ရှေးဟောင်း မီးရထားခေါင်းတွဲများ တရုတ်ထံ လွဲပြောင်းပေးအပ်

ရှေးဟောင်း မီးရထားခေါင်းတွဲများ တရုတ်ထံ လွဲပြောင်းပေးအပ်
by -
သျှမ်းသံတော်ဆင့်

မြန်မာဘက်မှ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး လက်ဆောင်အဖြစ် ပေးအပ်သော ရှေးဟောင်းရေနွေးငွေ့သုံး မီးရထားစက် ခေါင်းတွဲများကို လားရှိုးမြို့မှတဆင့် တရုတ်နယ်စပ် ကျယ်ဂေါ၀် ဘက်သို့ သယ်ဆောင်လာရာ ယမန်နေ့ နံနက်ပိုင်းက တရုတ် အာဏာပိုင်များထံ လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

train
၄င်းမီးရထားခေါင်းတွဲများကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် (ခွန်းမင်)ကူမင်းမြို့သို့ သယ်ဆောင်သွားပြီ ဖြစ်ပြီး ကူမင်းမြို့ရှိ မီးရထား ဥယျာဉ်တွင် ထားရှိမည် ဖြစ်ကြောင်း တရုတ် - မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မနေ့ကမနက်ပိုင်းက အပ်လိုက်ပြီ ၅ တွဲထင်တယ် လာပို့တဲ့သူတွေနဲ့လည်း တွေ့ပြီးပြီ၊ တရုတ်အစိုးရက ၀ယ်ဖို့ပြောတာ ဗမာအစိုးရက အလကားပေးလိုက်တာ” ဟု သူက ဆိုသည်။

၂၀၀၆ ခုနှစ်အတွင်းကလည်း မြန်မာဘက်မှ တရုတ်အစိုးရထံ ရှေးဟောင်း မီးရထားခေါင်းတွဲ ၂ တွဲ လက်ဆောင်ပေးခဲ့ဖူးရာ တစ်တွဲမှာ ရှန့်ဟိုင် မီးရထားဋ္ဌာနတွင် ထားရှိ၍ ကျန်တစ်တွဲအား တရုတ်အစိုးရမှ အင်္ဂလန်နိူင်ငံသို့ ရောင်းချလိုက်ကြောင်း သူကဆက်ပြောသည်။

“တစ်တွဲက ဒီနေ့အထိ ရှန့်ဟိုင်မီးရထားမီဒီယာမှာရှိတယ် နောက်တစ်တွဲကိုအင်္ဂလန်မူရင်းကုမ္ပဏီကိုရောင်း လိုက်တယ်၊ လက်ဆောင်ပေးတဲ့အတွက်ဆိုပြီး တရုတ်က မြန်မာကို မီးရထားတွဲ ၁၃၀ ပြန်ပေးတယ်၊ ခေါင်းတွဲရောင်းလိုက်တဲ့ငွေက အသစ်စက်စက်ပေးတဲ့ ၁၃၀ တန်ဖိုးထက် ၄ ဆ ပိုများတယ်၊ မီးရထားတွဲပေါင်း ၄၀၀ ကျော်တန်ဖိုးရှိတဲ့ငွေကို တရုတ်အစိုးရက ရသွားတာဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ မီးရထားခေါင်းတွဲ ၅ စင်းအား မြန်မာဘက်မှ တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရေး သက်သေပြရန်  ပေးအပ်ခြင်းဖြစ်ပြီး ယခုလ ၂၁ ရက်နေ့က လားရှိုးမြို့မှ တဆင့် မူစယ်ဘက်သို့ ၂၂ ဘီးကားများဖြင့် တင်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။