မြန်မာနိုင်ငံမှ ခိုးဝင်သူ ၁၂၃ ဦး ဘင်္ဂလာက ပြန်ပို့၊ မြန်မာနယ်စပ် အထိန်းအကွပ်မရှိ ဖြစ်နေဆဲ

မြန်မာနိုင်ငံမှ ခိုးဝင်သူ ၁၂၃ ဦး ဘင်္ဂလာက ပြန်ပို့၊ မြန်မာနယ်စပ် အထိန်းအကွပ်မရှိ ဖြစ်နေဆဲ
by -
နိရဥ္စရာ

ယခုတလောတွင် မြန်မာနိုင်ငံမှ ဘင်္ဂလာဒေချ့်နိုင်ငံသို့ ခိုးဝင်လာသူများကို ပြန်ပို့နေရာ လွန်ခဲ့သော တနင်္လာနေ့ နေ့လည်ပိုင်းက လူပေါင်း ၁၂၃ ဦးကို ဘင်္ဂလာဒေချ့် ဘက်မှ မြန်မာသို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု ဘင်္ဂလာဒေချ့် အာဏာပိုင်များက ပြောသည်။

Border-Myanmar-Bangladesh

သူတို့မှာ မြန်မာဘက်က မွတ်ဆလင်များ ဖြစ်ကြပြီး နယ်စပ် ဖြတ်ကျော်လမ်းများမှ တဆင့် ဘင်္ဂလာဒေချ့်သို့ စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် ခိုးဝင်လာစဉ် ဖမ်းဆီးရမိသူများ  ဖြစ်သည်ဟု ကော့စ်ဘဇား အခြေစိုက် အမှတ် (၁၇) BGB တပ်ရင်း တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး Md Khalekuzzaman က သတင်းထောက်များသို့ ပြောသည်။

ဖမ်းဆီးပြန်ပို့ခံရသူများ အထဲမှ ၃၂ ဦးကို ဘင်္ဂလာနယ်ခြားစောင့် တပ်ဖွဲ့က ကင်းလှည့်နေစဉ် အိုကီးယားမြို့နယ် ခေါင်းတုံးတွင် တနင်္ဂနွေနေ့ နံနက်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ထိုအထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များ ပါ၀င်သည်ဟု သူက ဆိုသည်။

အိုကီးယားမြို့နယ်မှာ မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ဆက်စပ်နေပြီး နတ်မြစ် အထက်ပိုင်းတွင် တည်ရှိသော ဘင်္ဂလာဒေချ့်က မြို့နယ် တစ်ခုဖြစ်သည်။ ခေါင်းတုံးသည် မြန်မာနှင့် ဘင်္ဂလာဒေချ့် အကြား ဖေါက်လုပ်ရန် သဘောတူညီမူ ရထားသည့် ချစ်ကြည်ရေး တံတားထိုးရန် သတ်မှတ် ထားသော နေရာဖြစ်ပြီး ခေါင်းတုံးနှင့် မျက်နာချင်းဆိုင်တွင်  နတ်မြစ် တဘက်ကမ်းတွင် တောင်ပြို မြို့နယ်ခွဲ တည်ရှိသည်။

အလားတူ လူပေါင်း ၁၆ ဦးပါ၀င်သည့် အုပ်စုတစ်ခုကိုလည်း တနင်္လာနေ့ နံနက်တွင် အဆိုပါ ဒေသမှပင် ဖမ်းဆီးမိခဲ့သည်ဟု ဒုတိယ ဗိုလ်မှူးကြီးက ပြောသည်။

ကျန်သူများအထဲမှ ၅၀ ဦးကို နတ်မြစ်ဝတွင် တည်ရှိသော ဆင််မဖြူကျွန်း (ဘင်္ဂလီ အခေါ် ဆာပိုရီဒွီချ် Sahporidwip) မှ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ ဆင်မဖြူကျွန်းမှာ အင်္ဂလိပ်နှင့် မြန်မာ သူပိုင်ကိုယ်ပိုင် အငြင်းပွားရာမှ အင်္ဂလိပ်-  မြန်မာ ပထမ စစ်ပွဲကို ဖြစ်စေခဲ့သောကျွန်းဖြစ်သည်။

တခြား ခိုးဝင်လာသူ ၈ ဦးမှာ ဟွေကျောင်း စစ်ဆေးရေးဂိတ်မှ ဖမ်းမိခြင်းပြီး တစ်ခြား ၁၇ ဦးကို မြန်မာနှင့် ဘင်္ဂလာဒေချ့်ကို နယ်စပ်မျဉ်း အဖြစ် ပိုင်း ခြားထားသော နတ်မြစ်ကို ဖြတ်ပြီး မော်တော် ဘုတ်များဖြင့် ခိုးဝင်လာစဉ် ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးမိသူများအား ဘင်္ဂလာဒေချ့် တာဝန်ရှိသူများက မြန်မာသို့ ပြန်ပို့ရာတွင် မြန်မာ နယ်စပ် လုံခြံုရေး တပ်ဖွဲ့ဝင်များသို့ တရားဝင် လွှဲပြောင််းပေးခြင်း မရှိဘဲ နယ်စပ်လမ်းများမှ တဆင့် ကိုယ့်အစီအစဉ်နှင့် ကိုယ် ပြန်သွားရန် ပို့ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

သို့အတွက် ပြန်ပို့ခံရသူများမှာ မြန်မာနိုင်ငံသား ဟုတ်မဟုတ်ကို မြန်မာ နယ်စပ် အရာရှိများ အနေဖြင့် ဆန်းစစ်နိုင်ခြင်း မရှိကြောင်း သိရသည်။

ဘင်္ဂလာဒေချ့်ဘက်မှ နေ့စဉ်နေ့တိုင်း မြန်မာနိုင်ငံမှ ခိုးဝင်သူများကို မြန်မာဘက်သို့  ပြန်ပို့ နေသော်လည်း မြန်မာ နယ်စပ် လုံခြံုရေး တပ်ဖွဲ့ဝင်များက တစ်ဦး တစ်ယောက်ကိုမှ ဖမ်းမိသည်ဟု မကြားရပါကြောင်း၊ ဖမ်းမိလျှင်လည်း သူတို့ထံမှ ငွေယူပြီး ပြန်လည် လွှတ်ပေးလေ့ရှိပါကြောင်း မောင်တော မြောက်ပိုင်း တောင်ပြိုဒေသခံ ကျေးရွာသား တစ်ဦးက ပြောသည်။

မြန်မာ နယ်စပ်တလျှောက်တွင် သံဆူးကြိုးများ ကာရံထားပြီး နစကခေါ် နယ်စပ် လုံခြံုရေး တပ်ဖွဲ့ဝင်များက လုံခြံုရေး ယူထားသော်လည်း ယခုကဲ့သို့ တရားမဝင် တံခါးမရှိ ဓါးမရှိ ၀င်ထွက် သွားလာနေကြသည်ကို ယခုအချိန်ထိ တစ်စုံတစ်ရာ တားဆီးနိုင်ခြင်း မရှိဘဲ ဖြစ်နေသဖြင့် မြန်မာ အနောက်ဘက် နယ်စပ်မှာ အမှန်တကယ် ကျိုးပေါက်နေသလားဆိုသည်ကို နိုင်ငံတော် အစိုးရမှ  အမြန် သုံးသပ် ဆန်းစစ်ရန် လိုအပ်နေကြောင်း နယ်စပ်နေ နိုင်ငံရေး သမားများက သုံးသပ် ပြောဆို နေကြသည်ဟု သိရသည်။

Most read this week