၂ဝ၁၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ ဘာတို့နဲ့ တွေ့ဆုံတယ်၊ ဆွေးနွေးတယ်၊ ပြောဆိုရင်းကနေ ဘာတွေပေါ်လာလဲဆိုတော့ ပါတီ မှတ်ပုံတင်ခြင်း ဥပဒေမှာ အခြေခံဥပဒေကို “ကာကွယ်စောင့်ရှောက်ပါမည်” ဆိုတဲ့ စကားအစား “လေးစားလိုက်နာပါမည်” ဆိုတာလောက် ပြောင်းတာ၊ နောက်တခါ ပါတီထဲက ထောင်ကျနေတဲ့
ခေါင်းဆောင်စုကို ထုတ်ပစ်ရမယ်ဆိုတဲ့ ပုဒ်မတခု။

ဒါကြောင့် ၂ဝ၁၁ ခုနှစ် နိုဝင်္ဘာလ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာက ပါတီ မှတ်ပုံတင်မယ်။ ရွေးကောက်ပွဲ လည်း ဝင်မယ်လို့။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုလည်း ရနေပြီ၊ ပြည်သူလူထုရဲ့ တောင်းဆိုမှုကလည်း မြင့်မားနေတယ်၊ ခုနက ပုဒ်မတွေ ပြင်ပေးတာတွေလည်း ရှိနေပြီ၊ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ‘အသိအမှတ်ပြု’ တယ်ဆိုတာတွေ ဦးခင်အောင်မြင့်တို့က ထုတ်ဖော်ပြီး လူသိရှင်ကြား ကြေညာတာတွေ ဖြစ်လာတော့ အဲဒီမှာ ဒေါ်စုရဲ့ သြဇာ၊ ဒေါ်စုရဲ့ တင်ပြချက်တွေလည်း ပါတာပေါ့။

ဒီလိုပြောင်းလဲလာတဲ့ အခြေအနေမှာ လက်လွှတ်လိုက်လို့ မရဘူး၊ အခြေအနေ ပြောင်းလဲတာနဲ့ အညီပဲ လိုက်ပြီးလုပ်ဖို့ လိုလိမ့်မယ်ဆိုပြီး ဒေါ်စုက တင်ပြတယ်။ အဲဒီ နိုဝင်္ဘာလ ၁၈ ရက်နေ့မှာလုပ်တဲ့ ညီလာခံကျတော့ စောစောက ရွှေဂုံတိုင် တို့၊ မတ်လ ၂၉ ဆုံးဖြတ်ချက်တွေကို ဗြောင်းပြန်လှန်ပြီးတော့ ပါတီကို မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲ ဝင်မယ်ဆိုတာတွေ ဆုံးဖြတ်ခဲ့တယ်။ ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် မူလ ဆုံးဖြတ်ချက်တွေကို ကျော်လွှားလို့၊ နင်းခြေလို့ မရဘူး။ ဒါကြောင့် တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ ဆုံးဖြတ်ချက် ဖြစ်သွားတယ်။

အတိုချုပ်ပြောရရင် ‘ရွှေဂုံတိုင်’ နဲ့ ‘၂ဝ၁၁ နိုဝင်္ဘာ ၁၈ ဆုံးဖြတ်ချက်’ရဲ့ ကွာခြားချက်က ဘာလဲဆိုရင် ရွှေဂုံတိုင်တုန်းကပြောခဲ့တာက အခြေခံဥပဒေ ပြင်ပေးရင် ရွေးကောက်ပွဲ ဝင်မယ်။ ‘ပြင်-ဝင်’ လိုင်းနဲ့ ကျနော်တို့ ရပ်တည်ခဲ့တယ်။ နောက် အစည်းအဝေးမှာလည်းပဲ အလားတူ ‘ပြင်-ဝင်’ လိုင်းနဲ့ပဲ ရပ်တည်ခဲ့တယ်။ သို့သော် ၂ဝ၁၁ ခုနှစ်မှာကျတော့ “အခြေ အနေတွေ ပြောင်းသွားတဲ့အတွက်” ဆိုပြီးတော့ ‘ဝင်-ပြင်’၊ ရွေးကောက်ပွဲဝင်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်မယ် ဆိုပြီး ဖြစ်လာတယ်။ အဲဒီ ဝင်-ပြင် လိုင်းကို လက်ခံပြီးပါတီခေါင်း ဆောင်စုက ဆုံးဖြတ်လိုက်တဲ့အတွက် အားလုံး လက်ခံကြရတာပေါ့ဗျာ။ ပါတီတရပ်ဆိုတာဗဟိုကော်မတီ တခုလုံးရဲ့ ကန့်ကွက်သူမရှိ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ပါတီတရပ်မှာ ဗဟိုကော်မတီအနေနဲ့ အခါအားလျော်စွာ သုံးသပ်ချက်အရ ပြောင်းလဲဆုံးဖြတ်ရတာတွေ ရှိပါတယ်။

