ရွှေဝါရောင် တော်လှန်ရေးအဖြစ် ကမ္ဘာကျော်ခဲ့သည့် သံဃာ့လှုပ်ရှားမှုကြီးမှ ချမှတ် လိုက်သည့် အစိုးရ လက်နက်ကိုင် တပ်ဖွဲ့များအပေါ် ပတ္တနိက္ကုဇန သပိတ်မှောက် ကံဆောင်မှုမှာ ယနေ့တိုင် တရားဝင် သပိတ်လှန်ခြင်း မရှိသေးကြောင်း သိရှိရသည်။
၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က ပခုက္ကူမြို့တွင် လောင်စာဆီနှင့် ကုန်စျေးနှုန်း ကျဆင်းရေးအတွက် စစ်အစိုးရမှ အာရုံစိုက် လုပ်ဆောင်ပေးရန် စီတန်း လမ်းလျှောက်ကာ မေတ္တာသုတ် ရွတ်ဆိုခဲ့ကြသောရဟန်း တော် များအား လုံခြံုရေးတပ်ဖွဲ့ဝင်များက ဓာတ်တိုင်များတွင် ကြိုးတုတ်ချည်နှောင်ကာ ရိုက်နှက်ခဲ့မှုများ ဖြစ်ပွားခဲ့ပြီးနောက် တနိုင်ငံလုံးမှ သံဃာများက ၎င်းတို့သိမ် အသီးသီးမှနေ၍ ပတ္တနိက္ကုဇနကံကိုဆောင်ခဲ့ခြင် းဖြစ်ကြောင်း နယူးဒေလီမြို့ ရှိ ရွှေဝါရောင် ကျောင်းတိုက်မှ ဦးပညာဇောတ က မိန့်ကြားသည်။
“သံဃာတွေကို ဓါတ်တိုင်မှာ ကြိုးတုတ်ရိုက်နှက်ခဲ့လို့၊ သံဃာကို ထိပါးပုတ်ခတ်လို့ တိုင်းပြည်လုံးက သံဃာတွေကို သပိတ်မှောက်ကံဆောင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ တာဝန်ရှိသူ ကျူးလွန်သူက သူတို့ရဲ့ အမှားကို ဝန်ချတောင်းခြင်း မရှိရင် ဒီကံဟာ ဆောင်နေဆဲပဲလို့ ဆိုရမှာပါ။ သံဃာတွေကို ဝန်ချတောင်းပန်ပြီးမှ သံဃာထုက ခွင့်လွှတ်ပါတယ် ဆိုမှ ဒီသပိတ်မှောက်ကံကို လှန်လို့ရတာပါ။ အခုအထိတော့ ကံဆောင်မှု ရှိနေဆဲပဲလို့ ဆိုရမှာပါ” ဟု မဇ္စျိမကို မိန့်ကြား သည်။
အဆိုပါ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၅ နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားကို မန္တလေးမြို့တွင် သံဃာအင်အား နှစ်ထောင်ကျော်နှင့် ပြည်သူများ စုပေါင်းကာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)၊ ပန်းခြံလမ်း၊ ဘုံပျံတောရ မြဝတီမင်းကြီး ကျောင်းတိုက်တွင်ကျင်းပခဲ့ ကြောင်း ဗကသ များအဖွဲ့ချုပ် အထက်မြန်မာပြည် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုမိုးထက်နေ ကပြောသည်။
“အဓိက ကတော့ ရွှေဝါရောင်ဆိုတာ ကျနော်တို့ မန္တလေးက ပိုပြီးထူးခြားတယ်လို့ ကျနော် နားလည်တယ်။ ပထမ အကြိမ် ၁၉၉ဝ ပတ္တနိက္ကုဇန (သပိတ်မှောက်) ကံဆောင်ပွဲနဲ့ ၂ဝဝ၇ သပိတ်မှောက် ကံဆောင်ပွဲ နှစ်ခုလုံးက သံဃာတွေ ဒီကနေ့မှာ ပေါင်းမိတယ်” ဟု မဇ္စျိမကို ပြောသည်။
အာဏာပိုင်များထံမှ ခွင့်ပြုချက် တောင်းခံမနေဘဲ ကျင်းပခဲ့ကြသည့် နှစ်ပတ်လည် အခမ်းအနားတွင် လှုပ်ရှားမှုများ အတွင်း ဖြတ်သန်းခဲ့ကြသည့် သံဃာတော်များက ရွှေဝါရောင် တော်လှန်ရေးနှင့် ပါတ်သက် သည့် ၎င်းတို့၏ သဘောထားများအား မိန့်ကြားခဲ့ကြသည်။
“ပို့လာတဲ့ သဝဏ်လွှာတွေ အများကြီးပဲခင်ဗျ။ သံဃာထုက အင်မတန် အားကောင်းပါတယ်။ အမိုးအကာ အောက်မှာ ပဲ ကျင်းပတာပါ။ ဒါပေမယ့် အပြင်မှာ ရပ်ပြီး နားထောင်နေတာ သုံး လေးထောင် ဖြစ်နေပါတယ်။ ကျနော်တို့လည်း အထဲမှာ နေရာမရဘူး ခင်ဗျ။ အထဲမှာ သံဃာအများစု ဖြစ်နေတယ်” ဟု ကိုမိုးထက်နေ က ပြောသည်။
အခမ်းအနားသို့ ရွှေဝါရောင် ဦးဆောင် သံဃာတော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရ (လူအမည် ကိုလှိုင်ဘွား ခေါ် ကိုညီညီလွင်)လည်း တက်ရောက်လာပြီး ၎င်း၏ ပြောစကားအား လူအများအပြား နှစ်သက်ကြကြောင်း ကိုမိုးထက်နေ က ပြောသည်။
“ရွှေဝါရောင်တော်လှန်ရေးဟာ မမေ့ကောင်း မမေ့အပ်တဲ့ အရာဖြစ်တယ်။ ဓမ္မနဲ့ အဓမ္မ ဆိုတဲ့ လက္ခဏာဟာ အခုအချိန်အထိ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မသိရသေးဘူး။ ကျနော်လည်း အဲဒီစကားကို အကြိုက်ဆုံးပဲ” ဟု ဆိုသည်။
ထို့ပြင် “ဒီကနေ့ အခြေအနေတွေ ရောက်လာအောင် တွန်းပေးလိုက်တဲ့ ဖြစ်စဉ်ဖြစ်တယ်။ အညတရ အသက်ပေး သွားတဲ့ သံဃာတွေ အများကြီး ရှိခဲ့တယ်” ဟု ကိုမိုးထက်နေ က ဆိုသည်။
ဗုဒ္ဓဟူးနေ့က ကျင်းပသည့် အဆိုပါ အခမ်းအနားသို့ မန္တလေး အခြေစိုက် လူမှုရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ဗကသ ကျောင်းသားများ၊ ၈၈ ကျောင်းသား များလည်း တက်ရောက်ကြောင်း သိရသည်။
၁၉၉ဝ ခုနှစ်က တကြိမ် အစိုးရ လက်နက်ကိုင်အဖွဲ့ဝင်များအား သံဃာတော်များက သပိတ်မှောက်ကံဆောင်မှု ပထမအကြိမ်ပြုလုပ်ခဲ့ပြီး ၂ဝဝ၇ ခုနှစ်တွင်လည်း ထပ်မံ ကံဆောင်ခဲ့ရာ ထို ကံဆောင်မှု နှစ်ရပ်လုံး တရားဝင် သပိတ်မလှန်ရသေးပေ။
“ဦးဇင်းတွေကို လျှောက်ကြည့်တော့ အဲဒီဟာက အခုအချိန်ထိ မလှန်ရသေးဘူးလို့ နားလည်ပါတယ်။ သံဃာထု အပေါ် ထိပါးတယ်။ သံဃာထုကို စော်ကားတယ်၊ ဒီအပြစ်အပေါ်မှာ သပိတ်မှောက်ထားတာ ဖြစ်တယ်။ အပြစ်ရှိတဲ့ သူက ဒီအပြစ်ကို ကျူးလွန်မိတယ်၊ မှားပါတယ်ဆိုတဲ့ အကြောင်းဝန်ခံရမယ်။ ဒါကိုမှ သံဃာထု သဘောတူညီချက်နဲ့ ဒီဟာကို ခွင့်လွှတ်ပါတယ်ဆိုမှ ပတ္တနိက္ကုဇန ကံဆောင်ခြင်းကို ပယ်ဖျက်လို့ရမယ်လို့ နားလည်ထားပါတယ်” ဟု ဆိုသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာ့ ဒီမိုကရေစီ အင်အားစုများကလည်း ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ရွှေဝါရောင်
တော်လှန်ရေး ၅ နှစ်မြောက် ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ကြသည်။
၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလအတွင်းက သံဃာတော်များ၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို စစ်အစိုးရက ပစ်ခတ် ရိုက်နှက် နှိမ်နင်း၍ အနည်းဆုံး ရဟန်းရှင်လူ ၃၁ ဦး သေဆုံးခဲ့ရပြီး အများအပြား ဖမ်းဆီးထောင်ချခံခဲ့ရသည်။
အဆိုပါ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီးသည် ၈၈၈၈ လူထုအုံကြွမှု နောက်ပိုင်းတွင် အကြီးမားဆုံး လှုပ်ရှားမှုကြီးဖြစ်သည်။