နှောင့်နှေးကြန့်ကြာနေသော်လည်းပဲ အခြေ အနေပေးတာနဲ့ ပင်လုံညီလာခံမျိုး လုပ်ပြီးတော့ ပင်လုံစိတ်ဓာတ်နဲ့ပဲ ပြည်ထောင်စုအစစ်ကို ဖော်ဆောင်ရမယ်လို့ ယုံကြည်တာကတော့ ဒီနေ့ထိ ခိုင်ခိုင်မာမာ ရှိပါတယ်။ လုပ်ငန်းစဉ် တွေလည်းပဲ ရှိပါတယ်လို့ ပြောချင်ပါတယ်။

၂၄ နှစ်တာ ဖြတ်သန်းမှုမှာ ပါတီ တည်ထောင် ကာစက “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတာကနေ ‘ရွှေဂုံတိုင်’ အထိ ပါတီရဲ့ ရပ်တည်ချက်နဲ့ အဲဒီနောက်ပိုင်း ‘ပြန်လည်မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး’ ရပ်တည်ချက်တို့ဟာ နေရာ ရွေ့လျောသွားတယ် ဆိုတဲ့ ဝေဖန်မှုတွေအပေါ်မှာရော ဘယ်လို တုန့်ပြန် သဘောထားပေးလိုပါသလဲခင်ဗျ။

နိုင်ငံရေးက အခြေအနေတွေပေါ်မှာ တည်ပြီး ဆုံးဖြတ်ရတာပဲ။ ပါတီခေါင်းဆောင်စုရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်။

၁၉၈၈ ကတည်းက ကိုင်စွဲခဲ့တဲ့ အာဏာရှင်အစိုးရများကို ဆန့်ကျင်မယ် ဆိုတဲ့ သဘောထား၊ မတရားတဲ့ အမိန့်အာဏာ ဟူသမျှ ဖီဆန်မယ် ဆိုတဲ့သဘောထား၊ ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်မယ် ဆိုတဲ့သဘောထား၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်မယ်ဆိုတဲ့သဘောထား။ ဒီလုပ်ငန်းစဉ်တွေဟာ ၂ဝ၁၁ ခုနှစ် ရောက်တဲ့ အခါကျတော့ ကွဲလွဲမှု ရှိသလားလို့ မေးမယ်ဆိုရင် စကားလုံးတွေတော့ ကွဲပြားမှု ရှိချင်ရှိမယ်။ အနှစ်သာရအားဖြင့် ဒီအတိုင်းပဲ လုပ်နေပါတယ်။

ဆိုပါတော့ “မတရားတဲ့အမိန့်အာဏာဟူသမျှ ဖီဆန်ကြ”ဆိုတာ ဒီနေ့ရှိသေးလားလို့ မေးရင် ရှိတယ်လို့ ကျနော်ပြော မယ်။ အဲဒီစကားလုံးတွေ မဟုတ်ပေမယ့်လို့ ကျနော်တို့ ဒီနေ့ထိ ကျင့်သုံးနေတာက ဘာလဲဆိုတော့ ဒီမိုကရေစီစနစ်ကို အဟန့်အတားဖြစ်စေတဲ့ အမိန့်တွေ၊ ဥပဒေတွေကို ဖျက်သိမ်းဖို့၊ ပြောင်းလဲဖို့၊ ပြင်ဆင်ဖို့ဆိုတာ လွှတ်တော် ထဲမှာလည်း ဒီကိစ္စ ထည့်ပြောပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေ စိုးမိုးရေးကိစ္စကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး လုပ်တာ ဖြစ်ပါတယ်။

အလားတူပဲ ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေး၊ ပွင့်ပွင့်လင်းလင်း ပြောရရင် Federal Union ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ ဒီနေ့လည်း ကိုင်စွဲနေတာပဲ။ ဒါကြောင့်ပဲ တိုင်းရင်းသားတွေနဲ့ လက်တွဲနေနိုင် တာ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စဟာလည်း ဒီနေ့ထိ ကိုင်စွဲလုပ်ကိုင်နေဆဲ ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။

လက်ရှိအနေအထားမှာ ပါတီဥက္ကဋ္ဌအနေနဲ့ နိုင်ငံတော်သမ္မတ အပေါ်မှာ အယုံအကြည်ကဲလွန်းနေတယ်လို့ ကော ဆရာမြင်မိလားခင်ဗျ။

ဒါကတော့ သူ့ရဲ့ လုပ်ဟန်၊ Character ပေါ့ဗျာ၊ သူ့ရဲ့ ကျင့်ဟန် တခုပဲလို့ ပြောရမှာပဲ။ သူက ဘယ်သူ့ဖြစ်ဖြစ် သမ္မတ အပေါ်တင် မဟုတ်ဘူး၊ ကျောင်းသားလူငယ်တွေနဲ့ ပြောမလား၊ ပါတီတွင်းက လူတွေနဲ့ပဲပြောမလား၊ သူစိမ်းတရံဆံနဲ့ပဲ ပြောမလား သူမှန်တယ်ထင်တဲ့ဟာ၊ ကောင်းလာပြီလို့ထင်တဲ့ဟာကို ဒီလိုပဲ ဟက်ဟက် ပက်ပက်နဲ့ ပွင့်ပွင့်လင်းလင်း၊ ပြတ်ပြတ်သားသားပြောတတ်တဲ့ အလေ့ ရှိပါတယ်။ ဒါကတော့ သူ့ရဲ့ Manner ပေါ့ဗျာ၊ ကိုယ်ကျင့်ကိုယ်ဟန်ပဲလို့ပြောလို့ ရပါတယ်။

ဒါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုလည်း ရနေပြီ၊ ပြည်သူလူထုရဲ့ တောင်းဆိုမှုကလည်း မြင့်မားနေတယ်၊ ခုနက ပုဒ်မတွေ ပြင်ပေးတာတွေလည်း ရှိနေပြီ၊ ၁၉၉ဝ ရွေးကောက်ပွဲရလဒ် ကို ‘အသိအမှတ်ပြု’ တယ်ဆိုတာတွေ ဦးခင်အောင်မြင့်တို့က ထုတ်ဖော်ပြီး လူသိရှင်ကြား ကြေညာတာတွေ ဖြစ်လာတော့ အဲဒီ မှာ ဒေါ်စုရဲ့ သြဇာ၊ ဒေါ်စုရဲ့ တင်ပြချက်တွေ လည်း ပါတာပေါ့။

သို့သော် နိုင်ငံရေးအားဖြင့် လွန်ကဲသလား၊ မလွန်ကဲသလား ဆိုတာကတော့ စောင့်ကြည့်ရမယ့် ကိစ္စဖြစ်တယ်လို့ပြောချင်ပါတယ်။ ဒီနေ့ ပါတီပြန်လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်နိုင်ခဲ့တာဟာလည်း ဒေါ်အောင်ဆန်းစုကြည် ဦးသိန်းစိန်အပေါ်မှာ ယုံကြည်ခြင်း အပေါ်မှာ မူတည်ပေါက်ဖွားလာတဲ့ ရလဒ်ဖြစ်ပါတယ်။ ဒီရလဒ်ဟာ ဘာပဲပြောပြော၊ အဟောသိကံ မဖြစ်ဘူး၊ အလဟဿ မဖြစ်ဘူး။ နို့မို့လို့ရှိရင် အစိုးရနဲ့ ကျနော်တို့ ကဏ္ဍကောစ တိုက်ခိုက်နေရမယ့် အနေအထား။ အခုဆို ပြည်သူရဲ့အကျိုးကို တရားဥပဒေဘောင်အတွင်းကနေ လုပ်နိုင်တဲ့အနေအထားကို ရောက်လာ တယ်။ ကျနော်တို့တတွေဟာလည်း ဗမာပြည်ရဲ့နိုင်ငံရေးမှာ ဦးဆောင်မှုကဏ္ဍမှာ မရှိသော်သေးငြားလည်း၊ မှန်မှန် ကန်ကန် ပါဝင်လှုပ်ရှားနေတဲ့ အနေအထားရှိတယ်။ ဒါဟာ ဦးသိန်းစိန် အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်မှု ရဲ့ အကျိုးသက်ရောက်မှု ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ စောစောကပြောတဲ့ ယုံကြည်မှု လွန်ကဲတယ်လို့ သတ်မှတ်ချင် လည်း သတ်မှတ်လို့ရတယ်။ ဒါမှမဟုတ် ဒါဟာ ယုံယုံကြည်ကြည် ပြောနေတာပဲလို့လည်း ပြောလို့ရတယ်။ ကိုယ့်ဘက် က သဘောထားအမှန်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောတယ်လို့လည်း ပြောလို့ရပါတယ်။ တခုပြောချင်တာကဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် ဆက်ဆံရေးဟာ ဘာပဲပြောပြော အဟောသိကံတော့ မဟုတ်ဘူး။ အချည်းအနှီး ကိစ္စတော့ မဟုတ်ဘူး။ အကျိုး သက်ရောက်မှု တစုံတရာရှိတယ်။ အဲဒီအကျိုးသက်ရောက်မှုတွေ ဘယ်လောက် ဆက်သွားမယ်ဆိုတာ စောင့်ကြည့်ရမယ်လို့ပဲ ပြောချင်ပါတယ်။

ပါတီ ငွေရတုအကြိုမှာ ဘာများ ပြောလိုတာ ရှိပါသလဲခင်ဗျာ။

ကျနော်တို့ရဲ့ခရီး၊ တာဝန်တွေဟာ မဆုံးသေးဘူး။ ကျနော်တို့တာဝန်ဟာ မူလဘူတ မူဝါဒများကိုပဲ ခိုင်ခိုင်မြဲမြဲ ကိုင်စွဲပြီး တော့ ဆက်လက်ချီတက်သွားမှာပဲ။ မူလဘူတ မူဝါဒဟာ ဘာလဲဆိုရင် ဒီမိုကရေစီမူဝါဒပဲ ဖြစ်တယ်လို့ ကျနော် ပြောချင် ပါတယ်။

Most read this week